China(Nanning)

နန်နင်းမြို့ မြန်မာလက်ဖက်ယဉ်ကျေးမှုဉယျာဉ်တွင် Guangxi (Nanning) Mid-Autumn Mooncake Tasting Tea Party ကျင်းပခဲ့

Last Updated:

တရုတ်နိုင်ငံတွင် နေရာအနည်းငယ်မှအပ ကပ်ရောဂါဖြစ်ပွားမှုမှ နာလန်ထူလာချိန်နှင့် ပြည်တွင်းပြပွဲငယ်များ ပြန်လည်စတင်ချိန်၌ နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေးတွင် မြန်မာနိုင်ငံမှ တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသည့် အနေအထားအား ထင်ရှားစေရန် အတွက်လည်းကောင်း၊ မကြာမီကျရောက်တော့မည့် တရုတ်နိုင်ငံ၏ ဆောင်းဉီးရာသီအလယ် လမုန့်ပွဲတော်အားလပ်ရက်ရှည် မတိုင်မီ ပြည်သူများ စိတ်လက်ပေါ့ပါး ရွှင်လန်းနေချိန်ဝယ် မြန်မာလက်ဖက်ယဉ်ကျေးမှုနှင့် တရုတ်လမုန့်တို့ကို အတူယှဉ်တွဲ ပွဲထုတ်၍ မြန်မာကုန်ပစ္စည်းများအပေါ် တရုတ်ပြည်သူတို့၏ စိတ်ပါဝင်စားမှုကို ဆွဲဆောင်ရန်အတွက်လည်းကောင်းရည်ရွယ်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့ရှိ မြန်မာလက်ဖက်ယဉ်ကျေးမှုဉယျာဉ်၌ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၈)ရက်က  Guangxi (Nanning) Mid-Autumn Mooncake Tasting Tea Party အား ကျင်းပခဲ့ပါသည်။

အဆိုပါပွဲအား မြန်မာလက်ဖက်ယဉ်ကျေးမှုဉယျာဉ်ကို လာရောက်ဖွင့်လှစ်ထားသော မြန်မာနိုင်ငံမှ လက်ဖက်ကုမ္ပဏီ (၃) ခုနှင့်   တရုတ်နိုင်ငံမှ မြန်မာနိုင်ငံနှင့် လုပ်ငန်း ပူးပေါင်းဆောင်ရွက်နေသော ကုမ္ပဏီများ ပူးပေါင်းကျင်းပခဲ့ကြခြင်းဖြစ်ပါသည်။ 

Guangxi (Nanning) Mid-Autumn Mooncake Tasting Tea Party သို့ တရုတ်- အာဆီယံကုန်စည်ပြပွဲကျင်းပရေး အတွင်းရေး မှူးရုံး၊ ကွမ်ရှီးအပြည်ပြည်ဆိုင်ရာပြပွဲများ အုပ်စုကုမ္ပဏီလီမိတက်၊ ရှန်ဟိုင်းအပြည်ပြည်ဆိုင်ရာပြပွဲကုမ္ပဏီလီမိတက်၊  China Council for International Trade Promotion (Nanning  Branch)၊  ဝူဟန်မြို့မှ   Hubei Lianghui International Trading Co., Ltd. တို့အပါအဝင် ရပ်နီးရပ်ဝေးမှ ပွဲသို့လာရောက်သူဉီးရေ (၂၀၀) ဝန်းကျင်ခန့်ရှိခဲ့ပါသည်။ 

ပွဲသို့ လာရောက်မည့်သူများအား ပွဲမတိုင်မီ ကြိုတင်စာရင်းပေးစေခြင်း၊ ဧည့်ခံကြိုဆိုရေးနေရာ၌ ကိုယ်အပူချိန်တိုင်းခြင်း၊ နှာခေါင်း စည်းမပါရှိသူများအား  နှာခေါင်းစည်းများဝေငှပေးခြင်း၊  hand gel ဖြင့်လက်ဆေးစေခြင်း၊  ပွဲအဝင်အထွက် QR Code များအား Scan ဖတ်စေခြင်းတို့ဖြင့် စနစ်တကျ စီစဉ်ဆောင်ရွက်ခဲ့ပါသည်။

ပွဲသို့လာရောက်ကြသည့် အဖွဲ့အစည်းများနှင့် လုပ်ငန်းများမှ တာဝန်ရှိသူများနှင့် ကပ်ရောဂါကာလအတွင်း တရုတ်နိုင်ငံတွင်း၌ ကျင်းပနေသော ပြပွဲများသို့ ပါဝင်ပြသနိုင်သည့်နည်းလမ်းများ၊  ကပ်ရောဂါအလွန်ကာလ၌ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်း များကို စီးပွားရေးသံမှူးက ဆွေးနွေးခဲ့ပြီး ရလဒ်ကောင်းများရရှိခဲ့သည့်ပွဲလည်း ဖြစ်ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ စီးပွားရေးသံမှူးရုံး (နန်နင်းမြို့)

Category: China(Nanning)