Singapore

လုပ်သက်သက်တမ်းအလယ်အလတ်ရှိသောလုပ်သားများနှင့် အသက်အရွယ်ကြီးသော လုပ်သား များအား လေ့ကျင့်သင်တန်းပေးခြင်းနှင့် အလုပ်အကိုင်ခန့်အပ်ထားခြင်းတို့အတွက် စင်ကာပူအစိုးရက ၂ ဘီလီယံ ထောက်ပံ့ပေးသွားမည်

Last Updated:

လုပ်သက်အားဖြင့် အလယ်အလတ်ရှိသောလုပ်သားများကို စွမ်းဆောင်ရည်မြှင့်တင်ရန် လေ့ကျင့် သင်တန်းပေးနေသောလုပ်ငန်းများနှင့် အသက်အရွယ်ကြီးသော လုပ်သားများအား အလုပ်အကိုင် ခန့်အပ်ထားသောလုပ်ငန်းများအတွက် စင်ကာပူအစိုးရက စင်ကာပူဒေါ်လာ ၂ ဘီလီယံအထိ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ၃- ၃ - ၂၀၂၀ ရက်နေ့တွင် ပါလီမန်၌ ကျင်းပပြုလုပ်ခဲ့သော ဘတ်ဂျက် ၂၀၂၀ ဆွေးနွေးမှုအစီအစဉ်တွင် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး Mrs Josephine Teo က ပြောကြားခဲ့ပါသည်။

၂၀၂၀ ခုနှစ် စင်ကာပူဘတ်ဂျက်ဖြင့် စတင်ဆောင်ရွက်မည့် "Senior Worker Support Package (SWSP)" အစီအစဉ်အရ အသက် ၅၅ နှင့်အထက် စင်ကာပူ လုပ်သားများကို အလုပ်အကိုင်ခန့်အပ်ထားသည့်လုပ်ငန်းများအတွက် စင်ကာပူဒေါ်လာ ၁.၃ ဘီလီယံကို ၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ထောက်ပံ့ပေးမည် ဖြစ်ပါသည်။ ယင်းအစီအစဉ်မှာ လုပ်သားများ၏ လုပ်ခလစာ၏ ၈ ရာခိုင်နှုန်းအထိကို လုပ်ငန်းများအား ပြန်လည်ပံ့ပိုးပေးမည်ဖြစ်ပြီး၊ အသက် ၆၇ နှစ်နှင့်အထက် လုပ်သားများကို ခန့်အပ်ထားသောလုပ်ငန်းများအတွက် အများဆုံးပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ ထို့ပြင် အငြိမ်းစားယူရမည့်သက်တမ်းအား တိုးမြှင့်ခြင်းနှင့် အချိန်ပိုင်းအလုပ်တွင် ပြန်လည်ခန့်ထားပေးခြင်းတို့အတွက် လုပ်ငန်းတစ်ခုချင်းသည် စင်ကာပူဒေါ်လာ ၂၅၀,၀၀၀ အထိ အစိုးရ၏ ပံ့ပိုးမှုရရှိမည်ဖြစ်ပြီး၊ ယင်းအစီ အစဉ်မှ ကုမ္ပဏီပေါင်း ၁၁၀,၀၀၀ ခန့်နှင့် လုပ်သားပေါင်း ၅၇၀,၀၀၀ ခန့်သည် အကျိုးကျေးဇူးခံစားခွင့်ရရှိမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ထို့ပြင် အသက် ၄၀ နှစ်မှ ၅၀ နှစ်အကြားရှိသောလုပ်သားများအတွက် လေ့ကျင့်သင်တန်း ပေးခြင်းနှင့် ၎င်းတို့အားအလုပ်အကိုင်ခန့်အပ်ခြင်းတို့အတွက် "Skills Future Mid-Career Support Package" အစီအစဉ်ဖြင့် စင်ကာပူဒေါ်လာ ၇၅၀ သန်းကို လုပ်ငန်းများအား ပံ့ပိုးပေးမည့်အစီအမံလည်း ပါဝင်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)       

သတင်းရင်းမြစ် ။    ။ The Business Times

Category: Singapore