Korea

Novel Coronavirus နှင့် ကိုရီးယားသမ္မတနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် စီးပွားရေးအလားအလာအခြေအနေ

Last Updated:

အာရှဒေသ၏ စတုတ္ထမြောက်စီးပွားရေးအင်အားကြီးနိုင်ငံတစ်ခုဖြစ်သည့် ကိုရီးယားသမ္မတနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ရက်၂၀ အတွင်း အကောက်ခွန်ဝန်ဆောင်မှုဌာနမှသိရှိရသော ကုန်သွယ်မှုသတင်းအချက်အလက်များအရ ပို့ကုန်တွင် Chips ပြားများနှင့် မော်တော်ယာဉ်အစိတ်အပိုင်းများ တိုးတက်တင်ပို့နိုင်ခဲ့မှုကြောင့် အမေရိကန်ဒေါ်လာ ၂၆.၃ ဘီလီယံ တင်ပို့နိုင်ခဲ့ပြီး၊ ယခင်နှစ်ကာလတူထက် ၁၂.၄ ရာခိုင်နှုန်းတိုးတက်ခဲ့သော်လည်း နေ့စဉ် ပျှမ်းမျှတင်ပို့နိုင်မှုအရမူ ယခင်နှစ်ကာလတူထက် ၉.၃ ရာခိုင်နှုန်းလျော့ကျခဲ့ပြီး၊ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်သော တရုတ်နိုင်ငံသို့နေ့စဉ် ပျှမ်းမျှတင်ပို့နိုင်မှုတွင် ၃.၇ ရာခိုင်နှုန်းလျော့နည်းခဲ့ကြောင်း၊ အလားတူတရုတ်နိုင်ငံမှ တင်သွင်းမှုတွင်လည်း ၁၉ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း သိရှိရပါသည်။ 

၂၀၂၀ ပြည့်နှစ် ‌ ဖေဖော်ဝါရီလ ၁ ရက်မှ ၁၀ ရက်အတွင်း ပို့ကုန်တိုးတက်တင်ပို့နိုင်မှုအခြေအနေသည် ၆၉.၄ ရာခိုင်နှုန်းထိ တိုးတက်ကောင်းမွန်ခဲ့သည့်အတွက် နိုင်ငံ၏ပို့ကုန်တိုးတက်ရန် မျှော်လင့်ချက်ရောင်ခြည်သန်းခဲ့သော ကိုရီးယားသမ္မတနိုင်ငံသည် ဖေဖော်ဝါရီလ(၁၈)ရက်နေ့မှစ၍ Novel Coronavirus (COVID_19) ၏ပြန့်ပွားမှုနှုန်းသည် မမျှော်လင့်ဘဲ ရုတ်တရက်တိုးမြင့်လာခဲ့ကာ၊ အဆိုပါဗိုင်းရပ်စ် စတင် ဖြစ်ပွားရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံပြီးလျှင် ဒုတိယအများဆုံးနိုင်ငံအဖြစ်သို့ရောက်ရှိခဲ့ပြီး၊ ပြည်သူလူထု ၏စိုးရိမ်မှုသည်လည်း မြင့်တက်လျက်ရှိပါသည်။

