Belgium

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းထိခိုက်မည်ကို ယူရိုဇုန်စိုးရိမ်

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါဖြစ်ပွားမှု မြန်ဆန်စွာ အဆုံးသတ်ခဲ့လျှင်ပင် ထုတ်လုပ်မှုကွင်းဆက်တွင်တွေ့ကြုံနေရသည့် အခက်အခဲများကြောင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးတစ်ရပ်လုံးအပေါ် အကျိုးသက်ရောက်မှုဂယက်နှင့်အတူ ကုန်သွယ်မှု၊ ခရီးသွား လုပ်ငန်းနှင့် စီးပွားရေးဆိုင်ရာ ယုံကြည်မှုတို့အပေါ် သက်ရောက်လိမ့်မည်ဖြစ်ကြောင်း ယူရိုဇုန် European Stability Mechanism (ESM) ၏ ညွှန်ကြားရေးမှူးဖြစ်သူ Klaus Regling  က ပြောကြားခဲ့ကြောင်း ဘရပ်ဆဲလ်တိုင်းမ် သတင်းဌာန၏ ၁၈-၂-၂၀၂၀ နေ့တွင် သတင်းဖော်ပြချက်အရ  သိရှိရပါသည်။

စီးပွားရေးကျဆင်းမည့် အခြေအနေများရှိနေကြောင်း၊ စီးပွားရေးလေ့လာသုံးသပ်သူများစွာက တရုတ်နိုင်ငံအတွက် ၎င်းတို့၏ စီးပွားရေးခန့်မှန်းချက်များကို ပြန်လည် ပြင်ဆင်ခဲ့ကြပြီး၊ အခြားသော အာရှဒေသစီးပွားရေးများမှာလည်း ကျဆင်းနေသဖြင့် ယခုနှစ်၏ ပထမသုံးလပတ်အတွင်း negative growth ဖြစ်ပေါ်နိုင်မည်ဟု ခန့်မှန်းထားကြကြောင်း၊ ဘဏ်များနှင့် စီးပွားရေးလေ့လာသုံးသပ်သူများသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါဖြစ်ပွားမှုပြဿနာမှာ မည်မျှအထိအချိန်ကြာမြင့်မည်ကို မသိနိုင် ကြကြောင်း၊ အကယ်၍ ရောဂါဖြစ်ပွားမှုလျင်မြန်စွာပြီးဆုံးခဲ့သည့်တိုင် ကမ္ဘာ့စီးပွားရေးအပေါ် ဆန့်ကျင်ဘက်အကျိုးဆက်များနှင့်အတူ ကုန်သွယ်မှု၊ ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးဆိုင်ရာယုံကြည်မှုတို့အပေါ် ထိခိုက်နိုင်ကြောင်း၎င်းက ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါရောဂါဖြစ်ပွားနေမှုဆိုင်ရာ စိန်ခေါ်မှုအတိုင်းအတာသည် ရောဂါဖြစ်ပွားမှုကာလ အပေါ်တွင်မူတည်နေပြီး၊ ယခုနှစ်၏ ပထမသုံးလပတ်ကာလသည် အာရှနိုင်ငံ များအတွက် ပြဿနာရှိနိုင်သည်ဟု ယူရိုဇုန်၏ ဘဏ္ဍာရေးအကျပ်အတည်း စီမံခန့်ခွဲမှု ဆိုင်ရာအကြီးအကဲဖြစ်သူ Klaus Regling က ဆက်လက်ပြောကြားခဲ့ကြောင်း၊ အီးယူအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ဖြစ်ပွားမှု၏သက်ရောက်မှုအပေါ် အကဲဖြတ်နိုင်မှုနှင့်စပ်လျဉ်း၍ မသေချာမရေရာမှုများရှိနေပြီး၊ ယင်းအခြေအနေသည် စီးပွားရေးအတွက် ကောင်းမွန်သည့်အချက်မဟုတ်ကြောင်း၊ ရောဂါဖြစ်ပွားမှု အခြေအနေကို နီးနီးကပ်ကပ်စောင့်ကြည့်နေပြီး၊ ယာယီကာလတစ်ရပ်သာဖြစ်ရန်နှင့် အီးယူစီးပွားရေးအပေါ် ယာယီသက်ရောက်မှုများသာရှိရန်လည်း မျှော်လင့်ထားကြောင်း Eurogroup ၏ ဥက္ကဌဖြစ်သူ Mario Centeno က ပြောကြားခဲ့ သည်ဟုသိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

ရင်းမြစ် -  (https://www.brusselstimes.com)

Category: Belgium