India (Delhi)

အိန္ဒိယနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တားဆီးထိန်းချုပ်‌ရန် အသွားအလာ ကန့်သတ်တားမြစ်မှုအား အဆင့်အလိုက် ဖြေလျော့ခြင်း

Last Updated:

အိန္ဒိယနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအား တားဆီးထိန်းချုပ်‌ရန်အတွက် နိုင်ငံတစ်ဝန်းလုံးတွင် အသွားအလာကန့်သတ်တားမြစ်ခြင်းကို မတ်လ ၂၅ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ ရာ၌ ပြည်နယ်/ ပြည်ထောင်စုနယ်မြေအစိုးရအဖွဲ့များသို့ ဗိုင်းရပ်စ်တားဆီးထိန်းချုပ်‌ရေး လုပ်ပိုင် ခွင့်ပိုမိုအပ်နှင်းမှုနှင့်အတူ စီးပွားရေးဆိုင်ရာ လုပ်ဆောင်မှုများအတွက် ဖြေလျော့မှုများပြုလုပ်လျက် Lockdown 4.0 အဖြစ် သတ်မှတ်ထား သည့်ကာလမှာ မေလ ၃၁ ရက်နေ့၌ ပြည့်မြောက်မည်ဖြစ်ပါသည်။ သို့ဖြစ်ရာ ဇွန်လ ၁ ရက်နေ့မှစတင်၍ လုပ်ငန်းကဏ္ဍအသီးသီး၏ လုပ် ဆောင်မှုများအား  အဆင့်အလိုက် ခွင့်ပြုပေးမည့်အစီအစဉ်များနှင့်ပတ်သက်၍ COVID-19 ဗိုင်းရပ်စ်တားဆီးတိုက်ဖျက်ရေး လမ်းညွှန်ချက် အသစ်များကို အိန္ဒိယအစိုးရက ၃၀.၅.၂၀၂၀ နေ့တွင် အမိန့်ကြော်ငြာ စာ ထုတ်ပြန်ခဲ့ပါသည်။

အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန၏ အဆိုပါအမိန့်ထုတ်ပြန်ချက်အရ COVID-19 ဗိုင်းရပ်စ် ကူးစက်မှုမြင့်မားခြင်းကြောင့် အထူးကန့်သတ် တားမြစ်ထားခြင်းခံရသည့် Containment Zones နယ်မြေများတွင် အရေးကြီးသည့်ကိစ္စရပ်များမှအပ ဆက်သွယ်သွားလာမှုများကို ဆက် လက်၍ တင်းကြပ်စွာထားရှိဆောင်ရွက်မည်ဖြစ်ကြောင်း၊ ၎င်းဇုန်နယ်မြေများ၏ ပြင်ပတွင် နိုင်ငံတစ်ဝန်းလုံး၌ အသွားအလာကန့်သတ်ထား ရှိမှုကို အောက်ဖော်ပြပါအတိုင်း အဆင့် ၃ ဆင့်ဖြင့် ဖြေလျော့ပေးမည်ဖြစ်ကြောင်း၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်းနယ်ပယ်အသီးသီး၌ ဆောင် ရွက်မှုများနှင့်ပတ်သက်၍ စံလုပ်ထုံးလုပ်နည်းများကို အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ပြဌာန်းမည်ဖြစ်ကြောင်း၊ အရေးကြီးသည့် ကိစ္စရပ်များမှအပ ည ၉ နာရီမှ နံနက် ၅ နာရီအတွင်း လူပုဂ္ဂိုလ်တစ်ဦးချင်း၏ ပြင်ပသွားလာမှုအား တားမြစ်သည့် ညမထွက်ရအမိန့်ကို နိုင်ငံတစ်ဝန်းလုံး၌ ထုတ်ပြန်ထားမည်ဖြစ်ကြောင်း သိရှိရပါသည်။