ကိုရီးယားသမ္မတနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ၁၄:၀၀ နာရီအထိ ထုတ်ပြန်ထားသောစာရင်းများအရ ကူးစက်ခံရကြောင်း အတည်ပြုပြီးသူ (၂,၀၂၂) ဦး၊ စစ်ဆေးဆဲ (၂၄,၇၅၁) ဦး၊ သံသယရှိသူ (၆၈,၉၁၈)ဦး၊ စစ်ဆေးပြီး၍ ပိုးမတွေ့ ရှိသူ (၄၄,၁၆၇) ဦး၊ သေဆုံးသူ (၁၃) ဦးနှင့် ရောဂါပျောက်ကင်းသူ (၂၆) ဦး ဖြစ်ကြောင်း သိရှိရပါသည်။ ရောဂါကူးစက်သူဦးရေအနေဖြင့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ တစ်ရက်တည်းတွင်ပင် (၅၀၅) ဦး နှင့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင်  (၂၅၆) ဦး အသီးသီး ထပ်မံတိုးတက်လာခဲ့ခြင်းဖြစ်ပါသည်။ ကိုရီးယားသမ္မတနိုင်ငံသည် ဆေးပညာတွင်ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အလျောက် ခေတ်မီသော ဓါတ်ခွဲခန်း၊ ကျန်းမာရေးစစ်ဆေးမှုနည်းစနစ်များနှင့် ပြည့်စုံသည် ဖြစ်ရာရောဂါပိုးရှိ/မရှိကို တစ်ရက် လျှင်လူဦးရေ (၁၅၀,၀၀) အထိ ဓါတ်ခွဲစစ်ဆေးနိုင်ပြီး ၂၈-၂-၂၀၂၀ ရက်နေ့ နံနက်အထိ လူဦးရေ ၇၀၀၀၀ ကျော်ကို စစ်ဆေးပြီးဖြစ်ကြောင်း၊ အခြားသောနိုင်ငံများမှ တစ်နေ့လျှင် လူဦးရေ (၂,၀၀၀) ဝန်းကျင်သာ စစ်ဆေးနိုင်ချိန်တွင် ကိုရီးယားသမ္မတ နိုင်ငံသည် (၁၅,၀၀၀) ခန့်အထိစစ်ဆေးနိုင်သည့်အတွက် စစ်ဆေးတွေ့ရှိမှုလျှင်မြန်ပြီး အချိန်တိုအတွင်း ကိန်းဂဏန်းအရများပြားနေခြင်း ဖြစ်ပါကြောင်း ပြောရေးဆိုခွင့်ရှိသည့် အစိုးရအာဏာပိုင်များ၏ ထုတ်ဖော်ရှင်းလင်းပြောကြားချက်အရ သိရှိရပါသည်။

ကူးစက်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာတာဝန်ရှိသူများအနေဖြင့် သတင်းအချက်အလက်များကို ပွင့်လင်းမြင်သာစွာ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိပြီး၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့်ရောဂါကူးစက်ခြင်းမှ ကာကွယ်ရန် လိုက်နာရ မည့်အချက်အလက်များကိုလည်း ပြည်သူများသိရှိစေရန် မီဒီယာများမှတစ်ဆင့် အသိပညာပေးလျက်ရှိပါသည်။ ရောဂါကာကွယ်ရေးအတွက် အသုံးပြုရသည့် Face Mask များ ကုန်စည်ပြတ်လပ်မှုများဖြစ်ပေါ်ခဲ့သည့်အတွက် ၂၆-၂-၂၀၂၀ ရက်နေ့ မှစ၍   ၃၀-၄-၂၀၂၀ ရက်နေ့အထိ ပြည်ပသို့တင်ပို့မှုအား ထုတ်လုပ်မှု၏ ၁၀ ရာခိုင်နှုန်းကိုသာ တင်ပို့ခွင့်ပြုသွားမည်ဖြစ်ကြောင်း အစိုးရမှကြေငြာခဲ့ပါသည်။ အရောင်းဆိုင်များတွင် Face Mask များအား ၂၇-၂-၂၀၂၀ ရက်နေ့တွင် ထပ်မံဖြည့်တင်းပေးခဲ့ကာ၊ ထုတ်လုပ်သူများအနေဖြင့် နေ့စဉ်ထုတ်လုပ်မှု၊ ရောင်းချမှုနှင့် ရောင်းချသည့် စျေးနှုန်းအချက်အလက်များကို အစိုးရ၏သက်ဆိုင်ရာဌာနသို့ နေ့စဉ်သတင်းပို့တင်ပြရန် ညွှန်ကြားထားကြောင်း သိရှိရပါသည်။

