Thailand

ထိုင်းနိုင်ငံ၏ တန်ဖိုးနည်းလေကြောင်းလိုင်းများအနေဖြင့် အဓိကလေကြောင်းခရီးစဉ်အချို့ကို လျှော့ချရန်စီစဉ်လျှက်ရှိ

Last Updated:

တန်ဖိုးနည်းလေကြောင်းလိုင်းများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်၏ကူးစက်ခြိမ်းခြောက်မှုမှ လွတ်ကင်းစေရန် အဓိကလေကြောင်းလမ်းလေးခုဖြစ်သော ဂျပန်၊တောင်ကိုရီးယား၊ အိန္ဒိယနှင့် တရုတ်နိုင်ငံများသို့ ခရီးစဉ်များကိုလျှော့ချရန်(သို့မဟုတ်)ဖျက်သိမ်းရန် စီစဉ်လျှက်ရှိပါသည်။ ခရီးသွားလုပ်ငန်းရှင်များက ချုံးချုံးကျနေသော စတော့ဈေးကွက်သည် ခရီးသွားသူများ၏ စိတ်ဓါတ်ကိုပို၍ကျဆင်းစေလိမ့်မည်ဟုပြောကြားပါသည်။

Thai Air Asia (TAA)လက်အောက်ရှိ လက်အောက်ခံကုမ္ပဏီ Thai Air Asia X သည်ဗန်ကောက်မှ ဂျပန်(တိုကျို၊ အိုဆာကာ၊ဆာပိုရို၊ နဂိုယာ၊ ဖူကူအိုကာ) နှင့်တောင်ကိုရီးယား (ဆိုးလ်)မြို့များသို့ တိုက်ရိုက်ပျံသန်းမှုလေကြောင်း ခရီးစဉ်များအားလုံးကို မတ်လ (၁၆) ရက်နေ့ မှစတင်၍ရပ်ဆိုင်းတော့မည်ဖြစ်ပါသည်။ အဆိုပါရပ်ဆိုင်းမှုသည်မတ်လ(၃၁)ရက်နေ့အထိ တရုတ် ပြည်မကြီးနှင့် ဆက်သွယ်သော လမ်းကြောင်းအားလုံးတွင် ဝန်ဆောင်မှုများအားခေတ္တယာယီ ရပ်ဆိုင်းထားရန် ဟူသောဆုံးဖြတ်ချက် ကြောင့်ဖြစ်ပါသည်။

Thai Air Asia (TAA)အနေဖြင့် အိန္ဒိယသို့ပျံသန်းမည့်ဝန်ဆောင်မှုအားလုံးကိုလည်း ရပ်တန့်ရန်စီစဉ်လျှက်ရှိနေပါသည်။ ၎င်းမှာအိန္ဒိယအနေဖြင့် ယမန်နေ့က ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၎င်း၏ ပထမဆုံးလူသေဆုံးမှုအပေါ် အတည်ပြုပြီးနောက် ပေါ်ထွက်လာ ခြင်းဖြစ်ပါသည်။ အိန္ဒိယအစိုးရအနေဖြင့် ရောဂါပျံ့နှံ့ကူးစက်မှုမှ ကာကွယ်ရန် ခရီးသွားဗီဇာအားလုံးကို မတ်လ (၁၃) ရက်နေ့မှ ဧပြီလ (၁၅) ရက်နေ့အထိ ရပ်ဆိုင်းခဲ့ပါသည်။

Thai Air Asia (TAA)အနေဖြင့် ထိုင်းနိုင်ငံရှိ အိန္ဒိယဧည့်သည်များအား ပြန်ပို့ရန် အချို့ခရီးစဉ်များကိုပျံသန်းလိမ့်မည်ဖြစ်ပါသည်။ ဗန်ကောက်မှ ခရီးစဉ်(၈)ခုဖြစ်သော Bangalore၊ Chennai၊ Kolkata၊ Jaipur၊ Gaya၊ Varanasi၊ Kochi နှင့် Ahmedabad ခရီးစဉ်များအား ဧပြီလ(၁၅)ရက်နေ့အထိ ရပ်ဆိုင်းထားလိမ့်မည်ဖြစ်ပါသည်။

Thai Lion Air(TLA)မှ အမှုဆောင်အရာရှိချုပ် Aswin Yangkirativornက နောက်လမှစ၍ တိုကျို၊ နာဂိုယာ၊ ဖူကုအိုနှင့် အိုဆာကာမြို့များသို့ဆက်သွယ်သော လေကြောင်းဝန်ဆောင်မှုလုပ် ငန်းများအားလုံးအနေဖြင့် စီးနင်းသူဉီးရေ ကျဆင်းမှုနှင့်အတူ ပျံသန်းမှုအကြိမ်ရေလည်းကျဆင်းသွားလိမ့်မည်ဖြစ်ကြောင်း၊ Load Factor အနေဖြင့် (၃၀%မှ ၄၀%) အထိ ကျဆင်းခဲ့ကြောင်းပြောကြားခဲ့ပါသည်။

လွန်ခဲ့သောအပတ်က လောင်စာဆီဈေးနှုန်းသိသိသာသာကြီး လွန်စွာကျဆင်းခဲ့သော် လည်းစုစုပေါင်းလေယာဉ်စီးနင်းမှုမှာ စိတ်ပျက်ဖွယ်ရာဖြစ်၍ လေကြောင်းလိုင်းများအနေဖြင့် ချိုသာသော ဈေးနှုန်းများဖြင့်အကျိုးအမြတ်မရရှိခဲ့ပါ။ TLA အနေဖြင့် ဗန်ကောက်-မွန်ဘိုင်း လမ်းကြောင်းကို အိန္ဒိယကခရီးသည်များအတွက် ပိတ်ပင်ခြင်းမပြုမီ  ပယ်ဖျက်ခဲ့ကြောင်း၊ အကြောင်းမှာ အိန္ဒိယခရီးသွားများအနေဖြင့် ကပ်ရောဂါအပေါ်စိုးရိမ်ထိတ်လန့်နေခဲ့ပြီး ကြိုတင်မှာကြားမှုများသည် ကူးစက်ရောဂါ စဖြစ်ချိန်မှ စ၍ လျှော့နည်းခဲ့ရခြင်းကြောင့်ဖြစ်ပါသည်။

