Singapore

စင်ကာပူနှင့် တောင်ကိုရီးယား နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်မှုကွင်းဆက် ပြတ်တောက်မှု မဖြစ်ပေါ်စေရေး ဆွေးနွေး

Last Updated:

စင်ကာပူ - တောင်ကိုရီးယား နှစ်နိုင်ငံအကြား ဘက်စုံစီးပွားရေးဆက်ဆံမှုများကို အခိုင်အမာ ပြုလုပ်သွားကြမည်ဖြစ်ကြောင်းနှင့် COVID-19 ရောဂါဖြစ်ပွားမှုကာလ အတွင်း နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်မှုကွင်းဆက် ပြတ်တောက်မှုမဖြစ်ပေါ်စေ ရန် အရေးကြီးကြောင်း စင်ကာပူကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီး Chan Chun Sing နှင့် တောင်ကိုရီးယား ကုန်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး Yoo Myung-Hee တို့က ၂၇ -  ၃ - ၂၀၂၀ ရက်နေ့တွင် Video conference အစီအစဉ်ဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ထိုသို့ဆွေးနွေးစဉ် နှစ်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းများအတွက် အထောက်အကူပြုနိုင်ရန် လုပ်ငန်းများအကြား အပြန်အလှန်ချိတ်ဆက်မှုများ လွယ်ကူအဆင်ပြေစေရေး ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း၊ ဒီဂျစ်တယ်စီးပွားရေးကဏ္ဍ၌ ပူးပေါင်း ဆောင်ရွက်မှုအပါအဝင် နှစ်နိုင်ငံနှင့်ဒေသတွင်း ကုန်သွယ်မှုဆက်ဆံရေးပိုင်း ခိုင်မာအားကောင်းလာစေရေးအတွက် အထောက်အကူ ပြုမည့်နည်းလမ်းများ၊ COVID-19 ရောဂါဖြစ်ပွားမှု ပြီးဆုံးသည့်နောက်ပိုင်းကာလများတွင် ကမ္ဘာ့စီးပွားရေး ပြန်လည်နလန်ထူနိုင်မှုနှင့် စီးပွားရေးတိုးတက်မှုတို့အပေါ် အထောက်အကူပြုနိုင်သော ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် (RCEP) ကို ၂၀၂၀ ခုနှစ်တွင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် လိုအပ်သောလုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့်တင်၍ အကောင် အထည်ဖော်ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်းတို့ကိုလည်း ဆွေးနွေးခဲ့ကြပါသည်။

၂၀၁၉ ခုနှစ် စာရင်းအရ နှစ်နိုင်ငံကုန်သွယ်မှုသည် စင်ကာပူဒေါ်လာ ၃၉.၄ ဘီလီယံရှိခဲ့ပြီး၊ တောင်ကိုရီးယားနိုင်ငံသည် စင်ကာပူ၏ အဋ္ဌမမြောက် အများဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်စာရင်းအရ စင်ကာပူသည် တောင်ကိုရီးယား၏ ဆဋ္ဌမမြောက် အများဆုံးရင်းနှီးမြှုပ်နှံသူဖြစ်သကဲ့သို့ အာရှဒေသရှိနိုင်ငံ များအနက် တောင်ကိုရီးယားသည် စင်ကာပူတွင် ဆဋ္ဌမမြောက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ Ministry of Trade & Industry, Singapore

Category: Singapore