Belgium

အီးယူ-တရုတ် ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက် ၂၀၂၀ ပြည့်နှစ်တွင် ရရှိရေး ကိုရိုနာဗိုင်းရပ်စ်သည် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် ယခုနှစ်အတွင်း အီးယူ-တရုတ် ရင်းနှီးမြှုပ်နှံမှုသဘော တူညီချက်အား အဆုံးသတ်နိုင်ရေးမှာ အမှန်တကယ်စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်ကြောင်း၊ အဆိုပါဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် နှစ်ဘက်ညှိနှိုင်းဆွေးနွေးမှုများ ကို ဖျက်သိမ်းရမည်ဖြစ်ပြီး သဘောတူညီချက်အပြီးသတ်ရေး ပိုမိုခက်ခဲစေလိမ့်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံရှိ အီးယူကုန်သည်ကြီးများအသင်း (EU Chamber of Commerce) က သတိပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

အီးယူနှင့်တရုတ်နိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်အား ၂၀၂၀ ခုနှစ်တွင် အပြီးသတ်ရေးပြီးခဲ့သည့်နှစ်က နှစ်ဘက်သဘောတူညီခဲ့ကြခြင်းဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ်ကတည်းကစတင်၍ ညှိနှိုင်းဆွေးနွေးပွဲများ (၂၅) ကြိမ်ကျော်ရှိခဲ့ပြီဖြစ်သော် လည်း တိုးတက်မှုနှေးကွေးခြင်းနှင့်အတူ ယခုကဲ့သို့ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုသည် ယင်းသဘောတူညီချက်အဆုံးသတ်နိုင်ရေး ပိုမိုနှောင့်နှေးစေနိုင်သည့် အခြေအနေများကြုံတွေ့နေရကြောင်း သိရှိရပါသည်။

နှစ်ဘက်အကြား ကွာဟချက်များအပေါ် သဘောတူညီမှုရရှိရေးမှာ အမှန်တကယ်စိန်ခေါ်မှု တစ်ရပ်ဖြစ်လာကြောင်းနှင့် နှစ်ဘက်စလုံးအနေဖြင့် ညှိနှိုင်းဆွေးနွေးပွဲများ အတွက်ခရီးသွားလာကြမည်မဟုတ်သဖြင့် ပိုမိုခက်ခဲစေနိုင်ကြောင်း၊  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုမှာ ကြီးမားသောထိခိုက်မှုတစ်ရပ်ပင်ဖြစ်ကြောင်း တရုတ်နိုင်ငံရှိ အီးယူကုန်သည်အသင်းဥက္ကဌဖြစ်သူ Joerg Wuttke ကပြောကြားခဲ့သည်ဟုသိရှိရပါသည်။ အီးယူနှင့်တရုတ်နိုင်ငံတို့အကြားပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ဘရပ်ဆဲလ်မြို့၌ နှစ်ဘက်တွေ့ဆုံခဲ့ကြပြီး၊ နောက်တစ်ကြိမ်မျက်နှာစုံညီ အစည်းအဝေးကို လာမည့် မတ်လ ၄ ရက်နှင့် ၆ ရက်နေ့များတွင် တွေ့ဆုံရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း၊ နောက်ဆုံးအကြိမ်ဆွေးနွေးမှုတွင် ဒီဇင်ဘာလအတွင်းက အပြန်အလှန်ကမ်းလှမ်းချက်များ အပေါ်  ဆွေးနွေးခဲ့ကြပြီး ထပ်မံတိုးတက်မှုများအတွက်လည်း ကတိကဝတ်ပြုထားခဲ့ကြကြောင်း၊ အီးယူ-တရုတ် ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်ဆိုင်ရာ ဆွေးနွေးပွဲများသည် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်သည့်စည်းကမ်းချက်များ၊ စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်မှု အထူးသဖြင့် ရာသီဥတုအရေး၊ အလုပ်သမားဆိုင်ရာပြဌာန်းချက်များနှင့် အဆိုပါနယ်ပယ်တွင် မတူညီမှုများ ကို ဖြေရှင်းနိုင်ရေး ယန္တရားလုပ်ငန်းစဉ်စသည်တို့ကို အလေးထားဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း၊ တရုတ်ဒုတိယဝန်ကြီးချုပ် Liu He အနေဖြင့် စီးပွားရေးဆွေးနွေးပွဲ တက်ရောက်ရန်အတွက် ဘရပ်ဆဲလ်သို့ ဖေဖော်ဝါရီလ ၂၀-၂၁ ရက်များတွင် လာရောက်ရန် စီစဉ်ထားသော်လည်း သေချာမှုမရှိသေးကြောင်း အီးယူအရာရှိများက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

