Belgium

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ခရိုအေးရှားနိုင်ငံကုမ္ပဏီများ၏ (၉၅) ရာခိုင်နှုန်း ထိခိုက်မှုရှိ

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ခရိုအေးရှားနိုင်ငံ၏ စီးပွားရေးအပေါ်သက်ရောက်မှုမှာ တိုးလာနေပြီး၊ အငယ်စားစီးပွားရေးလုပ်ငန်းများသည် အထိနာဆုံးဖြစ် ကြောင်း ခရိုအေးရှားကုန်သည်ကြီးများအသင်းမှ  ကုမ္ပဏီလုပ်ငန်းများအား ကောက်ယူ ခဲ့သည့် စစ်တမ်းအရသိရှိရကြောင်း၊ ကုမ္ပဏီလုပ်ငန်းပေါင်း (၂၇၀၀) ကျော်ကို ကောက်ယူခဲ့သည့် ၎င်းစစ်တမ်းအရ ကုမ္ပဏီများ၏ (၉၅) ရာခိုင်နှုန်းက ၎င်းတို့၏ turnover ကျဆင်းခဲ့ကြောင်းဖြေကြားခဲ့ကြပြီး၊ (၂၈) ရာခိုင်နှုန်းက (၁၀၀) ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ စစ်တမ်းပါ ကုမ္ပဏီအရေအတွက်၏ လေးပုံသုံးပုံ (၇၄) ရာခိုင်နှုန်းက ထုတ်လုပ်မှုကျဆင်းကြောင်းဖော်ပြကြပြီး ၎င်းတို့၏ (၂၁) ရာခိုင်နှုန်းသည် ထုတ်လုပ်မှု ပိုင်းတွင် (၁၀၀) ရာခိုင်နှုန်းကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကြောင့် ကုန်စည်စီးဆင်းမှု supply chains တွင်လည်း ထိခိုက်မှုရှိခဲ့ပြီး စစ်တမ်းပါ ခရိုအေးရှားနိုင်ငံကုမ္ပဏီများ၏ (၆၁) ရာခိုင်နှုန်းက ယင်းပြဿနာရှိခဲ့သည်ဟု ဖြေကြားခဲ့ကြောင်း၊ ပို့ကုန်အပိုင်းတွင် ကျဆင်းခဲ့သည့် ကုမ္ပဏီများသည် (၄၅) ရာခိုင်နှုန်း ရှိခဲ့ပြီး၊ သွင်းကုန်ကျဆင်းသည့် ကုမ္ပဏီ (၄၁) ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ယင်းစစ်တမ်းအရ ကုမ္ပဏီများ ၏ (၄၂) ရာခိုင်နှုန်းသည် လုပ်သားလျှော့ချရန်နှင့် (၃၇) ရာခိုင်နှုန်းက ပိတ်သိမ်းရန် စဉ်းစားနေကြကြောင်း ခရိုအေးရှား ကုန်သည်ကြီးများအသင်းက ပြောကြားခဲ့ပါသည်။

စစ်တမ်းကောက်ယူခဲ့သည့် ကိန်းဂဏန်းများအရ ကိုရိုနာဗိုင်းရပ်စ်ရောဂါအကျပ်အတည်းကြောင့် ထိခိုက်မှုအများဆုံးဖြစ်သည့် စီးပွာရေးလုပ်ငန်းကဏ္ဍများကို လုပ်ခလစာ ထောက်ပံ့ပေးခြင်း၊ ချေးငွေပြန်လည်ပေးဆပ်ခြင်းကို ဆိုင်းငံ့ထားခြင်းစသည့် ကင်းလွတ်ခွင့်များဖြင့် ဆောလျင်စွာကူညီပေးရန်လိုအပ်ကြောင်း ခရိုအေးရှားကုန်သည်ကြီးများအသင်းဥက္ကဌ Luka Burilovic က ပြောကြားခဲ့ကြောင်း၊ လုပ်သားပြတ်လပ်မှုနှင့်ပတ်သက်၍ စစ်တမ်းပါကုမ္ပဏီများ၏ သုံးပုံနှစ်ပုံက ပြဿနာ တစ်စုံတစ်ရာ မရှိကြောင်း ဖြေကြားထားပြီး၊ (၂၇) ရာခိုင်နှုန်းက နာမကျန်းခွင့်နှင့် သီးခြား နေထိုင်ရခြင်း(self-isolation) တို့ကြောင့် လုပ်သားပြဿနာရှိ သည်ဟု ဖြေကြားထားကြောင်း သိရှိရပါသည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအကျပ်အတည်းကြောင့် စီးပွားရေးပြဿနာများကို ဖြေရှင်းနိုင်ရေး ခရိုအေးရှားနိုင်ငံအစိုးရက ချမှတ်ထားသည့် အစီအမံများအပေါ် ကုမ္ပဏီလုပ်ငန်းများ၏ စိတ်ပါဝင်စားမှုကို အဆိုပါစစ်တမ်းက ကောက်ယူခဲ့ရာ ကုမ္ပဏီလုပ်ငန်း (၅၆) ရာခိုင်နှုန်းက ထည့်ဝင်ကြေးနှင့်အခွန်အခများ ရွှေ့ဆိုင်းထား ခြင်းကို စိတ်ပါဝင်စားကြပြီး၊ (၅၀) ရာခိုင်နှုန်းခန့်က အလုပ်အကိုင်ထိန်းသိမ်းထားရေးအကူအညီကို စိတ်ဝင်စားမှုရှိကြကြောင်း၊ ကုမ္ပဏီ (၃၅) ရာခိုင်နှုန်းသည် ငွေကြေးအထောက် အပံ့အတွက် ချေးငွေအသစ်များရရှိရေးကို စိတ်ဝင်စားကြပြီး၊ (၃၂) ရာခိုင်နှုန်းက လက်ရှိချေးငွေများပြန်လည်ပေးဆပ်ရန်ကာလ ဆိုင်းငံ့ထားခြင်းကို ကြိုဆိုခဲ့ကြကြောင်း၊ ခရိုအေးရှားနိုင်ငံအစိုးရမှ ချမှတ်ထားသည့် စီမံဆောင်ရွက်မှုများအပေါ် ကုမ္ပဏီများ အနေဖြင့် စိတ်ပါဝင်စားမှု အများဆုံးကဏ္ဍများမှာ ကုန်ထုတ်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ လက်လီလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများ ဖြစ်ကြကြောင်း croatiaweek ၏ ၂၅-၃-၂၀၂၀ နေ့တွင် သတင်းဖော်ပြချက်အရ သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

ရင်းမြစ် - (Croatiaweek)

Category: Belgium