အမည်မဖေါ်လိုသူလေကြောင်းလိုင်း အမှုဆောင်အရာရှိတစ်ဉီးက ပြောကြားရာတွင် လေကြောင်းလိုင်းအားလုံးအနေဖြင့် ငွေကြေးဖြစ်လွယ်မှုအခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း၊ လူကြိုက်များ ထင်ရှားသောနိုင်ငံများသို့ ခရီးစဉ်ရပ်ဆိုင်းရန်ဆုံးဖြတ်ချက် သည် အဝင်အထွက် ရီးစဉ် နှစ်ခုစလုံးအတွက်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

မိမိတို့အနေဖြင့် ခရီးသွားအများဆုံးကာလဖြစ်သည့် သင်္ကြန် Songkran ကာလအတွက် ကြိုတင်မှာယူ စာရင်းသွင်းမှုကိုစောင့်ကြည့်လေ့လာလျှက်ရှိပြီး ၎င်းတွင်လည်း ဝယ်လိုအား Demand နှေးကွေးနေတာကိုတွေ့ရှိရကြောင်း အမှုဆောင်အရာရှိက ပြောကြားခဲ့ပါသည်။ ခရီးသည်များထံမှ ဆေးထောက်ခံချက်လက်မှတ် (Medical Certificate) များတောင်းခံရန် လေကြောင်းလိုင်းများကို ညွှန်ကြားခဲ့သော အစိုးရ၏ ရှုပ်ထွေးသော စိစစ်ခြင်းမူဝါဒ(Screening policies)များ မှာ ဝန်ဆောင်မှုများ ရပ်ဆိုင်း ရခြင်း၏ နောက်ထပ်အကြောင်းအရင်းတစ်ခုဖြစ်ပါသည်။

လေကြောင်းလိုင်းများအနေဖြင့် ဤမူဝါဒများကို ထိရောက်သောအစီအမံများဟူ၍ မရှုမြင်ကြောင်း၊ ခရီးသည်များအနေဖြင့် ထောက်ခံချက်လက်မှတ်ရပြီး  လေယာဉ်ပေါ်တက်ရန်ပြင်ဆင်ပြီးနောက် ရောဂါကူးစက်ခြင်း(သို့မဟုတ်) ရောဂါလက္ခဏာများ ပေါ်ပေါက်လာနိုင်သည်ဟု အမှုဆောင်အရာရှိ တစ်ဉီးကပြောကြားခဲ့ပါသည်။

ထိုင်းခရီးသွားလုပ်ငန်းကောင်စီဉက္ကဌ Chairat Trirattanajarasporn က စတော့ ဈေးကွက်ပြိုလဲခြင်းကြောင့် အလားအလာရှိသောခရီးသွားများ၏ခရီးသွားလာမှု စိတ်ဓါတ် ကျဆင်းမှုကို ဖြစ်ပေါ်စေလိမ့်မည်ဖြစ်ကြောင်းကို သဘောတူညီခဲ့ပါသည်။ ခရီးသွားလုပ်ငန်းအနေ ဖြင့် ဇွန်လအထိ နှေးကွေးနေလိမ့်မည်(သို့မဟုတ်)ရောဂါကူးစက်မှုကိုလုံးဝထိန်းချုပ်မှုကို လူအများ အနေဖြင့် ယုံကြည်မှုပိုမိုရရှိလာလိမ့်မည်ဖြစ်ကြောင်း Mr.Chairat ကပြောကြားခဲ့ပါသည်။

ယမန်နေ့က ထိုင်းခရီးသွားလုပ်ငန်းကောင်စီ(TCT)အစည်းအဝေးတွင် တစ်နှစ်လျှင် အတိုး ငွေပေးဆပ်မှုအား(၅၀%)အထိ လျှော့ချပေးခြင်းအပါအဝင် ဘဏ်များသို့ထပ်မံတောင်းဆိုမှုများ အားအဆိုပြုရန် ဆုံးဖြတ်ခဲ့ပါသည်။ လုပ်ငန်းရှင်များအနေဖြင့် အထူးချေးငွေဘတ်သန်း (၁၅၀) အနက်မှ အနည်းဆုံးဘတ်(၃)သန်းအား ယခုလအတွင်းခရီးသွားလုပ်ငန်းသို့ ဉီးတည်လာစေရန် လိုလားလျှက်ရှိပါသည်။ ထိုင်းနိုင်ငံအနေဖြင့် အချို့သောနိုင်ငံများကို နိုင်ငံတကာ ဝင်ရောက်မှုကိုတားမြစ်ရန် တရားဝင် ကြေငြာချက်ထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း အချို့နိုင်ငံများသို့ ဗီဇာကင်းလွတ်ခွင့်နှင့် ဆိုက်ရောက်ဗီဇာဖျက်သိမ်းခြင်းများသည် ကမ္ဘာလှည့်ခရီးသွားများအား အဟန့်အတားဖြစ်စေကြောင်း ထိုင်းခရီးသွားလုပ်ငန်းအသင်း ဉက္ကဌ Vichit Prakobgosol ကပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post                        

Category: Thailand