India (Delhi)

အကောက်ခွန်နှင့် အကောက်ခွန်မဟုတ်သော အစီအမံများအား အိန္ဒိယအစိုးရက တိုးမြှင့် ချမှတ်ဆောင်ရွက်ရန် စီစဉ်လျက်ရှိခြင်း

Last Updated:

အိန္ဒိယနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် နယ်စပ်ပြဿနာများ ဖြစ်ပေါ်ဖြေရှင်းနေရချိန်၌ တရုတ်နိုင်ငံမှ ထုတ်လုပ်တင်သွင်းသည့် ကုန်စည်များအပေါ် အဓိကဦးတည်လျက် အကောက် ခွန်နှင့် အကောက်ခွန်မဟုတ်သော အစီအမံများအား တိုးမြှင့်ချမှတ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းဌာနများက ရေးသားဖော်ပြချက်အရ သိရှိရသည်။

အိန္ဒိယအစိုးရသည် တရုတ်နိုင်ငံမှ တင်သွင်းသည့် ကုန်ပစ္စည်းအမယ်ပေါင်း ၃၀၀ ခန့် အပေါ် အခွန်တိုးမြှင့်ကောက်ခံရန်နှင့် ကုန်သွယ်မှုအဟန့်အတားများ တိုးမြှင့်ချမှတ်ရန် စီစဉ် လျက်ရှိသည်ဟု ဌာဆိုင်ရာအရာရှိအချို့က ပြောဆိုကြောင်း၊ ၎င်းတို့အနက် ကုန်စည်အမယ်ပေါင်း ၁၆၀ မှ ၂၀၀ ခန့်မှာ သွင်းကုန်အခွန်တိုးမြှင့်မည်ဖြစ်ပြီး ကောက်ခံမည့်စနစ်အား ရှေ့ လာမည့် ၃ လအတွင်း တဖြည်းဖြည်းချင်း ဖော်ဆောင်သွားဖွယ်ရှိကြောင်း၊ ကုန်စည် ၁၀၀ ခန့်အပေါ် သွင်းကုန်လိုင်စင်ဆိုင်ရာ သို့မဟုတ် အရည်အသွေးပိုင်းဆိုင်ရာ လိုအပ်ချက်များ အား ချမှတ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊  သို့ဖြစ်ရာ ပြည်တွင်းရှိ အိန္ဒိယကုန်ထုတ်လုပ်ငန်းရှင်များ၏ ယှဉ်ပြိုင်လုပ်ကိုင်နိုင်မှုကို ထိခိုက်စေလျက်ရှိသော တန်ဖိုးအားဖြင့် ဒေါ်လာ ၈ - ၁၀ ဘီလီယံခန့်ရှိသည့် အရည်အသွေးနိမ့်ကျသော ကုန်ပစ္စည်းများတင်သွင်းမှုကို တားဆီးနိုင်မည်ဖြစ်ကြောင်းနှင့် ထိုသို့ဆောင်ရွက်မှုမှာ မည်သည့်နိုင်ငံကိုမျှ ရည်ရွယ်မထားသော် လည်း နှစ်နိုင်ငံကုန်သွယ်ရာ၌ မျှခြေအခြေအနေမရှိပဲ တစ်ဖက်သတ်ကုန်သွယ်မှုအသာစီးရလျက်ရှိသည့် တရုတ်နိုင်ငံကဲ့သို့သော ကုန်သွယ်ဘက်နိုင်ငံများအပေါ် သက်ရောက်မည်ဖြစ် သည်ဟု အိန္ဒိယအစိုးရ အရာရှိတစ်ဦးက ပြောကြားကြောင်း စသည်ဖြင့်  ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။