ကိုရီးယားသမ္မတနိုင်ငံအတွင်း ရောဂါကူးစက်မှုရှိသည့်နေရာများအား လိုအပ်သည့်ရောဂါထိန်းချုပ်မှုဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန် ယာယီပိတ်ခြင်းမှအပ ကျန်လုပ်ငန်းရပ်များ၊ စီးပွားရေးလုပ်ငန်း များသည် ပုံမှန်လည်ပတ်လျက်ရှိပြီး၊ စက်ရုံ/ အလုပ်ရုံ အများစုအနေဖြင့်လည်း ပုံမှန်လည်ပတ်လျက် ရှိကြောင်း သိရှိရပါသည်။  သို့ရာတွင် ၂၈-၂-၂၀၂၀ ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံ၊ တောင်ပိုင်းရှိ Ulsan မြို့၌တည်ရှိသော တောင်ကိုရီးယား၏ ရောင်းအားအကောင်းဆုံး မော်တော်ယာဉ်ထုတ်လုပ်သူ ဖြစ်သည့် Hyundai Motor Co.,Ltd. ၏ Plant (2) ၌ COVID_19 ကူးစက်ခြင်းခံရသူ ဝန်ထမ်းတစ်ဦးတွေ့ရှိခဲ့သည့်အတွက် စက်ရုံအားလုပ်ငန်းများချက်ချင်းရပ်ဆိုင်းခဲ့ကာ၊ ကုမ္ပဏီ၏သက်ဆိုင်ရာ တာဝန်ရှိသူများအကြား အရေးပေါ်ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း ကုမ္ပဏီမှထုတ်ဖော်ပြောဆိုခဲ့ပါသည်။ တရုတ်နိုင်ငံတွင် COVID_19 ဖြစ်ပွားမှုကြောင့် လုပ်ငန်းများရပ်ဆိုင်းသဖြင့် တရုတ်နိုင်ငံမှ မော်တော်ယာဉ်အစိတ်အပိုင်းများ တောင်ကိုရီးယားနိုင်ငံသို့တင်သွင်းနိုင်မှုအားနည်း၍ ရှားပါး နေချိန်တွင် ဤကိစ္စရပ်သည် တောင်ကိုရီးယားမော်တော်ယာဉ်ထုတ်လုပ်သူများအတွက် နောက်ထပ်ထိုးနှက်ချက် တစ်ခုပင်ဖြစ်ပေသည်။

သမ္မတမွန်ဂျေအင်းအနေဖြင့် ကိုရီးယားသမ္မတနိုင်ငံ၏ အဆိုပါဗိုင်းရပ်ပျံ့နှံ့မှုအား အမြင့်ဆုံး အနီရောင်အရေးပေါ်အဆင့်သတ်မှတ်ထားပြီး၊ အစိုးရသည် ပြည်သူနှင့်တစ်သားတည်းရှိနေကြောင်း ပြည်သူများစိတ်ဓါတ်တက်ကြွစေရန် ရောဂါအများဆုံး ဖြစ်ပွားရာမြို့များသို့ သွားရောက်စစ်ဆေး၍ အားပေးခြင်း၊ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင်ပြုလုပ်ခဲ့သော အစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံ၏ စီးပွားရေးကိုကယ်တင်နိုင်မည့် မိမိနိုင်ငံ၏ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းရှင်များကို ကာကွယ်ကူညီနိုင်မည့် အရေးပေါ်စီးပွားရေးဆိုင်ရာမူဝါဒများချမှတ်ရန် အစိုးရအဖွဲ့အား ညွှန်ကြားခဲ့ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင်ပြုလုပ်ခဲ့သော အမျိုးသားလွှတ်တော်အစည်းအဝေးမှ ကူးစက် ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်တားဆီးရေးအက်ဥပဒေ၊ Quarantine အက်ဥပဒေနှင့် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုအက်ဥပဒေတို့ကို ပြင်ဆင်ခြင်းကို ခွင့်ပြုခဲ့ပါသည်။ ပြင်ဆင်ချက်အရ နိုင်ငံ၏ကျန်းမာရေး သတိပေးချက်အဆင့်အဝါရောင်နှင့်အထက်သတ်မှတ်လိုက်ချိန်တွင် ကလေးငယ်များနှင့်သက်ကြီးရွယ်အို များကို Facial Mask ထောက်ပံ့ပေးရန်၊ ကူးစက်ရောဂါစစ်ဆေးရန်ငြင်းဆန်သူကို ဒဏ်ငွေဝမ် ၃ သန်းအထိချမှတ်ရန်၊ ရောဂါကူးစက်ခံရသဖြင့်ဆေးရုံတက်ရန် (သို့မဟုတ်) ရောဂါကာကွယ်ထိန်းချုပ်သည့်လုပ်ငန်း စဉ်ကိုလိုက်နာရန် ငြင်းဆန်ပါကဒဏ်ငွေဝမ် ၁၀ သန်းအထိ (သို့မဟုတ်) ထောင်ဒဏ်တစ်နှစ်အထိ ချမှတ် ရန်၊ ကူးစက်ရောဂါဆိုင်ရာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် တာဝန်ယူထားသည့် ကျန်းမာရေးနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများကို လက်ရှိအရေအတွက် ၃၀ မှ ၁၀၀ သို့တိုးမြှင့်ပေးရန်တို့ ဖြစ်ပါသည်။

