India (Delhi)

အိန္ဒိယနိုင်ငံ၌ ၂၀၂၀-၂၀၂၁ ခုနှစ် မတ်ပဲတင်သွင်းခွင့် ခွဲတမ်းအား သွင်းကုန်လုပ်ငန်းရှင်များသို့ ခွဲဝေချထားလျက် တင်သွင်းခွင့်ပြုသည့် ကာလအား လျော့ချလိုက်ခြင်း

Last Updated:

အိန္ဒိယနိုင်ငံ၌ ကန့်သတ်တင်သွင်းကုန်စည်အဖြစ် သတ်မှတ်ထားသည့် မတ်ပဲအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် တန်ချိန် ၄ သိန်းသတ်မှတ်၍ တင်သွင်းခွင့်ပြုမည်ဖြစ်ရာ ပြည်တွင်းရှိ ပဲခွဲစက်နှင့် ပဲသန့်စင်မှုလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၀ - ၃၁ နေ့အတွင်း လျှောက်လွှာတင်သွင်းနိုင်ကြောင်း အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနရှိ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (DGFT) က ၁၉.၃.၂၀၂၀ နေ့တွင် ကုန်သွယ်ရေး အသိပေးချက် ထုတ်ပြန်ခဲ့ပါသည်။ သို့ရာတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အကျပ်အတည်းကြောင့် လျှောက်လွှာများအား ၁၅.၄.၂၀၂၀ နေ့ နောက်ဆုံးထားတင်သွင်းရန် ခွင့်ပြုခဲ့ပါသည်။

ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် မတ်ပဲတင်သွင်းရန် ခွဲတမ်းလျောက်ထားမှု ၁၆၉၇ ခုကို လက်ခံရရှိခဲ့ကြောင်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများ အထောက်အကူပြုကော်မတီ (Exim Facilitation Committee - EFC) သည် လျှောက်လွှာများအား စိစစ်ပြီး ၁၂.၅.၂၀၂၀ နေ့ကျင်းပသည့် အစည်းအဝေး၌ ကုမ္ပဏီပေါင်း ၁၆၇၁ ခုအား မတ်ပဲတန်ချိန် ၄ သိန်းတင်သွင်းရန် ကိုတာပမာဏများ ခွဲဝေချထားရန် ဆုံးဖြတ်ခဲ့ကြောင်း၊ အဆိုပါမတ်ပဲတန်ချိန် ၄ သိန်းအား မူလက ၃၁.၃.၂၀၂၁ နေ့နောက်ဆုံးထား၍ ဆိပ်ကမ်းသို့ အရောက် တင်သွင်းရန် သတ်မှတ်ခဲ့သော်လည်း အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနမှ ၂၂.၅.၂၀၂၀ နေ့တွင် အမိန့်ကြော်ငြာစာအမှတ် S.O.1605(E) ကိုထုတ်ပြန်လျက် ၃၁.၈.၂၀၂၀ နေ့ နောက်ဆုံးထားတင်သွင်းရန် ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း၊ သို့ဖြစ်ရာ ပဲတင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် ၁၅.၉.၂၀၂၀ နေ့အတွင်း မတ်ပဲတင်သွင်းမှု အပြီးသတ်အစီရင်ခံစာကို ပေးပို့ရမည်ဖြစ်ကြောင်း၊ ယခုကုမ္ပဏီ ၁၆၇၁ ခုသို့ မတ်ပဲတင်သွင်းမှု ကိုတာခွဲဝေချထားရန် ကော်မတီ၏ ဆုံးဖြတ်ချက်အပေါ် ကျေနပ်မှုမရှိပါက ၂၈.၅.၂၀၂၀ နေ့အတွင်း ကန့်ကွက်လွှာတင်သွင်းနိုင်ကြောင်းနှင့် မတ်ပဲတင်သွင်းခွင့်ရရှိသည့် ကုမ္ပဏီများအနေဖြင့် ပဲတင်သွင်းရန် ဆန္ဒမရှိတော့ပါက ၃၁.၇.၂၀၂၀ နေ့နောက်ဆုံးထား၍ ကိုတာပြန်လည်အပ်နှံရမည်ဖြစ်ကြောင်း ဖော်ပြလျက် EFC ကော်မတီ ၏ အစည်းအဝေးမှတ်တမ်းအား အိန္ဒိယ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန(DGFT) က ၂၆.၅.၂၀၂၀ နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

အိန္ဒိယနိုင်ငံ၌ ပုံမှန်အားဖြင့် မတ်ပဲအား မိုးသီးနှံအဖြစ် ဇူလိုင်လနှင့် ဩဂုတ်လအတွင်းနှင့် ဆောင်းသီးနှံအဖြစ် အောက်တိုဘာလတို့တွင် စိုက်ပျိုးလေ့ရှိပါသည်။ နှစ်စဉ် မတ်ပဲစိုက်ပျိုးမှု ဧရိယာပမာဏ ဟက်တာ ၃၀.၆၄ သိန်းခန့်ရှိပြီး စိုက်ပျိုးမြေတိုးချဲ့ရန် အစိုးရက တွန်းအားပေး ဆောင်ရွက်လျက်ရှိရာ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်၌ ဟက်တာပေါင်း ၅၄.၃၉ သိန်းအထိ တိုးမြှင့်စိုက်ပျိုးလျက် အထွက်တန်ချိန် ၃၄.၉၀ သိန်း ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် မတ်ပဲအား မိုးသီးနှံ၌ ဟက်တာ ၃၈.၈၃ သိန်းနှင့် ဆောင်းသီးနှံတွင် ဟက်တာ ၇.၆၃ သိန်း၊ စုစုပေါင်းဧရိယာဟက်တာ ၄၆.၄၆ သိန်း စိုက်ပျိုးနိုင်ခဲ့ပြီး တန်ချိန် ၂၂.၅ သိန်း ထွက်ရှိရန် ခန့်မှန်းထားကြောင်း အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာန၏ အစီရင်ခံဖော်ပြမှုအရ သိရှိရပါသည်။

သို့ဖြစ်ရာ အိန္ဒိယအစိုးရအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကြောင့် စီးပွားရေးထိခိုက်မှုများအား ကုစားရာတွင် သွင်းကုန်အပေါ်အမှီပြုနေရမှုကို လျော့ချလျက် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်ရေး မူဝါဒအား ပြောင်းလဲဖော်ဆောင်မှုနှင့်အညီ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မတ်ပဲတန်ချိန် ၄ သိန်း  တင်သွင်းခွင့်ပြုသည့်ကာလအား လျော့ချသတ်မှတ်လျက် တင်သွင်းပြီးစီးမှုအခြေအနေပေါ်မူတည်၍ ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်နိုင်ရေးကို ချိန်ဆဆောင် ရွက်လိုသည့် သဘောရှိကြောင်း သုံးသပ်ရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊  နယူးဒေလီမြို့)

Source:         Provisional allotment of quota for Urad for 2020-21, Minutes of the EFC meeting of Directorate General of Foreign Trade of India, dated 26th May 2020

Category: India (Delhi)