အကောင့်ဝင်ရန် / မှတ်ပုံတင်ရန်

ABOUT MYANTRADE

အမျိုးသားပို့ကုန်မဟာဗျူဟာ

အမျိုးသားပို့ကုန်မဟာဗျူဟာ (National Export Strategy-NES)

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပို့ကုန်မြှင့်တင်ရေးမူဝါဒ၏ အဓိကအခန်းကဏ္ဍအဖြစ် အမျိုးသားပို့ကုန်မဟာဗျူဟာ (National Export Strategy-NES) ကို ၂၀၁၃ ခုနှစ်တွင် စတင်ရေးဆွဲခဲ့ပါသည်။ အမျိုးသားပို့ကုန်မဟာဗျူဟာကို ပို့ကုန်အမယ်စုံတင်ပို့နိုင်ရေးအတွက် စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများ တွင် တီထွင်ဆန်းသစ်မှုနှင့် နည်းပညာမြှင့်တင်ဆောင်ရွက်ခြင်းတို့ဖြင့် ဟန်ချက်ညီစွာဖွံ့ဖြိုးတိုးတက်စေရေး ဦးတည်ဆောင်ရွက်မည်ဖြစ်ပါသည်။

မျှော်မှန်းချက် (Vision)

       “ထွန်းသစ်စမြန်မာနိုင်ငံအတွက် ပို့ကုန်ဦးဆောင်သည့် စဉ်ဆက်မပြတ် တိုးတက်မှုနှင့် ကြွယ်ဝမှုဆီသို့” (Sustainable Export-Led Growth and Prosperity for Emerging Myanmar)

ဦးတည်ချက်များ (Objectives)

  • မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းများ၏ ပို့ကုန်များတိုးမြှင့်တင်ပို့နိုင်ရေးအတွက် တီထွင်ဆန်းသစ် ခြင်းနှင့် တန်ဖိုးမြှင့်ထုတ်လုပ်ခြင်းတို့ကို မြှင့်တင်ဆောင်ရွက်ရန်။ (Stimulate agricultural export product diversification, innovation and value added production.)
  • လုပ်သာကိုင်သာရှိသော အဖွဲ့အစည်းနှင့် စည်းမျဉ်းမူဘောင်များဆိုင်ရာ ပတ်ဝန်းကျင် ကောင်းတစ်ခု ဖော်ဆောင်ရန်။ (Foster an enabling institutional and regulatory environment.)
  • ထုတ်လုပ်မှု စွမ်းဆောင်ရည်များတိုးချဲ့ခြင်းနှင့် တန်ဖိုးမြှင့်ပို့ကုန်များ တိုးတက်စေရန်။ (Expand productive capacities and develop higher value-added exports.)

အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၁၅-၂၀၁၉)

၁။      အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၁၅-၂၀၁၉) ကို ဂျာမဏီနိုင်ငံ GIZ ၏ အထောက်အပံ့နှင့် နိုင်ငံတကာ ကုန်သွယ်မှုဗဟိုဌာန (ITC) ၏ နည်းပညာအကူအညီဖြင့် ဦးစားပေးကဏ္ဍ (၇) ခုနှင့် အထောက်အကူပြုကဏ္ဍ (၄) ခု တို့ကို ရွေးချယ်၍ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။

၂။   အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၁၅-၂၀၁၉) တွင် ရွေးချယ်ဆောင်ရွက်ခဲ့သော ကဏ္ဍများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

(က)  ဦးစားပေးကဏ္ဍများ

        (၁)    ဆန်စပါးကဏ္ဍ (Rice)

        (၂)    ပဲမျိုးစုံနှင့်ဆီထွက်သီးနှံကဏ္ဍ (Pulses and Oil Seeds)

        (၃)    ရေထွက်ကုန်လုပ်ငန်းကဏ္ဍ (Fisheries)

        (၄)    အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ (Textile and Garment)

        (၅)    သစ်တောထွက်ပစ္စည်းကဏ္ဍ (Forestry)

        (၆)    ရော်ဘာလုပ်ငန်းကဏ္ဍ (Rubber)

        (၇)    ခရီးသွားလုပ်ငန်းကဏ္ဍ (Tourism)

(ခ)    အထောက်အကူပြုကဏ္ဍများ

        (၈)    ဘဏ္ဍာရေးဝန်ဆောင်မှုများရရှိနိုင်ရေးကဏ္ဍ (Access to Finance)

        (၉)    ကုန်သွယ်မှုသတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍ (Trade Information)

        (၁၀)  အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ (Quality Management)

     (၁၁) ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးနှင့်ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍ(Trade Facilitation and Logistics)

အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅)

၃။      အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ကို ယခင် UK Department for International Development  (DFID)ယခု Foreign Commonwealth & Development Office (FCDO) ၏ ရန်ပုံငွေပံ့ပိုးမှုနှင့် နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန၏ နည်းပညာအကူအညီဖြင့် ရေးဆွဲခဲ့ပါသည်။