(က)    အဆင့်-၁။      ၈.၆.၂၀၂၀ နေ့မှစတင်၍ ဘာသာရေးဆိုင်ရာနေရာများ၊ အများပြည်သူဝတ်ပြုဆုတောင်းသည့်နေရာများ၊ ဟိုတယ် များ၊ စားသောက်ဆိုင်နှင့် တည်ခင်းဧည့်ခံရေးဝန်ဆောင်မှုလုပ်ငန်းများ၊ ဈေးဝယ်စင်တာများ၌ ကျန်းမာရေးဌာန၏ COVID-19 ဗိုင်းရပ်စ် ကူးစက်မှု တားဆီးကာကွယ်ရေး စံသတ်မှတ်ချက်များ နှင့်အညီ ဖွင့်လှစ်ဆောင်ရွက်ခွင့်ပြုခြင်း၊

(ခ)     အဆင့်-၂။      ပြည်နယ်/ ပြည်ထောင်စုနယ်မြေ အာဏာပိုင်အဖွဲ့အစည်းများ၊ ကျောင်းသားမိဘများနှင့် အခြားသက်ဆိုင်သူများ တွေ့ဆုံညှိနှိုင်းလျက် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်း စာသင်ကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များနှင့် လေ့ကျင့်သင်ကြားရေးဌာန များအား ကျန်းမာရေးဌာန၏ COVID-19 ဗိုင်းရပ်စ်ကူးစက်မှု တားဆီးကာကွယ်ရေး စံသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်ခြင်း၊

(ဂ)     အဆင့်-၃။      အခြေအနေအရပ်ရပ်အား လေ့လာသုံးသပ်၍ အောက်ပါလုပ်ငန်း များအား ပြန်လည်စတင်နိုင်မည့်နေ့ရက်ကို သတ် မှတ်ခြင်း-

(၁) ပြည်ထဲရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ပျံသန်းမှုများမှအပ ကျန်ရှိသည့် နိုင်ငံတကာ ခရီးသည်တင် လေကြောင်းပို့ဆောင်ရေး လုပ်ငန်း၊

(၂)    မြို့ကြီးများရှိ Metro Rail ရထားပြေးဆွဲမှုလုပ်ငန်း၊

(၃)  ရုပ်ရှင်ရုံများ၊ အားကစားရုံများ၊ ရေကူးကန်များ၊ အပန်းဖြေဥယျာဉ်များ၊ ကဇာတ်ရုံများ၊ ဘားဆိုင်များ၊ စုဝေးခန်းမများနှင့် အလားတူ နေရာများ

(၄) လူမှုရေး၊ နိုင်ငံရေး၊ အားကစား၊ ဖျော်ဖြေရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ စုဝေးပွဲများနှင့် အလားတူ လူအများစုရုံး ပါဝင်မည့် အခမ်းအနားများ။

အများပြည်သူနှင့် သက်ဆိုင်သောနေရာများ၌ လုပ်ငန်းများအား သွားလာဆောင်ရွက် ရာတွင် အောက်ပါစည်းကမ်းချက်များကိုလည်း လိုက် နာဆောင်ရွက်ရမည်ဖြစ်ကြောင်း အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ၌ ဖော်ပြပါရှိပါသည်-

 

(က)    မျက်နှာဖုံး နှာခေါင်းစည်းအား မဖြစ်မနေတပ်ဆင်ခြင်း၊

 

(ခ)    လူတစ်ဦးနှင့်တစ်ဦး ၆ ပေအကွာဖြင့် သွားလာနေထိုင်ခြင်း၊ ဈေးဆိုင်ခန်းများ အတွင်း၌ တစ်ကြိမ်လျှင် ဈေးဝယ်သူ ၅ ဦးအထိသာ လက်ခံဝင်ရောက်ခွင့်ပြုခြင်း၊

(ဂ)     လူအများစုဝေးမှုနှင့်ပတ်သက်၍ လက်ထပ်မင်္ဂလာပွဲ၌ လူ ၅၀ ဦးနှင့်  နာရေးကိစ္စ တွင် လူ ၂၀ ဦး ထက်မပိုစေပဲ ဆောင်ရွက်ခြင်း၊

