Belgium

ဗြိတိန်နိုင်ငံ၏ ကုန်သွယ်ရေးဥပဒေအသစ် ၂၀၂၀၊ ဖေဖော်ဝါရီလအတွင်း ပြဌာန်းရေးဆောင်ရွက်မည်

Last Updated:

ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အနေဖြင့် မကြာမီရက်များအတွင်း အရေးပါသည့် ကုန်သွယ်မှုဆိုင်ရာ ဥပဒေပြဌာန်းမှုကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယင်း ကုန်သွယ်မှုဥပဒေသည် ဗြိတိန်နိုင်ငံက လိုက်နာဆောင်ရွက်ရန်သဘောတူထားသည့် တည်ဆဲအီးယူကုန်သွယ်မှုသဘော တူညီချက်များနှင့်စုပုံတင်သွင်းမှုကို ကာကွယ် မည့် စီမံဆောင်ရွက်မှုများကိုလည်း အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး၊ အဆိုပါဥပဒေကို ယခုနှစ်၊ ဖေဖော်ဝါရီလနှောင်းပိုင်းတွင် ပါလီမန်သို့ တင်သွင်းသွားမည် ဖြစ်သည်ဟု ဗြိတိန်အစိုးရတာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း Politico သတင်းဌာန၏ ၅-၂-၂၀၂၀ နေ့တွင် သတင်းဖော်ပြချက်အရသိရှိရပါသည်။

ယခင် ကုန်သွယ်မှုဥပဒေကို ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ထရီဇာမေက မိတ်ဆက်ခဲ့သော်လည်း ဗြိတိန်ခွဲထွက်မှုကိစ္စရပ် (Brexit) ၏ အကျပ်အတည်းကြောင့် ၎င်း၏ အစိုးရပြိုလဲခဲ့မှုကြောင့် ဥပဒေပြဌာန်းနိုင်ခဲ့ခြင်းမရှိကြောင်း၊ အဆိုပါဥပဒေတွင် အခြားနိုင်ငံများမှ ဈေးနှုန်းချိုသာ၍ သဘာဝပတ်ဝန်းကျင်နှင့် လုပ်သားဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ အစိုးရထောက်ပံ့ပေးမှုများ စသည့် စံနှုန်းများနိမ့်ပါးသည့်ကုန်စည်များ စုပုံတင်သွင်းမှုမှ ဗြိတိန်စီးပွားရေးလုပ်ငန်းများကို အကာအကွယ် ပေးနိုင်မည့် ကုန်သွယ်မှုကုစားရေးအာဏာပိုင်အဖွဲ့အတွက် အစီအမံများလည်းပါဝင်ကြောင်း၊ ဗြိတိန်နိုင်ငံအနေဖြင့် ယခင်ကလည်း အီးယူ၏ ကုန်သွယ်မှုကာကွယ် ရေးအစီအမံများဖြင့် ကာကွယ်ထားပြီးအများစုမှာ တရုတ်နိုင်ငံမှ သွင်းကုန်များနှင့်ဆိုင်ကြောင်း၊ အီးယူအနေဖြင့် တရုတ်နိုင်ငံမှ သံမဏိပစ္စည်းများတင်သွင်းမှုနှင့် ပတ်သက်၍ စုပုံတင်သွင်းမှုအပေါ်တန်ပြန်ကောက်ခံသည့်အခွန် (Anti-Dumping) အဖြစ် ၂၀၁၆ ခုနှစ်တွင် အခွန်များတိုးမြှင့်ခဲ့ကြောင်း၊ ဗြိတိန်၏ ကုန်သွယ်မှု ကာကွယ်ရေးအစီအမံများသည် အီးယူ၏စည်းမျဉ်းများအပေါ်တွင် များစွာအခြေခံဆောင်ရွက်မည် ဖြစ်သော်လည်း ဗြိတိန်၏ စက်မှုလုပ်ငန်းများအတွက် အသုံးမတည့် သောကုန်သွယ်ရေးအကာအကွယ်ပေးမှုအချို့ကိုမူ ချန်လှပ်သွားမည်ဖြစ်ကြောင်း ဗြိတိန်အစိုးရဝန်ကြီးတစ်ဦးက ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

ဗြိတိန်နိုင်ငံသည် ၎င်း၏ ကုန်သွယ်ရေးလုပ်ထုံးလုပ်နည်းအသစ် တစ်စိတ်တစ်ပိုင်းအဖြစ် စံချိန်စံညွှန်းနိမ့်ပြီး ဈေးနှုန်းချိုသာသည့် ထုတ်ကုန်များတင်သွင်း၍ အီးယူ တစ်ခုတည်းသော ဈေးကွက်အတွက် အဓိကယှဉ်ပြိုင်ဘက်ဖြစ်လာမည်ကို  အီးယူအနေဖြင့် စိုးရိမ်နေလျက်ရှိကြောင်း၊ ဗြိတိန်နိုင်ငံအနေဖြင့် ဈေးနှုန်းချိုသာသော သွင်းကုန်ပစ္စည်းများကို တင်သွင်းမှုမပြုခြင်းမှာ ၎င်းတို့၏ ပြည်တွင်းဈေးကွက်ကို ကာကွယ်ရန်အတွက်ဖြစ်သည်ဟု အဆိုပါ ဝန်ကြီးက ဆက်လက်ပြောကြား ခဲ့ကြောင်း၊ ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဥရောပအကောက်ခွန်သမဂ္ဂမှ ထွက်ခွာခဲ့ပါကလည်း ဗြိတိန်နိုင်ငံအနေဖြင့် မြင့်မားသောစံချိန်စံညွှန်းများကို ဆက်လက်ထိန်းသိမ်းထားရန် တိုက်တွန်းထားကြောင်း၊ သို့ရာတွင် အီးယူ၏ “level playing field” အား ဗြိတိန်၏ဥပဒေတွင် ထည့်သွင်းရန်အတွက်ကိုမူ ၎င်းက ငြင်းပယ်ခဲ့ကြောင်း သိရှိရပါသည်။ 

ဗြိတိန်၏ ယခင်ကုန်သွယ်ရေးဥပဒေတွင် အစိုးရဝယ်ယူရေးဈေးကွက်အား ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံအချို့အကြား ဆက်လက်ဖွင့်လှစ်ပေးရန် လုပ်ထုံးလုပ်နည်းများပါဝင်ခဲ့ပြီး၊ ၎င်းဥပဒေသည် ဗြိတိန်အခွန်ရုံးအား ကုန်သွယ်မှုဆက်ဆံဆောင် ရွက်သည့် အခြားအစိုးရအေဂျင်စီများနှင့် စာရင်းဇယားများဝေမျှခြင်းကိုလည်းခွင့်ပြုထားကြောင်း၊ ယခင်ကုန်သွယ်မှုဥပဒေတွင် အစိုးရမှ ညှိနှိုင်းဆွေးနွေးမည့် ကုန်သွယ်ရေးသဘောတူညီချက်တစ်ခုချင်းစီအား ပါလီမန်တွင် မဲပေးရေးကို ထည့်သွင်းရန် အတွက် ဗြိတိန်အထက်လွှတ်တော်မှ ပြင်ဆင်ခဲ့သော်လည်း ယခုဥပဒေ အသစ်တွင်မူ ယင်းအချက်ကို ပယ်ဖျက်သွားဖွယ်ရှိကြောင်း အဆိုပါသတင်း ကဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

ရင်းမြစ် -  https://www.politico.eu  

Category: Belgium