၄။      အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) တွင် ဆောင်ရွက်ရန် ဦးစားပေးကဏ္ဍ (၁၃) ခု နှင့် အထောက် အကူပြုကဏ္ဍ (၅) ခုကို နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များနှင့်အညီ အောက်ပါအတိုင်းရွေးချယ်ခဲ့ပါသည်-

(က)    ဦးစားပေးကဏ္ဍများ (Goods)

          (၁)    ဆန်နှင့် ဆန်ထွက်ပစ္စည်းကဏ္ဍ (Rice and Rice Products Sector)

          (၂)    ပဲမျိုးစုံနှင့် ဆီထွက်သီးနှံကဏ္ဍ (Pulses & Oilseeds Sector)

          (၃)    ရေထွက်ကုန်လုပ်ငန်းကဏ္ဍ (Fishery Sector)

          (၄)    ရော်ဘာလုပ်ငန်းကဏ္ဍ (Rubber Sector)

          (၅)    အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ (Textile & Garments Sector)

          (၆)    စားသောက်ကုန်ပြုပြင်ထုတ်လုပ်ခြင်းကဏ္ဍ (Food Processing Sector)

          (၇)    သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကဏ္ဍ (Fresh Fruits and Vegetables Sector)

          (၈)    သစ်တောထွက်ပစ္စည်းကဏ္ဍ (Forestry Products Sector)

          (၉)    လျှပ်စစ်နှင့် အီလက်ထရောနစ်စက်ပစ္စည်းကဏ္ဍ(Electrical & Electronic  Machinery Sector)

          (၁၀)  ကျောက်မျက်နှင့်လက်ဝတ်ရတနာကဏ္ဍ(Gems and Jewellery Sector)

          (၁၁) လက်မှုအနုပညာပစ္စည်းကဏ္ဍ (Handicrafts Sector)

( ခ)    ဦးစားပေးကဏ္ဍများ (Services)

          (၁၂)  ခရီးသွားလုပ်ငန်းကဏ္ဍ (Tourism Sector)

          (၁၃)  ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ (Digital Products and Services)

( ဂ)    အထောက်အကူပြုကဏ္ဍများ (Trade Support Function)

          (၁၄)  ဘဏ္ဍာရေးဝန်ဆောင်မှုများရရှိနိုင်ရေးကဏ္ဍ (Access to Finance Sector)

          (၁၅)  ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍ (Logistics Services Sector)

          (၁၆)  အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ (Quality Management Sector)

          (၁၇)  ကုန်သွယ်မှုသတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍ (Trade Information Sector)

      (၁၈)  တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင်ဆောင်ရွက်ခြင်းကဏ္ဍ(Innovation and  Entrepreneurship Sector)  

၅။      အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) တွင် အကောင်အထည်ဖော်မည့်ကဏ္ဍ (၁၈)ခု အနက် ကဏ္ဍ (၁၄) ခု၏လုပ်ငန်းစီမံချက် (PoAs) များနှင့် ပင်မလုပ်ငန်းစီမံချက် (Master PoA) များကို နိုင်ငံတကာကုန်သွယ်မှု ဗဟိုဌာန၏ နည်းပညာအကူအညီဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် အစိုးရဌာနများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များပါဝင်ပြီး Stakeholder Consultations များကို ၂၀၁၉ ခုနှစ်အတွင်း သုံးကြိမ်ကျင်းပပြုလုပ်ပြီး ရေးဆွဲခဲ့ပါသည်။

၆။      ထို့အပြင် ၂၀၂၀ ပြည့်နှစ်အတွင်းမန္တလေး၊မော်လမြိုင်၊ ထားဝယ်နှင့် မြိတ်မြို့တို့တွင် တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် အမျိုးသားပို့ကုန်မဟာဗျူဟာလုပ်ငန်းစီမံချက်များတွင် ထည့်သွင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲများကို နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာနမှ ကျွမ်းကျင်ပညာရှင်များနှင့်အတူ ဆောင်ရွက်ခဲ့ပါသည်။

၇။      အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ဆောင်ရွက်မည့် ပင်မလုပ်ငန်းစီမံချက်နှင့် ကဏ္ဍ (၁၄) ခု၏ လုပ်ငန်းစီမံချက်များအား  စီးပွားရေးရာ ကော်မတီ၏ ၉/၂၀၂၁ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး ၁/၂၀၂၂ ကြိမ်မြောက် အစည်းအဝေးများမှ အတည်ပြုပြီး ဖြစ်ပါသည်။

