Korea

ကိုရီးယားသမ္မတနိုင်ငံ၊ KB ဘဏ္ဍာရေးအုပ်စု(KB Kookmin Bank) ၏ ၂၀၂၀ ပြည့်နှစ်တွင် ဆောင်ရွက်မည့် မဟာဗျူဟာများ

Last Updated:

ကိုရီးယားသမ္မတနိုင်ငံရှိဘဏ်များသည် ပြည်တွင်းစီးပွားရေးတိုးတက်မှုနှုန်းနှေးကွေးနေမှု ကာလရှည်ကြာနေခြင်းကြောင့် ပြည်ပရှိ အလားအလာကောင်းသော နိုင်ငံ များ၏ ဘဏ်စျေးကွက်များသို့ ချဲ့ထွင်နိုင်ရန် အပြိုင်အဆိုင်ကြိုးပမ်းလျက်ရှိကြပါသည်။ KB ဘဏ္ဍာရေးအုပ်စု၏ ၂၀၂၀ ပြည့်နှစ်၏ ခြေလှမ်းသစ်မဟာဗျူဟာတစ်ရပ် အနေဖြင့် အရှေ့တောင်အာရှဒေသရှိနိုင်ငံများတွင် ပြည်တွင်းဘဏ်များအား ဝယ်ယူပေါင်းစည်း၍ ဘဏ်အသစ်ထူထောင်ခြင်း Mergers & acquisi-tions(M&A) အား ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့ တွင် ၂၀၂၀ ပြည့်နှစ်အတွင်း ဆောင်ရွက်သွားရန် အထူးစိတ်အားထက်သန်လျက်ရှိကြောင်း၊ အဆိုပါနှစ်နိုင်ငံတွင် KB ဘဏ်၏ ဒုတိယပြည်တွင်းစျေးကွက်အဖြစ် ရပ်တည်နိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလား အလာကောင်းရှိသောနိုင်ငံ အနည်းငယ်ကို ပိုမိုအာရုံစိုက်ခြင်းဖြင့် တိုးတက်မှုကိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်အတွက် ကမ္ဘာ့စီးပွားရေးအခြေအနေသည် အကျဘက်သို့ ဦးတည်ဆဲဖြစ်သည့်အတွက် ကမ္ဘာ့ဘဏ္ဍာရေး အသိုက်အဝန်း အခြေအနေသည်လည်း ခက်ခဲမှုများရင်ဆိုင်ရဦးမည်ဖြစ်ကြောင်း KB ဏ္ဍာရေးအုပ်စု၏ ဥ က္ကဌ Mr. Yoon Jong-kyoo မှထုတ်ဖော်ပြောကြားခဲ့ပါသည်။

KB ဘဏ္ဍာရေးအုပ်စုသည် အရှေ့တောင်အာရှ အာဆီယံနိုင်ငံများအနက် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများကို ကောင်းစွာခြေကုပ်ရယူထားပြီးဖြစ်ပြီး၊ နှစ်နှစ်ခွဲကာလအတွင်းတွင် လုပ်ငန်းခွဲ ၁၇ ခု ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါသည်။ သို့သော်လည်း လာမည့်နှစ်တွင် အာဆီယံဒေသအတွင်း လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာလျက်ရှိသော ဗီယက်နမ်နှင့်အင်ဒိုနီးရှားနိုင်ငံတို့သို့လည်း စျေးကွက်ချဲ့ထွင်ရန်ပြင်ဆင်ခြင်းဖြင့် တောင်ကိုရီးယားနိုင်ငံ၊ ပြည်တွင်းစျေးကွက်ကို မှီတည်နေရမှုကို လျော့ချသွားမည် ဖြစ်ကာ အထူးသဖြင့်ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်း၊ အသေးစားချေးငွေလုပ်ငန်း၊ Cooperate Finance တို့နှင့်သက်ဆိုင်သည့် ဘဏ္ဍာရေးနည်းပညာ၊ အသိပညာများကို ပြည်ပဘဏ်စျေးကွက်များသို့ မိတ်ဆက်ကာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ KB ဘဏ္ဍာရေးအုပ်စုသည် ငွေကြေးရင်းနှီးမြှုပ်နှံနိုင်မှုအရ အဆိုပါဒေသတွင် ဒုတိယအကြီးဆုံးဖြစ်ပြီး၊ Cooperate Finance အတွက်မူကိုရီးယားကုမ္ပဏီများအပြင် အဆိုပါဒေသရှိပြည်တွင်း ကုမ္ပဏီကြီးများနှင့်ပါ  ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