Bank of Korea သည် ၂၇-၂-၂၀၂၀ ရက်နေ့တွင် ပြုလုပ်ခဲ့သောငွေကြေးမူဝါဒဆိုင်ရာအစည်းအဝေး ၌အခြေခံအတိုးနှုန်း(Benchmark Interest Rate)အား ၁.၂၅ ရာခိုင်နှုန်းတွင်ပင်မပြောင်းလဲဘဲ ဆက်လက် ထားရှိခဲ့ပါသည်။ လက်ရှိဖြစ်ပေါ်လျက်ရှိသည့် COVID_19 ၏ စီးပွားရေးအပေါ် ရိုက်ခတ်မှုများကြောင့် ယခုအချိန်သည် အခြေခံအတိုးနှုန်းကိုပြောင်းလဲရန်မသင့်သေးဘဲ စောင့်ကြည့်ရမည့်အနေအထားဖြစ် ကြောင်း၊ သို့ရာတွင် ဗဟိုဘဏ် Bank of Korea အနေဖြင့် အခြေခံအတိုးနှုန်းနိမ့်ခြင်းကြောင့် ကိုရီးယား ဝမ်ငွေ နှင့် အိမ်ရာစျေးကွက်တို့တွင် တန်ဖိုးလျော့ကျခြင်းတို့ဖြစ်ပေါ်မည်ကိုလည်း စိုးရိမ်လျက်ရှိကြောင်း သိရှိရပါသည်။

ထို့အပြင်  Bank of Korea သည် ၂၀၂၀ ပြည့်နှစ်အတွက် နိုင်ငံ၏စီးပွားရေးတိုးတက်မှုနှုန်းကို မူလ ခန့်မှန်းခဲ့သည့် ရာခိုင်နှုန်းထက် ၀.၂ ရာခိုင်နှုန်းလျှော့ချ၍  ၂.၁ ရာခိုင်နှုန်းသို့ ပြောင်းလဲခန့်မှန်းခဲ့ပြီး၊ ၂၀၂၁ ခုနှစ်အတွက် စီးပွားရေး တိုးတက်မှုနှုန်းကို ၂.၄ ရာခိုင်နှုန်း ရရှိရန် ခန့်မှန်းထားကြောင်း သိရှိရပါသည်။ သို့ရာတွင် လက်ရှိဖြစ်ပေါ်လျက်ရှိသည့်အနေအထားများအရ ၂၀၂၀ ပြည့်နှစ်အတွက် စီးပွားရေးတိုးတက်မှုနှုန်းသည် ၁ ရာခိုင်နှုန်းအောက်သို့ပင် ရောက်နိုင်ကြောင်း ကမ္ဘာ့စီးပွားရေးပညာရှင်အချို့က ခန့်မှန်းထားကြပါသည်။ အဆိုပါကူးစက်ရောဂါပျံ့နှံ့မှုသည် ယခုနှစ်ကုန်သွယ်မှုကို များစွာထိခိုက်လာနိုင်သည့်အတွက် ကိုရီးယားသမ္မတနိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန် ပြည်ပတင်ပို့သူများအတွက် အတိုးနှုန်းနည်းသည့်ချေးငွေနှင့် စျေးကွက်ရှာဖွေရေး လုပ်ငန်းများတွင်ထောက်ပံ့နိုင်ရန် ၃ ဘီလီယံဝမ် (အမေရိကန်ဒေါ်လာ ၃၁၁ သန်း) သုံးစွဲသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ကိုရီးယားသမ္မတနိုင်ငံအစိုးရအနေဖြင့် လတ်လလောဖြစ်ပေါ်လျက်ရှိသည့် Novel Coronavirus ကူးစက်ရောဂါပျံ့နှံ့မှုအား ထိန်းချုပ်နိုင်ရေးနှင့် နိုင်ငံ၏စီးပွားရေးအားတည့်မတ်နိုင်ရေးတို့အတွက် လိုအပ်သည့်ဖြည့်စွက်ဘဏ္ဍာရေးခွင့်ပြုငွေများနှင့် အစီအမံများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။ 