၈။     အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) တွင် လုပ်ငန်းစီမံချက်ရေးဆွဲရန်ကျန်ရှိသည့် ကဏ္ဍများအနက်မှ ကျောက်မျက်နှင့် လက်ဝတ်ရတနာကဏ္ဍနှင့် လက်မှုအနုပညာပစ္စည်းကဏ္ဍတို့အတွက် အသေးစိတ်လုပ်ငန်း စီမံချက်များကို မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တို့မှ သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းရေးဆွဲခဲ့ပြီးဖြစ်၍ ဆက်လက်အကောင်အထည်ဖော်နိုင် ရန်အတွက် စီးပွားရေးရာကော်မတီနှင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြအတည်ပြုချက်ရယူ ဆောင်ရွက်သွား မည်ဖြစ်ပါသည်။ ခရီးသွားလုပ်ငန်းကဏ္ဍနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုများရရှိနိုင်ရေးကဏ္ဍများအတွက် လုပ်ငန်းစီမံ ချက်များကို သီးခြားရေးဆွဲခြင်းမပြုဘဲ သက်ဆိုင်ရာဌာနများက ရေးဆွဲအကောင်အထည်ဖော်လျက်ရှိသည့် ပင်မ လုပ်ငန်းစီမံချက်များတွင် ထည့်သွင်းအကောင်အထည်ဖော်သွားမည်ဖြစ်ပါသည်။

၉။      အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ရှိ ကဏ္ဍများအလိုက် လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များအား အတည်ပြုပြီးနောက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် ၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလမှ ဧပြီလအထိ ကဏ္ဍတစ်ခုချင်းအလိုက်ညှိနှိုင်းသည့် အစည်းအဝေးများကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ ဦးဆောင်၍ သက်ဆိုင်ရာဝန်ကြီးဌာန/အသင်းအဖွဲ့များ နှင့် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးများတွင် ကဏ္ဍများအလိုက်ကော်မတီအဖွဲ့ဝင် အမည်စာရင်းများနှင့် လုပ်ငန်းစီမံချက်များ (Plan of Actions - PoAs) ပါ လုပ်ငန်းစဉ်များ၏ ဆောင်ရွက်မည့် အချိန်ကာလများကို Update ပြုလုပ်ခြင်း၊ PoAs ပါလုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော်ဆောင် ရွက်နိုင်မည့် အစီအစဉ်များစသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။

၁၀။        အစည်းအဝေးများတွင် ဆွေးနွေးရရှိခဲ့မှုများအရ ကဏ္ဍအလိုက်ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီများကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဖွဲ့စည်းမိန့်ကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၁၂) ရက်နေ့တွင် ထုတ်ပြန်၍ သက်ဆိုင်ရာများသို့ ဖြန့်ဝေခဲ့ပြီးဖြစ်ပါသည်။

၁၁။     အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ဒုတိယအကြိမ် ကဏ္ဍတစ်ခုချင်းအလိုက် ညှိနှိုင်းသည့် အစည်းအဝေးများကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလနှင့် အောက်တိုဘာလများအတွင်း ကျင်းပပြုလုပ်ခဲ့ပြီး ကဏ္ ဍအလိုက် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီများတွင်ပါဝင်သည့် အဖွဲ့ဝင်များ၏ အမည်စာရင်းကို ပြန်လည် Update ပြုလုပ်ခြင်း၊ PoAs ပါ လုပ်ငန်းစဉ်များအနက် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက် နိုင်မည့် အစီအစဉ်များ၊ အချိန်ကာလ ထပ်မံတိုးမြှင့်ဆောင်ရွက်ရန် လိုအပ်မည့်လုပ်ငန်းစဉ်များ စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။

၁၂။    ဦးစားပေးပို့ကုန်ကဏ္ဍများအလိုက် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး အထောက်အကူပြုနိုင်ရန်အတွက် ကဏ္ဍ အလိုက် လုပ်ငန်းစီမံချက်များပါ လုပ်ငန်းစဉ်တစ်ခုချင်းစီကို ဦးဆောင်အကောင်အထည်ဖော်သည့်ဌာနများက နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်ထည့်သွင်း တောင်းခံခြင်းနှင့် Project Proposal များ ပြင်ဆင်ရေးဆွဲပြီး ဖွံ့ဖြိုးမှုမိတ်ဖက်များထံမှ ရန်ပုံငွေအထောက်အပံ့ ရရှိအောင် တင်ပြဆောင်ရွက်သွားမည်ဖြစ်သည်။

ပို့ကုန်မဟာဗျူဟာရေးဆွဲရန် ကျန်ရှိနေသေးသည့်ကဏ္ဍများ

   အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) တွင် ပို့ကုန်မဟာဗျူဟာရေးဆွဲရန် ကျန်ရှိနေသေးသည့် ကဏ္ဍများမှာ-