မရေရာမှုများဖြစ်ပေါ်လျက်ရှိသော ကမ္ဘာ့စီးပွားရေးစျေးကွက်အတွင်း KB ဘဏ္ဍာရေးအုပ်စုသည်ကုမ္ပဏီ၏ မူလစီးပွားရေးလုပ်ငန်းစုများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို ခိုင်မာအောင်ဆက်လက် ဆောင်ရွက်လျက်ရှိသည့်အားလျော်စွာ တစ်ဖက်တွင်လည်း ရေရှည် ဖွံ့ဖြိုးတိုးတက်စေမည့် အမျိုးမျိုးသော နည်းလမ်းများကိုလည်း အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများသို့ လုပ်ငန်းများချဲ့ထွင်ရန်ဆောင်ရွက်လျက်ရှိသည့်နည်းတူ တစ်ဖက်တွင်လည်း အမေရိကန်နိုင်ငံကဲ့သို့ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ နယူးယောက်နှင့်လန်ဒန်ကဲ့သို့သော ဘဏ္ဍာရေးစျေးကွက်များတွင် ပိုမိုနက်ရှိုင်းသည့်ချိတ်ဆက်မှုများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်းတွင် ထိပ်တန်း အမေရိကန် ရင်းနှီးမြှုပ်နှံမှု ဘဏ်လုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်သော Stifel Financial Corportion နှင့် မဟာမိတ်ဖွဲ့ပူးပေါင်းနိုင်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် KB Financial Group နှင့် အကျိုးတူ ဖြစ်သော KB Investment သည် KB Platform Fund ကို ဝမ်ငွေ ၂၂၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၈၉ သန်း) ဖြင့်ထူထောင်ခဲ့ကြောင်း၊  ထိုသို့ လွတ်လပ်စွာ တည်ထောင် ထားသောရန်ပုံငွေကို အသုံးပြုခြင်းဖြင့် KB Financial Group သည်  Fintech နှင့် ဇီဝနည်းပညာတက်သစ်စကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံ ပေးနိုင်ခြင်းစသော ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုစွမ်းရည်များကို ပိုမိုမြှင့်တင်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

KB Financial Group ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုဆွဲဆောင်မည့် မဟာဗျူဟာအနေဖြင့် ယင်းဘဏ်၏ နိုင်ငံခြားသား Customers များကို ဘဏ်၏ ရင်းနှီးမြှုပ်နှံသူများအဖြစ် သတ်မှတ်ထားပါကြောင်း၊ ၂၀၁၉ ခုနှစ် အောက်တိုဘာလစာရင်းများအရ ဆိုးလ်မြို့တွင် နိုင်ငံခြားသား ၂.၄၈ သန်းနေထိုင်လျက်ရှိပြီး လာမည့် ၁၀ စုနှစ်အတွင်း ၄ သန်းမှ ၅ သန်းထိ တိုးမြင့်ဖွယ်ရှိကြောင်း၊ အဆိုပါပမာဏသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့်ပေါင်းလိုက်လျှင် KB ၏ ကိုရီးယားနိုင်ငံသား မဟုတ်သော နိုင်ငံခြားသားဘဏ်အသုံးပြုသူများ၏စျေးကွက်သည် ပိုမိုကြီးထွားလာမည်ဖြစ်ကြောင်း၊ လက်ရှိအနေအထားတွင် စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးခြင်းနှင့် အတိုးနှုန်းနိမ့်ကျခြင်းတို့ကြောင့် KB Financial Groupအပါအဝင် တောင်ကိုရီးယားဘဏ်များနှင့် ဘဏ္ဍာရေးဆိုင်ရာ အစုရှယ်ယာများသည် ဝင်ငွေကောင်းသော်လည်း တန်ဖိုးကျဆင်းလျက်ရှိကြောင်း၊ KB Financial Group အနေဖြင့် ၎င်း၏ရည်မှန်းချက်များကိုအောင်မြင်ရေးအတွက် နယူးယောက်၊ လန်ဒန်၊ ဟောင်ကောင်နှင့် စင်ကာပူ အစရှိသော အဓိကနယ်မြေဒေသများရှိ ပြည်ပရင်းနှီးမြှုပ်နှံသူများနှင့် နီးကပ်စွာချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကိုရီးယားနိုင်ငံ)

Source: The Korea Times

Category: Korea