အိန္ဒိယနိုင်ငံအခြေစိုက် Business Standard သတင်းဌာနက ရေးသားဖော်ပြရာတွင် အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသည် တရုတ်နိုင်ငံမှ ကုန်စည်များတင်သွင်း မှုကို လျော့ချနိုင်မည့် အစီအမံများအား လျင်မြန်စွာနည်းလမ်းရှာဖွေလျက် ဝန်ကြီးချုပ်ရုံးသို့ မကြာမီကာလအတွင်း တင်ပြနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းဝန်ကြီးဌာနထံမှ စုံစမ်းရရှိမှုအရ အစိုးရအနေဖြင့် တန်ဖိုးအားဖြင့် ဒေါ်လာ ၁၂၇ ဘီလီယံရှိသော သွင်းကုန်အမယ် ၃၇၁ ခု အပေါ် ထုတ်ကုန်စံချိန်စံညွှန်းသတ်မှတ်ချက် ချမှတ်ခြင်းဖြင့် ပိုမိုတင်းကျပ်စွာ ကန့်သတ်မည်ဖြစ်ကြောင်း၊ တစ်ဖက်တွင် ပြည်တွင်းကုန်ထုတ်လုပ်မှုအပေါ် ထိခိုက်နိုင်သည့်အတွက် ၎င်းတို့အနေဖြင့် တရုတ်နိုင်ငံမှထုတ်လုပ်သည့် ကုန်ပစ္စည်းများအပေါ် သွင်းကုန် အခွန်တိုးမြှင့်ကောက်ခံရန် စိတ်အားထက်သန်မှုမရှိဟု အဆိုပါဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောဆိုကြောင်း၊ လက်ရှိကာလ၌ အိန္ဒိယရှိ လုပ်ငန်းကဏ္ဍများစွာတွင် ငွေဖြစ် လွယ်မှုရှိရေးသည် အရေးကြီးသည့်ကိစ္စတစ်ရပ်အဖြစ် ဖြစ်ပေါ်လျက်ရှိရာ အခွန်တိုးမြှင့်ကောက်ခံခြင်းက သွင်းကုန်လုပ်ငန်းရှင်များအတွက် အခက်အခဲဖြစ်စေမည်ကို စဉ်းစားရန်ရှိ သည့်အပြင် ၎င်းလုပ်ငန်းရှင်များအနေဖြင့် အခြားမည်သည့်နိုင်ငံများထံမှ အလားတူကုန်ကြမ်းများ ရရှိနိုင်မည်ဆိုသည်ကိုလည်း လေ့လာသုတေသနပြုလုပ်ရန် လိုအပ်မည်ဖြစ် ကြောင်း၊ သို့ရာတွင် အရေးပေါ်ကိစ္စရပ်များ၌ တရုတ်နိုင်ငံမှ ထုတ်လုပ်တင်သွင်းသည့် အဓိကကုန်စည်အမျိုးအမည်ပေါင်း ၁၀၀ ခန့်အား အခွန်တိုးမြှင့်ကောက်ခံရန် အိန္ဒိယအစိုးရ အနေဖြင့် စီစဉ်ထားရှိကြောင်း သိရှိရသည်။

အိန္ဒိယအစိုးရက ထုတ်ကုန်ပစ္စည်းများ၏ အရည်အသွေးစံချိန်စံညွှန်းများ သတ်မှတ်လျက် နည်းပညာဆိုင်ရာ လုပ်ထုံးလုပ်နည်းများဖြင့် တရုတ်နိုင်ငံမှတင်သွင်းသည့် သွင်းကုန်အမယ် ၃၇၁ မျိုးတွင် ဓါတုပစ္စည်းများ၊ စတီးထုတ်ကုန်များ၊ လူသုံးအီလက်ထရွန်းနစ်ကုန်စည်များ၊ အကြီးစား စက်ကိရိယာများ၊ ဆက်သွယ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စက္ကူ၊ ရာဘာ၊ ဖန်ထည်ပစ္စည်းများ၊ စက်မှုလုပ်ငန်းသုံးစက်ကိရိယာများ၊ သတ္တုပစ္စည်းများ၊ ပရိဘောဂ၊ ဆေးဝါး၊ ဓါတ်မြေဩဇာနှင့် အထည်အလိပ်ကုန်ပစ္စည်းများ စသည်တို့ပါဝင်ကြောင်း သိရှိရပါ သည်။

