China(Nanning)

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ဖြစ်ပွားမှုကို တိုက်ဖျက်ရာတွင် အထောက်အကူပြုမူဝါဒများဖြင့် တရုတ်အစိုးရဆောင်ရွက်သွားမည်

Last Updated:

ဖေဖော်ဝါရီလ (၅) ရက်နေ့အထိ တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူဉီးရေ (၄၉၀) ဉီးနှင့် ကူးစက်ခံထားရသူပေါင်း (၂၄၃၂၄) ဉီး ရှိနေပြီ ဖြစ်ပါသည်။ စားနပ်ရိက္ခာနှင့် ဆေးဝါးထုတ်လုပ်သည့်လုပ်ငန်းများကို ပြန်လည်စတင် နေသော်လည်း ရုံးများ၊ ကုမ္ပဏီများနှင့် ကျောင်းများကို ပိတ်ထားရဆဲဖြစ်ပါ သည်။  ထို့ကြောင့် တရုတ်နိုင်ငံ၏ စီးပွားရေးအား များစွာထိခိုက်နစ်နာစေသည့်အပြင် တရုတ် နိုင်ငံနှင့် ချိတ်ဆက်လုပ်ကိုင်နေသည့်နိုင်ငံများရှိ လုပ်ငန်းများအပေါ်လည်း သက်ရောက်မှုကြီးမားလျက်ရှိပါသည်။

ကမ္ဘာ့ထုတ်လုပ်မှုနှင့် စွမ်းအင်ဈေးနှုန်းများအပေါ် သက်ရောက်လာသည်

ကိုရီးယားနိုင်ငံအခြေစိုက် ကမ္ဘာ့ပဉ္စမမြောက် အကြီးဆုံး မော်တော်ယာဉ် ထုတ်လုပ်သည့် ဟွန်ဒိုင်းသည် တရုတ်နိုင်ငံမှ ယာဉ်အစိတ်အပိုင်းများ ရောက်ရှိလာခြင်း မရှိသဖြင့် ၎င်း၏ ထုတ်လုပ်မှုကို ဆိုင်းငံ့ထားရပါသည်။ ဟွန်ဒိုင်းကဲ့သို့ပင် Tesla၊  Ford နှင့် Nissan တို့အတွက် ထုတ်လုပ်ပေးနေသော တရုတ်ပြည်တွင်းရှိ စက်ရုံများ မှာလည်း  ပိတ်ထားရဆဲဖြစ်ပါသည်။

အလားတူပင် အမေရိကန်မှ ရေနံထုတ်လုပ်သူများမှာလည်း တရုတ်နှင့် အခြားနိုင်ငံများတွင်  ကိုရိုနာကူးစက်ရောဂါပျံ့နှံ့ဖြစ်ပွားမှုကြောင့် အခက်အခဲများနှင့် ရင်ဆိုင် လာရပါသည်။ ယမန်နှစ်အတွင်း ကုန်စည်ဈေးနှုန်းများကျဆင်းခဲ့မှုကြောင့် အရှုံးနှင့် ရင်ဆိုင်ခဲ့ရသော ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်သူများသည်၊ ယခုနှစ် တွင်လည်း ကမ္ဘာ့ရေနံဈေးနှုန်း တဟုန်ထိုးကျဆင်းမှုနှင့် ထပ်မံရင်ဆိုင်နေရပြန်ပါသည်။  ကူးစက်ရောဂါပျံ့နှံ့လာပြီးနောက် ခရီးသွားလာမှုများနှင့် ထုတ်လုပ်မှုများအပေါ် ထိခိုက် ခဲ့သဖြင့် တရုတ်နိုင်ငံမှ လောင်စာဆီဝယ်လိုအားမှာ (၂၀) ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ ဖေဖော်ဝါရီလ (၃) ရက်နေ့ရှိ  West Texas ရေနံဈေးနှုန်းမှာ ရက်ပေါင်း (၃၀) အတွင်း၌ပင် တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၅၀) အောက်ကျဆင်းခဲ့သည်ကို တွေ့ရပါသည်။

ရောဂါတိုက်ဖျက်ရေးနှင့် ကုသရေးတို့အား ပံ့ပိုးကူညီသွားမည်

ကိုရိုနာကူးစက်ရောဂါပိုးကြောင့် ကူးစက်ရောဂါဖြစ်ပွားနေမှုများကို တိုက်ဖျက်ရန် ပြည်နယ်အစိုးရများနှင့် လူပုဂ္ဂိုလ်တစ်ဉီးချင်းစီတို့အတွက် ရန်ပုံငွေများ ပံ့ပိုးပေးရန် သို့မဟုတ် အမူဝါဒများဖြင့် အထောက်အပံ့ပြုရန် တရုတ်ဗဟိုအစိုးရ၏ ဌာနအချို့က စတင်ဆောင်ရွက်လျက်ရှိကြောင်း အမျိုးသားကျန်းမာရေးကော်မရှင် (NHC)၏ ပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် ထုတ်ဖော်ပြောကြားလိုက်ပါသည်။