အီးယူနှင့်တရုတ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက် ညှိနှိုင်းဆွေးနွေးမှုများ၏ အခက်အခဲများနှင့်ပတ်သက်၍ ဥရောပစီးပွားရေးလုပ်ငန်းများအနေဖြင့် ရှင်းရှင်းလင်းလင်း မသိရသေးကြောင်းနှင့် ဥရောပကုမ္ပဏီလုပ်ငန်းများအနေဖြင့် ယင်းသဘော တူညီချက်ရရှိရေးကို အမှန်တကယ်လိုလားကြကြောင်း၊ သို့ရာတွင် ဂျာမနီနိုင်ငံ Leipzig ၌ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ပြုလုပ်ရန်စီစဉ်ထားသည့် အီးယူ-တရုတ် ထိပ်သီးဆွေးနွေးပွဲအမီ သဘောတူညီချက် အဆုံးသတ်နိုင်ရေးထက် ကောင်းမွန်သည့် ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်ရရှိရေးမှာ စီးပွားရေး လုပ်ငန်းများအတွက် ပို၍အရေးကြီးပါကြောင်း၊ အီးယူ၏ အဓိကတောင်းဆိုချက်များအနက်တစ်ခုဖြစ်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် အတားအဆီးများကို ဖယ်ရှားရေးတွင် တရုတ်နိုင်ငံဘက်မှ တိုးတက်မှုမရှိပါက အီးယူအနေဖြင့် ညှိနှိုင်းဆောင်ရွက်မှုမလုပ်သင့်ကြောင်း  တရုတ်နိုင်ငံရှိ အီးယူကုန်သည်အသင်းဥက္ကဌဖြစ်သူ Joerg Wuttke က ဆက်လက်ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာတစ်ဝန်းလုံးတွင် လူပေါင်း (၂၀၀၀၀) ကျော်ကို ကူးစက်မှုရှိထား ပြီး၊(၄၂၆) ဦးသေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ ဗိုင်းရပ်စ်ကြောင့် တရုတ်ကွန်မြူနစ်ပါတီက နိုင်ငံတစ်ဝန်းရှိ စက်ရုံများကိုရပ်ဆိုင်းစေခဲ့ကာ ပြည်တွင်းစားသုံးမှု အပေါ် သက်ရောက်မှုရှိခဲ့သဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးကိုလည်း အလွန်အမင်းထိခိုက်ခဲ့ကြောင်း၊ အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) က တရုတ်နိုင်ငံအတွက် တိုးတက်မှုခန့်မှန်းချက်ကို လျှော့ချခဲ့ကြောင်း၊ တရုတ်နိုင်ငံရှိ၊ အီးယူကုန်သည် အသင်းဥက္ကဌဖြစ်သူ Joerg Wuttke ၏ အဆိုအရ ကိုရိုနာဗိုင်းရပ်စ်ကြောင့်  တရုတ် နိုင်ငံ၏ တစ်နှစ်တာကာလပတ်လုံးအတွက် ကုန်ထုတ် လုပ်မှုမှာ ၆ ရာခိုင်နှုန်းအောက်သို့ ကျရောက်နိုင်သဖြင့် ၂၀၂၀ ခုနှစ်၏ ပထမသုံးလပတ်အတွင်း တရုတ်နိုင်ငံ၏ GDP တိုးတက်မှုကို ၀ ရာခိုင်နှုန်းအနီးသို့ ရောက်ရှိစေနိုင်ကြောင်း၊ သို့သော်လည်း တရုတ်နိုင်ငံအနေဖြင့် ဒုတိယနှစ်ဝက်ကာလတွင် ဆုံးရှုံးမှုများကို ပြန်လည်ကုစားနိုင်လိမ့်မည်ဟု မျှော်လင့်ရကြောင်းလည်း အဆိုပါသတင်းက ဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

ရင်းမြစ် - https://www.euractiv.com

Category: Belgium