အထက်ပါ စီမံဆောင်ရွက်မှုများအပြင် အိန္ဒိယအစိုးရသည် စုပုံတင်ပို့ရောင်းချမှုများနှင့်စပ်လျဉ်း၍ တိုင်ကြားသည့်ကိစ္စရပ်များအပေါ် စုံစမ်းစစ်ဆေးခြင်းအား အချိန်တိုအတွင်း ပြီးစီး ရန် စီမံဆောင်ရွက်မည်ဖြစ်ကြောင်း Economic Times သတင်းဌာနက ရေးသားဖော်ပြပါသည်။ လက်ရှိကာလ၌ အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနရှိ ကုန်သွယ်မှု ကုစားရေးဦးစီးဌာန (DGTR) သည် ပြည်တွင်းရှိ လုပ်ငန်းရှင်များမှ တိုင်ကြားလာသည့် ကုန်သွယ်မှုဆိုင်ရာ အမှုကိစ္စများအား ရက်ပေါင်း ၃၀ အတွင်း အပြီးသတ်စုံစမ်းစစ်ဆေးလျက် ပြည်တွင်းလုပ်ငန်းများ အကာအကွယ်ပေးရေး အခွန် (Safeguard duty) နှင့် သွင်းကုန်အပေါ်တန်ပြန်အခွန် (Anti-dumping duty) များ ချမှတ်နိုင်ရန် ထောက်ခံတင်ပြချက်နှင့်အတူ တွေ့ရှိချက်အစီရင်ခံစာအား ဝန်ကြီးဌာနသို့တင်ပြဆောင်ရွက်လျက်ရှိသည်။ DGTR က စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်သည့် အမှုကိစ္စအများစုမှာ တရုတ်နိုင်ငံမှ တင်သွင်းသည့် ကုန်စည်များအပေါ် တိုင်ကြားခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တရုတ်နိုင်ငံမှ ထုတ်လုပ်တင်သွင်းသည့် ကုန်စည် ၉၂ မျိုးအပေါ် တန်ပြန်အကောက်ခွန်များ ချမှတ်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိကာလတွင် တရုတ်နိုင်ငံမှ ကုန်စည်များအား လျော့ဈေးဖြင့် စုပုံတင်သွင်းကြောင်း တိုင်ကြားထားရှိသည့် အမှု ၃၅ ခုကို စုံစမ်းစစ်ဆေး လျက်ရှိကြောင်း၊ ၎င်းအမှုများမှာ ဓါတုပစ္စည်းများ၊ စတီးလ်၊ ကြေးနီနှင့် အထည်အလိပ်ထုတ်ကုန်များ တင်သွင်းမှုနှင့် သက်ဆိုင်သည့်ကိစ္စများဖြစ်ကြောင်း သိရှိရသည်။

အိန္ဒိယနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတွင် အဓိကကုန်သွယ်ဖက်နိုင်ငံများအနက် တရုတ်နိုင်ငံနှင့်ကုန်သွယ်မှုမှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တန်ဖိုးအားဖြင့် ဒေါ်လာ ၈၇.၀၆ ဘီလီယံ ရှိပြီး ပို့ကုန်တန်ဖိုးမှာ ဒေါ်လာ ၁၆.၇၅ ဘီလီယံ မျှသာရှိသဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၅၃.၅၆ ဘီလီယံဖြစ်ပေါ်ခဲ့သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၌ ဧပြီလမှ ဖေဖော်ဝါရီလအထိ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၆၂.၃၇ ဘီလီယံရှိပြီး ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၄၆.၈၃ ဘီလီယံဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရှိရသည်။

အိန္ဒိယအစိုးရအနေဖြင့် တရုတ်နိုင်ငံနှင့်ကုန်သွယ်ရာ၌ အစဉ်တစိုက် ကုန်သွယ်မှုလိုငွေ ကြီးမားစွာဖြစ်ပေါ်နေမှုအား လျော့ချရန် ကြိုးစားလျက်ရှိသော်လည်း ပြည်တွင်းရှိ စက်မှုကုန် ထုတ်လုပ်ငန်းများ၊ လျှပ်စစ်နှင့် အီလက်ထရွန်းနစ် ကိရိယာထုတ်လုပ်မှုများ၊ ဓါတုပစ္စည်းထုတ်လုပ်မှုများ၊ ဆေးဝါးထုတ်လုပ်မှုများ စသည်တို့မှာ တရုတ်နိုင်ငံမှ တင်သွင်းသည့် ကုန် ကြမ်းပစ္စည်းများအပေါ် အဓိကမှီခိုနေရပြီး နိုင်ငံ၏ သွင်းကုန်တန်ဖိုးစုစုပေါင်းတွင် တရုတ်နိုင်ငံမှတင်သွင်းသည့် ကုန်စည်များက ၁၄% ခန့်အထိ ပါဝင်လျက်ရှိကြောင်း လေ့လာတွေ့ရှိ ရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         1. Govt likely to fast-track import restrictions on 371 Chinese goods, 18 Jun 2020, Business Standard

                    2. Government working on steps to cut import dependence on China, boost manufacturing, 18 Jun 2020, Economic Times

                    3. India plans extra tariffs, trade barriers on 300 imported products, 19 Jun 2020, Economic Times

                    4. Faster initiation of anti-dumping probes on China imports soon, 19 Jun 2020, Economic Times

 

 

 

 

Category: India (Delhi)