(ဃ)  အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများတွင် တံတွေးထွေးခြင်းအား တားမြစ် လျက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက ဒဏ်တပ်အပြစ်ပေးခြင်း၊

(င)     အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများ၌ အရက်၊ ကွမ်း၊ ဆေးရွက်ကြီး စသည် တို့အား စားသုံးမှုမပြုရန် တားမြစ်ခြင်း၊

(စ)     လုပ်ငန်းခွင်နေရာများ၌ ကျန်းမာရေးဌာန၏ စံသတ်မှတ်လုပ်ထုံးလုပ်နည်းများ အား လိုက်နာဆောင်ရွက်ခြင်း၊

(ဆ) ရုံးများ၊ လုပ်ငန်းခွင်နေရာများ၊ ဈေးဆိုင်များနှင့် စီးပွားရေးဆိုင်ရာ လုပ်ကိုင်သည့် နေရာများတွင် လုပ်ငန်းဆောင်ရွက်မည့် အချိန်ဇယား၊ အလုပ်ချိန်သတ်မှတ်ချက် စသည်တို့ကို ရေးဆွဲလုပ်ဆောင်ခြင်း၊

(ဇ)     လုပ်ငန်းခွင် အဝင်အထွက်နေရာများ၌ အလုပ်လုပ်ကိုင်သူများအား ကိုယ်အပူချိန် တိုင်းတာစစ်ဆေးလျက် ၎င်းတို့၏ တစ်ကိုယ်ရည် ကျန်းမာသန့်ရှင်းရေးအတွက် ရေနှင့်လက်ဆေးဆပ်ပြာ၊ သန့်စင်ဆေးရည် စသည်တို့ကို ထားရှိဆောင်ရွက်ခြင်း၊

(ဈ)     လုပ်ငန်းခွင်ရှိ ယျေဘုယျ ထိတွေ့ကိုင်တွယ်မှု များပြားသည့်နေရာများ၌ သန့်ရှင်း စင်ကြယ်စေရေး မကြာခဏ ဆောင်ရွက်ပေးခြင်း၊

(ည)    အလုပ်ခွင်အတွင်း လုံလောက်သည့် လူမှုအလှမ်းဝေး နေထိုင်မှုရှိစေရေး စီစဉ် ဆောင်ရွက်ခြင်း။

အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ထုတ်ပြန်ချက်အရ Containment Zones များ၏နယ်နိမိတ်အား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်း ညွှန်ချက်များနှင့်အညီ ခရိုင်အဆင့် အာဏာပိုင်အဖွဲ့အစည်းများက သတ်မှတ်မည်ဖြစ်ကြောင်း၊ ၎င်းဇုန်နယ်မြေများအား ၃၀.၆.၂၀၂၀ နေ့ အထိ Lockdown ပြုလုပ်ထားရှိလျက် စားနပ်ရိက္ခာနှင့် ကျန်းမာရေးကဲ့သို့ အရေးကြီးကိစ္စရပ်များမှအပ လူအဝင်အထွက်မပြုရန် တင်းကြပ် စွာဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအား ခြေရာခံစစ်ဆေးခြင်း၊ တစ်အိမ်တက်ဆင်း ကျန်းမာရေးလေ့လာစစ်ဆေး ခြင်းတို့ကို လိုအပ်သကဲ့သို့ လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ဒေသန္တရအစိုးရများအနေဖြင့် Containment Zones များ၏ ပြင်ပတွင် ကြားခံဇုန် နယ်မြေ Buffer Zones များအား သတ်မှတ်ထားရှိနိုင်ကြောင်း၊ ထို့အပြင် သက်ဆိုင်ရာနယ်မြေဒေသအလိုက် အခြေအနေပေါ်မူတည်၍ Containment Zones ပြင်ပနေရာများတွင်လည်း လိုအပ်သော ကန့်သတ်တားမြစ်မှုများကို ချမှတ်ဆောင်ရွက်နိုင်ကြောင်း သိရှိရပါသည်။