  • ကျောက်မျက်နှင့် လက်ဝတ်ရတနာကဏ္ဍ (Gems and Jewellery)
  • လက်မှုအနုပညာပစ္စည်းကဏ္ဍ (Handicrafts)
  • ခရီးသွားလုပ်ငန်းကဏ္ဍ (Tourism)
  • ဘဏ္ဍာရေး ဝန်ဆောင်မှုများရရှိနိုင်ရေးကဏ္ဍ (Access to Finance)

      အဆိုပါကဏ္ဍများအနက် ကျောက်မျက်နှင့် လက်ဝတ်ရတနာကဏ္ဍနှင့် လက်မှုအနုပညာပစ္စည်းကဏ္ဍတို့မှာ သက်ဆိုင်ရာဌာနများ နှင့်အသင်းအဖွဲ့များ ဆွေးနွေးညှိနှိုင်း၍ PoA (မူကြမ်း) ရေးဆွဲပြီးဖြစ်ပါသည်။ ခရီးသွား လုပ်ငန်းကဏ္ဍ၊ ဘဏ္ဍာရေး ဝန်ဆောင်မှုများ ရရှိနိုင်ရေးကဏ္ဍတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်လျက် ရှိပါသည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်ရာတွင် သုံးစွဲမည့်အသုံးစရိတ်

       ဦးစားပေးကဏ္ဍများအလိုက် မျှော်မှန်းချက်၊ ဦးတည်ချက်များအရ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်ပါ လုပ်ငန်းတစ်ခုချင်းစီအတွက် အောက်ပါအတိုင်း ဆောင်ရွက် မည် ဖြစ်ပါသည်-

  • နိုင်ငံတော်၏ ဘတ်ဂျတ်ရန်ပုံငွေမှ တိုက်ရိုက်တင်ပြတောင်းခံသုံးစွဲခြင်း။
  • ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် အကောင်အထည်ဖေါ်ဆောင်ရွက်ခြင်း။
  • အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။ (PPP)
  • နိုင်ငံတကာအလှူရှင်များ၏ ကူညီထောက်ပံ့မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။ (Donor Assistance)

အမျိုးသားပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်မှု

    အမျိုးသားပို့ကုန်မဟာဗျူဟာ ကဏ္ဍ (၁၈) ခုအတွက် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီများကို သက်ဆိုင်ရာ ကဏ္ဍများ၏ ညွှန်ကြားရေးမှူးချုပ်များ ဦးဆောင်၍ ဖွဲ့စည်းထားပြီးဖြစ်ပါသည်။

 အမျိုးသားပို့ကုန်မဟာဗျူဟာကို အကောင်အထည်ဖော်မှုကို အရှိန်မြှင့်တင်ဆောင်ရွက်နိုင်ရန် ဦးစားပေး ကဏ္ဍများ၏ လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များကို သက်ဆိုင်ရာအစိုးရဌာန၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် ညှိနှိုင်းပူးပေါင်းအကောင်အထည်ဖော်ခြင်း၊ အစိုးရ-ပုဂ္ဂလိက ကဏ္ဍများအကြား ပုံမှန်တွေ့ဆုံဆွေးနွေးခြင်းနှင့် ထိရောက်စွာပူးပေါင်းဆောင်ရွက်ခြင်းများသည် အဓိကလိုအပ်သော အချက်များဖြစ်ပါသည်။     

အမျိုးသားပို့ကုန်မဟာဗျူဟာစီမံခန့်ခွဲမှုယူနစ် (NES Management Unit)

    အမျိုးသားပို့ကုန်မဟာဗျူဟာကို အကောင်အထည်ဖော်မှုတွင် ထိရောက်စွာ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ပေး နိုင်ရန် အမျိုးသားပို့ကုန်မဟာဗျူဟာ စီမံခန့်ခွဲမှုယူနစ်(NES Management Unit) ကို မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့တွင် ဖွဲ့စည်းထားရှိပါသည်။ စီမံခန့်ခွဲမှုယူနစ်သည် အမျိုးသားပို့ကုန်မဟာဗျူဟာကဏ္ဍအလိုက် လုပ်ငန်း စဉ်များ၏ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကိုပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ အစီရင်ခံ တင်ပြခြင်းနှင့် ဆောင်ရွက်ရမည့်လုပ်ငန်း အစီအစဉ်များ ရေးဆွဲခြင်းတို့ကို တာဝန်ယူဆောင်ရွက်လျက် ရှိပါသည်။

     အမျိုးသားပို့ကုန်မဟာဗျူဟာဆိုင်ရာလုပ်ငန်းရပ်များနှင့် ပတ်သက်၍ NES Management Unit ၏ ဖုန်းနံပါတ် ၀၆၇ ၄၀၈၄၉၅, ၀၆၇ ၄၀၈၄၂၄ နှင့် အီးမေးလ်၊ [email protected] သို့ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ-NES 2020-2025 Cover Notes ( Myanmar Version)