Singapore

စင်ကာပူငွေကြေးကြီးကြပ်မှုအာဏာပိုင်က ဘဏ်များသို့ အမေရိကန်ဒေါ်လာငွေ ထုတ်ချေးမည်

Last Updated:

စင်ကာပူငွေကြေးကြီးကြပ်မှုအာဏာပိုင်သည် MAS USD Facility အစီအစဉ်မှတစ်ဆင့် စင်ကာပူရှိ ဘဏ်များသို့ အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံအထိ ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း ၂၆ -  ၃ - ၂၀၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်ထားပါသည်။ အဆိုပါအစီအစဉ်သည် စင်ကာပူတွင် အမေရိကန်ဒေါ်လာ ငွေကြေးထောက်ပံ့ပေးမှုများအတွက် ပိုမိုတည်ငြိမ်မှုရှိစေပြီး၊ စင်ကာပူနှင့် ဒေသတွင်းရှိ စီးပွားရေးလုပ်ငန်းများသို့  အမေရိကန်ဒေါ်လာငွေကြေး ထုတ်ချေးပေးမှုများကို အထောက်အကူပြုမည် ဖြစ်ကြောင်း၊ ငွေရေးကြေးရေးစျေးကွက်များ တည်ငြိမ်စွာ ပုံမှန်လည်ပတ်လာစေရေးအတွက် ဗဟိုဘဏ်များ၏ ကြိုးပမ်းအားထုတ်မှုများ အပေါ်လည်း အထောက်အပံ့ပြုနိုင်ကြောင်း သိရှိရပါသည်။  

စင်ကာပူငွေကြေးကြီးကြပ်မှုအာဏာပိုင်သည် ၁၉ - ၃ -၂၀၂၀ ရက်နေ့တွင် ၎င်းနှင့် အမေရိကန်ဗဟိုဘဏ် (Federal Reserve) တို့အကြား ထုတ်ပြန်ကြေညာခဲ့သည့် အမေရိကန် ဒေါ်လာ ၆၀ ဘီလီယံ SWAP Facility အစီအစဉ်မှတစ်ဆင့် စင်ကာပူ ဒေါ်လာနှင့် လဲလှယ်ထားသော အမေရိကန်ဒေါ်လာငွေကြေးကို ရရှိမည်ဖြစ်ပါသည်။ ထိုသို့ရရှိမည့်အမေရိကန်ဒေါ်လာကို လေလံ စနစ်ဖြင့် စင်ကာပူရှိ ဘဏ်များသို့ ထုတ်ချေးပေးမည်ဖြစ်ပြီး၊ ပထမဆုံးလေလံပွဲကို ၂၇- ၃ - ၂၀၂၀ ရက်နေ့တွင် ပြုလုပ်၍ (၇)ရက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကို ကမ်းလှမ်းပေးခဲ့ ကြောင်း၊ နောက်ထပ် (၇)ရက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံနှင့် (၈၄) ရက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၈ ဘီလီယံ လေလံအစီအစဉ် (၂) ခုကို ၃၀ - ၃- ၂၀၂၀ ရက်နေ့တွင် ပြုလုပ် ပေးသွားမည်ဖြစ်ကြောင်းနှင့် ယင်းလေလံပွဲများ ပြီးဆုံးပါက အပတ်စဉ် တနင်္လာနေ့တိုင်း လေလံပွဲ များကို ပုံမှန်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ Press Release, Monetary Authority of Singapore,

Category: Singapore