ပြည်နယ်/ ပြည်ထောင်စုနယ်မြေ အစိုးရများအနေဖြင့် ၎င်းတို့၏ အုပ်ချုပ်မှုနယ်မြေအတွင်းနှင့် ပြည်နယ်များအကြား လူပုဂ္ဂိုလ်နှင့် ကုန်စည် ပို့ဆောင်သွားလာမှုများအား ကန့်သတ်တားမြစ်ခြင်းမပြုရန်နှင့် အကယ်၍ အများပြည်သူ ကျန်းမာရေးအကျိုးငှာ သွားလာမှုများအား ကန့် သတ်ရန်ရှိပါက ကြိုတင်သတင်းထုတ်ပြန်ရန် အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက ညွှန်ကြားထားပါသည်။ ထို့အပြင် အိမ်နီးချင်းနိုင်ငံများနှင့် ချုပ်ဆိုထားသည့် ကုန်သွယ်ရေးသဘောတူစာချုပ်များအရ ကုန်းလမ်းကြောင်းမှ နယ်စပ်ဖြတ်ကျော်၍ ကုန်စည်များသယ်ယူပို့ဆောင်ခြင်း အား တားမြစ်ခြင်းမပြုရန်ကိုလည်း ပြည်နယ်/ ပြည်ထောင်စုနယ်မြေ အစိုးရများသို့ ညွှန်ကြားထားပါသည်။

နိုင်ငံတစ်ဝန်းလုံး၌ ခရီးသည်ရထားပို့ဆောင်မှုများ၊ အလုပ်သမားများအတွက် Shramik အထူးရထားများ၊ ပြည်တွင်း ခရီးသည်တင် လေကြောင်းပို့ဆောင်မှုများ၊ နိုင်ငံပြင်ပရောက်ရှိနေသည့် အိန္ဒိယနိုင်ငံသားများနှင့် ပြည်ပသို့သွားရောက်ရန် ရှိသူများအတွက် သယ်ယူပို့ ဆောင်မှုများ၊ ပြည်တွင်း၌ ပိတ်မိနေသည့် နိုင်ငံခြားသားများအတွက် ပြန်လည်ခေါ်ယူ‌မှုခရီးစဉ်များနှင့် အိန္ဒိယနိုင်ငံသား သင်္ဘောသားများ၏ ဆိပ်ကမ်းအတက်အဆင်း ကိစ္စရပ်များအတွက် လုပ်ထုံးလုပ်နည်းများပြဌာန်း၍ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း အိန္ဒိယပြည်ထဲရေး ဝန်ကြီးဌာနက ဖော်ပြ ပါသည်။

နိုင်ငံတစ်ဝန်းလုံး၌ အသွားအလာကန့်သတ်တားမြစ်ထားမှုကို ဖြေလျော့ခဲ့သော်လည်း အသက် ၆၅ နှစ်အထက်ရှိသည့် အိုမင်းမစွမ်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၁၀ နှစ်အောက် ကလေးငယ်များအနေဖြင့် မလိုအပ်ပဲ ပြင်သို့သွားလာခြင်းမှ ရှောင်ကြဉ်လျက် နေအိမ် အတွင်း၌သာ နေထိုင်ကြရန်၊ လူပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်သည့် ဘေးအန္တရာယ်ကို ကြိုတင်သတိပြု ကာကွယ်ရာတွင် အထောက်အကူပြုမည့် Aarogya Setu application အား မိမိတို့၏လက်ကိုင်ဖုန်းများ၌ ထည့်သွင်းအသုံးပြုကြရန် အိန္ဒိယအစိုးရက တိုက်တွန်းထားသကဲ့သို့ ယခုထုတ်ပြန်ခဲ့သည့် COVID-19 ဗိုင်းရပ်စ်တားဆီး တိုက်ဖျက်ရေး လမ်းညွှန်ချက်အသစ်များအား လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါကလည်း တည်ဆဲဥပဒေများ နှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သတိပေးထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

 

Source:         New Guidelines to fight COVID-19 to be effective from 1st June 2020, Order No. 40-3/2020-DM-I (A) dated 30th May 2020 of Ministry of Home Affairs of India.

 

Category: India (Delhi)