Singapore

ကုန်ထုတ်လုပ်မှုကွင်းဆက် ပြတ်တောက်မှုမဖြစ်ပေါ်စေရေး ပူးပေါင်းဆောင်ရွက်ရန် စင်ကာပူနှင့် နယူးဇီလန် အခိုင်အမာကတိကဝတ်ပြု

Last Updated:

COVID-19 ရောဂါဖြစ်ပွားမှုကြောင့် စင်ကာပူနှင့် နယူးဇီလန်နှစ်နိုင်ငံအကြား ကုန်ထုတ်လုပ်မှုကွင်းဆက် ပြတ်တောက်မှုမဖြစ်ပေါ်စေရေး ပူးပေါင်းဆောင်ရွက် သွားကြမည်ဖြစ်ကြောင်း စင်ကာပူကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် နယူးဇီလန် ကုန်သွယ်ရေးနှင့်ပို့ကုန်မြှင့်တင်ရေးဝန်ကြီးဌာနတို့က ၂၀-  ၃ - ၂၀၂၀ ရက်နေ့ တွင် ပူးတွဲသတင်းထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

ရောဂါဖြစ်ပွားမှုသည် တစ်ကမ္ဘာလုံးအတွက် ဆိုးရွားသော ဖြစ်ရပ်တစ်ခုဖြစ်ပြီး၊ ရောဂါဖြစ်ပွားမှုကို တိုက်ဖျက်နိုင်ရန် စုပေါင်းတုန့်ပြန်မှုတစ်ခုအနေဖြင့် မိမိတို့ နှစ်နိုင်ငံသည် ကုန်ထုတ်လုပ်မှုကွင်းဆက်များ ချိတ်ဆက်မှုအခြေအနေ ဆက်လက်ခိုင်မြဲမှု ရှိစေရေး ကတိကဝတ်ပြုပါကြောင်း၊ ဤကာလအတွင်း မရှိမဖြစ်သုံးစွဲရန် လိုအပ်သောကုန်ပစ္စည်းများ တင်သွင်းတင်ပို့ခြင်းအပေါ် သက်ရောက်မှုရှိပြီး ကုန်သွယ်ရေးပြတ်တောက်မှု ဖြစ်ပေါ်စေသည့်အကြောင်းအရာများကို သတ်မှတ်ဖော်ထုတ်သွားကြမည် ဖြစ်ကြောင်း၊ ကုန်စည်စီးဆင်းမှုလွယ်ကူလျင်မြန်စေရေးအတွက် လေကြောင်းနှင့် ပင်လယ်ရေကြောင်းအပါအဝင် ကုန်သွယ်မှုလမ်းကြောင်းများကို ဆက်လက်ဖွင့်လှစ်၍ နှစ်ဘက်အကျိုးဖြစ်ထွန်းစေရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အရေးပေါ် သုံးစွဲရန် လိုအပ်သောကုန်ပစ္စည်းများ အထူးသဖြင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ ကုန်သွယ်မှုကို အဟန့်အတားဖြစ်ပေါ်စေသော အစီအမံများအား ဖယ်ရှားနိုင်ရန်၊ အကောက်ခွန်၊ အကောက်ခွန်မဟုတ်သော အတားအဆီးများနှင့် ပို့ကုန်ထိန်းချုပ်မှုအစီအမံ များကို ရှောင်ရှားကြရန် အရေးကြီးသည်ကို လက်ခံအတည်ပြုပါကြောင်း၊ ကုန်သွယ်မှုဆက်လက်ဆောင်ရွက်နိုင်စေရန် မိမိတို့နှစ်နိုင်ငံသည် သဘောထားတူညီသော အခြားနိုင်ငံများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားကြ မည်ဖြစ်ပြီး၊ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကုန်ထုတ်လုပ်မှုကွင်းဆက်ခိုင်မာမှုရှိစေရေးကို အထောက်အကူပြုပေးနိုင်စေရန်အတွက် မိမိတို့၏ လေဆိပ်နှင့် ဆိပ်ကမ်းကဲ့သို့သော အဓိကကျသည့် အခြေခံအဆောက်အအုံများကို ဆက်လက်ဖွင့်လှစ်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ Ministry of Trade & Industry, Singapore

Category: Singapore