 တရုတ်ပြည်သူ့သမ္မတနိုင်ငံမှအစပြုခဲ့သည့် Novel Coronavirus ကူးစက်ရောဂါသည် ကမ္ဘာ အရပ်ရပ်ရှိ လေကြောင်း၊ ရေကြောင်းပို့ဆောင်ရေးများမှအစပြု၍ ခရီးသွားကဏ္ဍ၊ ဖျော်ဖြေရေးအနု ပညာကဏ္ဍ၊ ကုန်စည်ထုတ်လုပ်မှု၊ ကူးသန်းရောင်းဝယ်မှုကဏ္ဍ စသည့် စီးပွားရေးကွင်းဆက်အားလုံးကို ထိခိုက်စေလာသည့်အတွက်စီးပွားရေးကပ်ဘေးတစ်ခုမဖြစ်စေရန်ဤကူးစက်ရောဂါကို ကာလတိုအတွင်း ထိန်းချုပ်နိုင်ရေးသည် ကိုရီးယားသမ္မတနိုင်ငံသာမက ကမ္ဘာအဝှမ်းရှိ လူသားအားလုံး၏မျှော်လင့်ချက် ပင်ဖြစ်ပါသည်။ ကုန်သွယ်မှုအပိုင်း၌ ပို့ကုန်ရောသွင်းကုန်ပါ တရုတ်ပြည်သူ့သမ္မတနိုင်ငံအပေါ်တွင်များစွာ မှီတည်လျက်ရှိသော ကိုရီးယားသမ္မတနိုင်ငံသည် ၂၀၂၀ ပြည့်နှစ်အတွင်း ပို့ကုန် ၃ ဆ တိုးတက်ရန် မျှော်မှန်းထားသော်လည်း လက်ရှိကြုံတွေ့ရ လျက်ရှိသည့် Novel Coronavirus ကူးစက်ရောဂါ၏ ရိုက်ခတ်မှုသည် နိုင်ငံရေး၊ စီးပွားရေးရာများတွင်ပါ သက်ရောက်မှုရှိနေသည့်အတွက် ၂၀၂၀ ပြည့်နှစ်၊ ကိုရီးယားသမ္မတနိုင်ငံ၏ စီးပွားရေးတိုးတက်မှုအခြေအနေသည် ခန့်မှန်းရန်ခက်ခဲလျက်ရှိပြီး၊ စောင့်ကြည့်ရမည့်အနေအထားဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။ 

 

မြန်မာစီးပွားရေးသံမှူး၊ ကိုရီးယားနိုင်ငံ

Reference: The Korea Times၊ Yonhap News Agency၊ Arirang News၊ Ministry of Trade Industry & Energy (MOTIE)၊ Korea Customs Services

Category: Korea