India (Delhi)

စက်သုံးဆီများအပေါ် အခွန်တိုးမြှင့်ကောက်ခံရန်ပြင်ဆင်ချက်အား အိန္ဒိယလော့ဆာဘ လွှတ်တော်က အတည်ပြုခြင်း

Last Updated:

အိန္ဒိယနိုင်ငံ လော့ဆာဘလွှတ်တော်၏ ၂၃.၃.၂၀၂၀ နေ့ ကျင်းပသည့်အစည်းအဝေး၌ ဘဏ္ဍာရေးဝန်ကြီး Ms. Nirmala Sitharaman က တင်သွင်းခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဘဏ္ဍာငွေအရအသုံး ဥပဒေမူကြမ်းအား ကန့်ကွက်မှုတစ်စုံတစ်ရာမရှိပဲ အတည်ပြုခဲ့ရာ အစိုးရအနေဖြင့် စက်သုံးဆီများအပေါ် အခွန်တိုးမြှင့်ကောက်ခံ နိုင်ရန် အခွင့်အာဏာအပ်နှင်းသည့် ပြင်ဆင်ချက်လည်း ပါဝင်ခဲ့ပါသည်။

လက်ရှိကာလ၌ စက်သုံးဆီများအပေါ် အထူးထပ်ဆောင်းကုန်စည်အခွန် (Special Additional Excise Duty) အား အများဆုံးပမာဏအဖြစ် တစ်လီတာလျှင် ဓါတ်ဆီအပေါ် ရူပီးငွေ ၁၀ နှင့် ဒီဇယ်ဆီ အပေါ် ၄ ရူပီး အထိသာ ကောက်ခံရန် အခွင့်အာဏာအပ်နှင်းထားသည်။ ယခု ပြင်ဆင်ချက်အရ အိန္ဒိယအစိုးရအနေဖြင့် လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှစတင်၍ ဓါတ်ဆီ အပေါ် ၁၈ ရူပီးနှင့်  ဒီဇယ်ဆီအပေါ် ၁၂ ရူပီး အထိ အထူးကုန်စည်ခွန်အား ကောက်ခံနိုင်မည်ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဂယက်ကြောင့် နိုင်ငံတကာနှင့် အိန္ဒိယပြည်တွင်းတို့၌ စက်သုံးဆီဈေးနှုန်းများ ကျဆင်းလျက်ရှိရာ ပြည်တွင်း၌မော်တော်ယာဉ် အသုံးပြုမှု ကိုကန့်သတ်နိုင်ရန်နှင့် အခွန်ဘဏ္ဍာတိုးမြှင့်ရရှိနိုင်ရန်အတွက် ဓါတ်ဆီနှင့် ဒီဇယ်ဆီအပေါ် တစ်လီတာလျှင် အထူး ထပ်ဆောင်းကုန်စည်အခွန် ၂ ရူပီးနှင့် လမ်းတံတားအခွန် ၁ ရူပီး အသီးသီး တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း အိန္ဒိယအစိုးရက ၁၄.၃.၂၀၂၀ နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ပြင်ဆင်အတည်ပြုသည့် ဘဏ္ဍာငွေဥပဒေအရ အစိုးရသည် စက်သုံးဆီအပေါ် အခွန်ကောက်ခံမှုနှုန်းထားအား လိုအပ်သကဲသို့ အတိုးအလျော့ပြုလုပ်မှု အတိုင်းအတာကို ပိုမိုကျယ်ပြန့်စွာ လုပ် ဆောင်လာနိုင်မည်ဖြစ်သည်။

 

(မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ)

Source:         Govt amends law to get powers to raise excise duty on petrol, diesel by Rs 8/l in future, 23 March 2020, Economic Times

Category: India (Delhi)