China(Nanning)

စီးပွားရေးအရှိန်ကို ထိန်းထားရန် စေ့ဆော်ပေးသည့်မူဝါဒများကို ဆက်လက်ချမှတ်သွားမည့်တရုတ်နိုင်ငံ

Last Updated:

တရုတ်နိုင်ငံသည် စီးပွားရေး၊ အလုပ်အကိုင်နှင့် စားသုံးမှုဈေးကွက်များတွင် ၎င်း၏ ရေရှည်ဖွံ့ဖြိုးမှုအရှိန်ကို ဆက်လက်ထိန်းထားရန် အခြေခံအဆောက်အအုံများ၌ ရင်းနှီးမြှုပ်နှံမှုများအား မြှင့်တင်ခြင်းဖြင့် စေ့ဆော်ပေးသည့်မူဝါဒများ ချမှတ်ဆောင်ရွက် သွားဖွယ်ရှိကြောင်း ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပေါင်း (၂၀) ကျော်တို့က တရုတ်ယွမ်ငွေ (၇.၆) ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၀၉ ထရီလီယံ) တန်ဖိုးရှိ အခြေခံအဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများကို ထုတ်ပြန် ကြေငြာပြီး နောက် သုတေသီများနှင့် ကျွမ်းကျင်သူများက သုံးသပ်ထားကြပါသည်။  

ယခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်း၌ မြို့တော်ဘေကျင်းက ယွမ်ငွေ (၂၅၂.၃) ဘီလီယံ တန်ဖိုးရှိ အဓိကရင်းနှီးမြှုပ်နှံမှုစီမံကိန်းပေါင်း (၃၀၀) ၏ စာရင်းကို ထုတ်ပြန် ကြေငြာခဲ့ပြီး၊ ၎င်းအနက် ယွမ်ငွေ (၆၆.၂) ဘီလီယံအား နိုင်ငံအဆင့်မီးရထားလမ်းစီမံကိန်း (၇) ခု၊ ဆင်ခြေဖုံးရထားစီမံကိန်း (၅) ခု၊ မြေအောက်ရထားလမ်း (၁၆) လမ်းနှင့် အဝေးပြေးလမ်း (၁၂) လမ်းတို့အပါအဝင် အခြေခံအဆောက်အအုံ စီမံကိန်း (၁၀၀)အတွက် အသုံးပြုသွားမည်ဟု မျှော်မှန်းထားပါသည်။

ဗဟိုအစိုးရ၏ ဟာနန်ပြည်နယ်တွင်လည်း ယခုနှစ်အတွင်း ရေဆိုးသန့်စင်ခြင်း၊ လေဆိပ်များနှင့် ထောက်ပို့သယ်ယူပို့ဆောင်ရေး အထောက်အကူပြု အသုံးအဆောင်များဖွံ့ဖြိုးရေးကဲ့သို့သော ဏ္ဍများတွင် ယွမ်ငွေ (၈၃၇.၂) ဘီလီယံ ရင်းနှီးမြှုပ်နှံသွားရန် စီမံလျက်ရှိပါသည်။

CCCC Road and Bridge International Co., ကလည်း မကြာသေးမီကာလအတွင်း ဖော်ဆန်း၏ Shunde စီရင်စုနှင့် တရုတ်နိုင်ငံတောင်ပိုင်းကွမ်တုန်းပြည်နယ်တို့ အကြား လမ်းတိုးချဲ့ရေးစီမံကိန်းအတွက် တင်ဒါအောင်မြင်ထားပြီးလာမည့် (၅၄) လအတွင်း ယွမ်ငွေ (၁.၈၉) ဘီလီယံတန်ဖိုးရှိ စီမံကိန်းကို ပြီးစီးအောင်တည် ဆောက်သွားမည်ဖြစ်ပါသည်။

၎င်းစီမံကိန်းများမှာ ကိုရိုနာကူးစက်ကပ်ရောဂါဘေးကြောင့် စီးပွားရေးဖွံ့ဖြိုးမှုနှေးကွေးသွားသည့်ကာလများပြီးနောက် စီးပွားရေးနှေးကွေးမှုအား လှုံ့ဆော်ပေးရန် နိုင်ငံတော်အဆင့်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ အခြေခံအဆောက်အအုံစီမံကိန်း အများအပြားမှာ  မကြာမီလုပ်ငန်းဆောင်ရွက်မှုနှင့် ထုတ်လုပ်မှုတို့ကို ပြန်လည်စတင်တော့မည်ဖြစ်သဖြင့်  ထုတ်လုပ်သူများနှင့် ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူများကိုများစွာ အထောက်အကူပြုသွားဖွယ်ရှိကြောင်း ညွှန်ပြနေပါသည်။

တရုတ်နိုင်ငံ၏ အခြေခံအဆောက်အအုံကဏ္ဍ၌ ထည့်သွင်းသော ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများတွင် မီးရထားလမ်းနှင့် ပြည်နယ်လေဆိပ်များကဲ့သို့ သမားရိုးကျ အခြေခံ အဆောက်အအုံအမျိုးအစားများသာမက၊ အဆင့်မြင့် စက်မှုကုန်ထုတ်လုပ်သော နည်းပညာများနှင့် 5G ကွန်ယက်များတည်ဆောက်ခြင်း၊ ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုများအတွင်း ရင်းမြစ်များထပ်မံထည့်သွင်းခြင်း၊ မြို့ပြလူနေအိမ်ယာဟောင်းများကို ပြန်လည်ပြင်ဆင်ခြင်း ကဲ့သို့သောရှိပြီး အခြေခံအဆောက်အအုံ အဟောင်းများကို အဆင့်မြှင့်တင်ခြင်းတို့လည်း ပါဝင်သည်ကို တွေ့ရပါသည်။

အခြေခံအဆောက်အအုံကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများပိုမိုထည့်သွင်းခြင်းမှာ စီးပွားရေးနှောင့်နှေးမှုများကို ဖြေရှင်းရန်လက်တွေ့အကျဆုံးနည်းလမ်းဖြစ်ပြီး၊ ထုတ်လုပ်မှုလုပ်ငန်းများကို စေ့ဆော်ပေးကာ၊ စီးပွားရေးအသက်သွေးကြောကို ပြန်လည်ရှင်သန်လာ စေပါသည်။ ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံ၏ GDP ဖွံ့ဖြိုးမှုတွင် အခြေခံ အဆောက်အအုံက (၃၁.၂) ရာခိုင်နှုန်း၊ စားသုံးမှုက (၅၇.၈) ရာခိုင်နှုန်းနှင့် ပို့ကုန်တင်ပို့မှုက (၁၁) ရာခိုင်နှုန်း ပါဝင်ခဲ့သည်ကိုတွေ့ရပါသည်။

 

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ China Daily (၁၉-၃-၂၀၂၀)

Category: China(Nanning)