Thailand

လုပ်ငန်းကြီးများက လုပ်ငန်းငယ်များကိုလက်တွဲခေါ် အကူအညီပေးနေ

Last Updated:

စက်မှုမြှင့်တင်ရေးဉီးစီးဌာနအနေဖြင့် SMEs လုပ်ငန်းများကို ၎င်းတို့၏ စီးပွားရေးဆိုင်ရာ စွမ်းဆောင်ရည်များ တိုးတက်လာစေရန်အတွက် “Big Brothers” စီမံကိန်းဖြင့် ဆောင်ရွက်လျှက်ရှိကြောင်း၊ ရည်ရွယ်ချက်မှာ SMEs များအနေဖြင့် ၎င်းတို့၏ကုန်ကျစရိတ်များကို လျှော့ချနိုင်ရန်နှင့် ထုတ်လုပ်မှုတိုးမြှင့်နိုင်စေရန်ဖြစ်ပါသည်။

ဉီးစီးဌာနအနေဖြင့် ပုဂ္ဂလိကကဏ္ဍများနှင့်အတူ လက်တွဲဆောင်ရွက်လျက်ရှိကြောင်း၊ SMEs လုပ်ငန်းကဏ္ဍပေါင်း(၂၀)ကိုကူညီရန်ဖြစ်ကြောင်း၊ ၎င်းတို့အနက် တစ်ဝက်မှာ အစားအစာကဏ္ဍမှဖြစ်ကြောင်း နှင့် အခြားတစ်ဝက်မှာ  ပလပ်စတစ်ကဏ္ဍမှဖြစ်ကြောင်း ၊ ၎င်းတို့၏ ထုတ်လုပ်မှုလုပ်ငန်းများကို  မြှင့်တင်သွားရန်ဖြစ်ကြောင်း သိရှိရပါသည်။ ရည်ရွယ်ချက်မှာ ၎င်းတို့ကို “Smart Factory”ဖြစ်စေရေးနည်းပညာပိုင်းဆိုင်ရာကူညီပေးရန်ဖြစ်ကြောင်းနှင့် ဈေးကွက်တွင်ယှဉ်ပြိုင်နိုင်စေရန်ဖြစ်ကြောင်း၊ ဌာန၏အကြီးအကဲ NattapolRangsitpol ကယမန် နေ့(၈-၉-၂၀၂၀ရက်နေ့) က ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

SMEs များကိုကူညီရန်မှာ အစိုးရ၏အထောက်အပံ့တစ်ခုတည်းနှင့် မလုံလောက်ကြောင်း၊ ကုမ္ပဏီကြီးများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ သူ၏ဌာနအနေဖြင့် ဓါတုဗေဒပစ္စည်းထုတ်လုပ်သည့် Dow Thailad ၊ ထိုင်းအမျိုးသား သုတေသနကောင်စီ၊ သမားဆတ်(Thammasat) နှင့် Kasetsart တက္ကသိုလ်များနှင့် အတူ ပူးပေါင်းဆောင်ရွက်လျှက်ရှိပြီး ထိုင်း SMEs လုပ်ငန်းများကို Industry 4.0 သို့ဉီးတည်သွားနိုင်စေရန် ဆောင်ရွက်လျှက်ရှိကြောင်း၊ ၎င်းမှာ နောက်ဆုံးပေါ်နည်းပညာနှင့် အဆင့်မြင့်ဝန်ဆောင်မှုလုပ်ငန်းများအပေါ် အထူးအာရုံစိုက်ထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Dow အနေဖြင့်အစိုးရ၏ “Big Brother” စီမံကိန်းစတင်တည်းက ဘတ်ငွေ(၃၀-၄၀)ဘီလီယံ ထောက်ပံ့ပေးခဲ့ကြောင်း၊ အခြားသောကုမ္ပဏီများကလည်း ထောက်ပံ့ကူညီပေးလျက်ရှိကြောင်း Mr. Nattapol ကပြောကြားခဲ့ပါသည်။ ယခုနှစ်တွင် Dow အနေဖြင့် အထောက်အပံ့ဘတ်ငွေ(၅)သန်းအား ထောက်ပံ့ပေးခဲ့ပြီး နည်းပညာပိုင်းဆိုင်ရာများကိုလည်း ထောက်ပံ့ပေးလျက်ရှိကြောင်း သိရှိရပါသည်။ Dow ၏ ရေရှည်တည်တံ့ခိုင်မြဲသော စက်မှုလုပ်ငန်းစီမံကိန်းအကူအညီအား (၉)နှစ်တာကာလအတွက် လုပ်ဆောင်ခဲ့ကြောင်း Dow Thailand ၏ ဥက္ကဌ Luanpolcharoenchai ကပြောကြားခဲ့ပါသည်။

Dow အနေဖြင့် SMEs လုပ်ငန်းများကို အွန်လိုင်းမှနေ၍ ပညာပေးရန် ပထမဆုံးအနေဖြင့် Industry 4.0 လက်စွဲစာအုပ်အား အစောပိုင်းက ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါ လမ်းညွှန် စာအုပ်ကလုပ်ငန်းရှင်များကို ၎င်းတို့၏ထုတ်လုပ်မှုများအား နည်းပညာများကို အသုံးပြု၍ အလေအလွင့်များလျှော့နည်းအောင်မည်ကဲ့သို့ထုတ်လုပ်ရမည်ဆိုသည်နှင့် ထုတ်လုပ်မှုစွမ်းအားကို မည်ကဲ့သို့ မြှင့်တင်ရမည်ဆိုသည်တို့ကို သင်ကြားပေးကြောင်း သိရှိရပါသည်။ ၎င်းက SMEs များကို ၎င်းတို့၏ကုန်ထုတ်လုပ်မှုအပေါ် ကောင်းမွန်စွာစီမံခန့်ခွဲတတ်စေရန်နှင့် ကာဗွန်ထုတ်လုပ်မှုကို လျှော့ချခြင်းဖြင့်  သဘာဝပတ်ဝန်းကျင်နှင့် ပိုမိုသဟဇာတ ဖြစ်စေလိမ့်မည်ဖြစ်ပါသည်။

Dow ၏ ရေရှည်တည်တံ့သော စက်မှုရည်မှန်းချက်မှာ စီးပွားရေးလုပ်ငန်းများ ရေရှည်တိုးတက်တည်တံ့ခိုင်မြဲစေရန်၊ စွန့်ပစ်ပစ္စည်းများကိုဖယ်ရှားရန်နှင့် ကမ္ဘာကြီးပူနွေးလာမှုကို ရပ်တန့်ရန်တို့အတွက် မဟာစီမံကိန်း Master Plan ရေးဆွဲရာတွင် အားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားရန်ဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand