Singapore

မေလတွင် စင်ကာပူနိုင်ငံ၏ ကုန်သွယ်မှု ၂၅ ရာခိုင်နှုန်း ကျဆင်း

Last Updated:

၂၀၂၀ ခုနှစ်၊ မေလတွင် စင်ကာပူ၏ ကုန်စည်ကုန်သွယ်မှုသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက (-) ၂၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည့်အတွက် ဧပြီလတွင် ဖြစ်ပေါ်ခဲ့သော (-) ၁၂.၉ ရာခိုင်နှုန်းထက် ပိုမိုထိုးဆင်းသွားခဲ့ကြောင်း၊ မေလအတွင်း ပို့ကုန်ပိုင်းအနေဖြင့် (-) ၂၃.၉ ရာခိုင်နှုန်း နှင့် သွင်းကုန်ပိုင်းအနေဖြင့် (-) ၂၆.၂ ရာခိုင်နှုန်း လျှော့နည်းခဲ့ကြောင်း စင်ကာပူနိုင်ငံ ကုန်သွယ်ရေး နှင့်စက်မှုဝန်ကြီးဌာနက ၁၇ -  ၆ - ၂၀၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်ထားပါသည်။

ကာလအလိုက်ညှိနှိုင်းထားသောစာရင်းအရ မေလအတွင်း စင်ကာပူဒေါ်လာ ၃၇.၅ ဘီလီယံ တင်ပို့ခဲ့ပြီး၊ စင်ကာပူဒေါ်လာ ၃၃ ဘီလီယံ တင်သွင်းခဲ့သည့်အတွက် စုစုပေါင်း ကုန်သွယ်မှုပမာဏ သည် စင်ကာပူဒေါ်လာ ၇၀.၅ ဘီလီယံ ရရှိခဲ့ပါသည်။

စင်ကာပူနိုင်ငံ၏ စက်သုံးဆီမဟုတ်သောပြည်တွင်းထုတ်ပို့ကုန် (Non-Oil Domestic Exports) မှာ ဧပြီလတွင် ၉.၇ ရာခိုင်နှုန်း တိုးမြှင့်တင်ပို့နိုင်ခဲ့သော အခြေအနေနှင့် ဆန့်ကျင်လျက် မေလတွင် (-) ၄.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ စက်သုံးဆီ မဟုတ်သောပြည်တွင်းထုတ်ပို့ကုန်တွင် အီလက်ထရွန်နစ်ပစ္စည်းမဟုတ်သောပို့ကုန်နှင့် အီလက်ထရွန်နစ်ပစ္စည်းပို့ကုန်ဟူ၍ နှစ်မျိုးထပ်ခွဲထားပြီး၊ အီလက်ထရွန်နစ်ပစ္စည်းပို့ကုန်မှာ ၁၂.၅ ရာခိုင်နှုန်းတိုးတက်ခဲ့သော်လည်း အီလက်ထရွန်နစ်ပစ္စည်း မဟုတ်သော ပို့ကုန်မှာ (-) ၈.၈ ရာခိုင်နှုန်း လျှော့နည်းခဲ့ပါသည်။ အီလက်ထရွန်နစ်ပစ္စည်း ပို့ကုန်တိုးတက်ခဲ့ခြင်းမှာ အဓိကအားဖြင့်  ICs ၊ Disk Drives နှင့် Disk Media တို့ကို ၂၂.၅ ရာခိုင်နှုန်း၊  ၂၃.၆ ရာခိုင်နှုန်းနှင့် ၅၁.၅ ရာခိုင်နှုန်း အသီးသီးတိုးမြှင့်တင်ပို့နိုင်ခဲ့ခြင်း ကြောင့်ဖြစ်ပြီး၊ အီလက်ထရွန်နစ်ပစ္စည်းမဟုတ်သောပို့ကုန်များ တင်ပို့မှုကျဆင်းခဲ့ခြင်းမှာ အထူးသဖြင့် Food Preparation (-၂၄.၅%) ၊ ရေနံဓာတုပစ္စည်း (-၃၁.၂ %) နှင့် non-electric စက်နှင့်မော်တာများ (-၅၅%) ကို လျော့နည်း တင်ပို့နိုင်ခဲ့သော ကြောင့်ဖြစ်ပါသည်။

စင်ကာပူသည် စက်သုံးဆီမဟုတ်သောပြည်တွင်းထုတ်ပို့ကုန်များကို ၎င်း၏ အဓိကစျေးကွက် များအနက်မှ အီးယူ၊ တရုတ်၊ ဟောင်ကောင်၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်းစျေးကွက်များသို့ တင်ပို့မှုကျဆင်းခဲ့သော်လည်း အမေရိကန် (၅၀.၆%) ၊ ဂျပန် (၅၂.၉%) နှင့် ထိုင်ဝမ်(၂၇.၂%) စျေးကွက်များသို့ တိုးတက်တင်ပို့နိုင်ခဲ့ကြောင်း ဖော်ပြထားပါသည်။

 စက်သုံးဆီတင်ပို့မှုပိုင်းတွင် အထူးသဖြင့် မလေးရှား (- ၈၅.၃%) ၊ အင်ဒိုနီးရှား (- ၈၁.၇%) နှင့် ဟောင်ကောင် (- ၇၆.၃%) သို့ တင်ပို့မှုကျဆင်းခဲ့သောကြောင့် မေလတွင် စင်ကာပူ၏ စက်သုံးဆီပို့ကုန်သည် (-) ၇၆.၂ ရာခိုင်နှုန်းအထိ လျှော့ကျခဲ့ကြောင်းနှင့် စက်သုံးဆီမဟုတ်သော ကုန်ပစ္စည်းများပြန်လည်တင်ပို့မှု (Non-Oil Re-exports) အခြေအနေမှာလည်း  (-) ၁၅.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ Ministry of Trade & Industry, Singapore

Category: Singapore