Korea

Bank of Korea မှ အခြေခံအတိုးနှုန်း (Benchmark Interest Rate) အား မပြောင်းလဲကြောင်း ဆုံးဖြတ်ခဲ့ခြင်းနှင့် စီးပွားရေးတိုးတက်မှုနှုန်း ခန့်မှန်းချက်အခြေအနေ

Last Updated:

Bank of Korea သည် ၂၇-၂-၂၀၂၀ ရက်နေ့တွင် ပြုလုပ်ခဲ့သောငွေကြေးမူဝါဒဆိုင်ရာအစည်းအဝေး ၌အခြေခံအတိုးနှုန်း (Benchmark Interest Rate) အား ၁.၂၅ ရာခိုင်နှုန်းတွင် ပင်မပြောင်းလဲဘဲ ဆက်လက်ထားရှိခဲ့ပါသည်။ လက်ရှိဖြစ်ပေါ်လျက်ရှိသည့် COVID-19 ၏ စီးပွားရေးအပေါ် ရိုက်ခတ်မှုများကြောင့် ယခုအချိန်သည် အခြေခံအတိုးနှုန်းကိုပြောင်းလဲရန်မသင့်သေးဘဲ စောင့်ကြည့်ရမည့်အနေအထားဖြစ်ကြောင်း၊ သို့ရာတွင် ဗဟိုဘဏ် Bank of Korea အနေဖြင့် အခြေခံအတိုးနှုန်းနိမ့်ခြင်းကြောင့် ကိုရီးယားဝမ်ငွေနှင့် အိမ်ရာစျေးကွက်တို့တွင် တန်ဖိုးလျော့ကျခြင်းတို့ဖြစ်ပေါ်မည်ကိုလည်း စိုးရိမ်လျက်ရှိကြောင်း သိရှိရပါသည်။

ထို့အပြင်  Bank of Korea သည် ၂၀၂၀ ပြည့်နှစ်အတွက် နိုင်ငံ၏စီးပွားရေးတိုးတက်မှုနှုန်းကို မူလ ခန့်မှန်းခဲ့သည့် ရာခိုင်နှုန်းထက် ၀.၂ ရာခိုင်နှုန်းလျှော့ချ၍  ၂.၁ ရာခိုင်နှုန်းသို့ ပြောင်းလဲခန့်မှန်းခဲ့ပြီး၊ ၂၀၂၁ ခုနှစ်အတွက် စီးပွားရေး တိုးတက်မှုနှုန်းကို ၂.၄ ရာခိုင်နှုန်း ရရှိရန် ခန့်မှန်းထားကြောင်း သိရှိရပါသည်။ သို့ရာတွင် လက်ရှိဖြစ်ပေါ်လျက်ရှိသည့်အနေအထားများအရ ၂၀၂၀ ပြည့်နှစ်အတွက် စီးပွားရေးတိုးတက်မှုနှုန်းသည် ၁ ရာခိုင်နှုန်းအောက်သို့ပင်ရောက်နိုင်ကြောင်း ကမ္ဘာ့စီးပွားရေး ပညာရှင်အချို့က ခန့်မှန်းထားကြပါသည်။ အဆိုပါကူးစက်ရောဂါပျံ့နှံ့မှုသည် ယခုနှစ်ကုန်သွယ်မှုကိုများစွာထိခိုက်လာနိုင်သည့်အတွက် ကိုရီးယားသမ္မတနိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန် ပြည်ပတင်ပို့သူများအတွက် အတိုးနှုန်းနည်းသည့်ချေးငွေနှင့် စျေးကွက်ရှာဖွေရေး လုပ်ငန်းများတွင် ထောက်ပံ့နိုင်ရန် ၃ ဘီလီယံဝမ် (အမေရိ ကန်ဒေါ်လာ ၃၁၁ သန်း) သုံးစွဲသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ ကိုရီးယားသမ္မတနိုင်ငံအစိုးရအနေဖြင့် လတ်တလောဖြစ်ပေါ်လျက်ရှိသည့် Novel Coronavirus ကူးစက်ရောဂါပျံ့နှံ့မှုအား ထိန်းချုပ်နိုင်ရေးနှင့် နိုင်ငံ၏ စီးပွားရေးအားတည့်မတ်နိုင်ရေးတို့အတွက် လိုအပ်သည့်ဖြည့်စွက်ဘဏ္ဍာရေးခွင့်ပြုငွေများနှင့် အစီအမံများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။ 

 

(မြန်မာစီးပွားရေးသံမှူး၊ ကိုရီးယားနိုင်ငံ)

Category: Korea