ရောဂါကူးစက်ခြင်းခံရသော လူနာများအနေဖြင့် ၎င်းတို့၏ ကျန်းမာရေးအာမခံ သို့မဟုတ် ဆေးဝါးအထောက်အပံ့ဖြင့် ကျခံခြင်းမရှိသည့် ဆေးဝါးကုသသည့် စရိတ် များအတွက် ဗဟိုနှင့် ပြည်နယ်အစိုးရများထံမှ ကူညီထောက်ပံ့မှုများကို ရရှိမည်ဖြစ်ကြောင်း၊   ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးတွင် ပါဝင်ကြသော ဆေးဝါး ဆိုင်ရာလုပ်သားများနှင့် အခြားလူပုဂ္ဂိုလ်များကိုလည်း ထောက်ပံ့ကူညီပေးမည်ဖြစ်ကာ၊ တာဝန်ထမ်းဆောင်နေစဉ် ရောဂါပိုးကူးစက်ခြင်းခံရပါက လျော်ကြေးပေး သွားမည်ဖြစ်ကြောင်း၊ သတင်းစာရှင်းလင်းပွဲ၌ NHC၏ ဒုတိယညွှန်ကြားရေးမှူး Li Bin က ပြောကြားခဲ့ပါသည်။

ကပ်ရောဂါကိုတိုက်ဖျက်ရာတွင် ဆေးဝါးအသုံးအဆောင်များနှင့် စမ်းသပ်သည့် ပစ္စည်းများ ဝယ်ယူရန် ပြည်နယ်အစိုးရများအတွက် လိုအပ်သောကူညီမှုများကိုလည်း ဗဟိုအစိုးရက ပေးသွားမည်ဖြစ်ပါသည်။  ဘဏ္ဍာရေးဝန်ကြီးဌာနက Hubei ပြည်နယ်သို့ ပေးသည့် ယွမ်ငွေ (၁.၅)ဘီလီယံအပါအဝင် ရောဂါကာကွယ်ရန်နှင့် ထိန်းချုပ် ရန်နိုင်ငံတဝှမ်းရှိ ပြည်နယ်အစိုးရများအား ပံ့ပိုးရန် ယွမ်ငွေ (၅.၄) ဘီလီယံ (အမေရိကန် ဒေါ်လာ ၇၆၉.၈ သန်း) လျာထားပြီးဖြစ်ကြောင်း Li က ထည့်သွင်း ပြောကြားခဲ့ပါသည်။

အမျိုးသားဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်ကလည်း ရောဂါအဓိက ဖြစ်ပွားရာ Hubei ပြည်နယ်၏ မြို့တော် ဝူဟန်တွင် ရောဂါကူးစက်သူများအား ကုသ ရန် ဆေးရုံသစ်တည်ဆောက်မှုအား ပံ့ပိုးကူညီရန် ဗဟိုအစိုးရထံမှ ယွမ်ငွေသန်း (၃၀၀) ကို ရင်းနှီးမြှုပ်နှံခဲ့ပါသည်။

အသေးစားနှင့် အလတ်စားလုပ်ငန်းများအား ပံ့ပိုးကူညီသွားမည်

မီဒီယာများ၏ အစီရင်ခံချက်များအရ ကူးစက်ရောဂါကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အသေးစားနှင့် အလတ်စားလုပ်ငန်းများ အားပံ့ပိုးရန် စီမံဆောင်ရွက်မှုများကို ဘေကျင်း၊ ရှန်ဟိုင်းနှင့် စူးကျိုးတို့က ပြဌာန်း ထားကြောင်းသိရပါသည်။

ဖေဖော်ဝါရီလ (၂) ရက်နေ့က တရုတ်နိုင်ငံအရှေ့ပိုင်းပြည်နယ်တစ်ခုဖြစ်သည့် ကျန်းစုပြည်နယ်ရှိ   စူးကျိုးက ရောဂါကပ်ဘေးကျရောက်ချိန်တွင် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတည်ငြိမ်စေရေး သေချာစေရန်အလို့ငှာ အသေးစားနှင့် အလတ်စားလုပ်ငန်းများကို ပံ့ပိုးကူညီမှုခိုင်မာစေရန် ဘဏ်များနှင့် စီမံခန့်ခွဲရေးဌာနများက လိုအပ် သည့် မူဝါဒ (၁၀) ရပ်ကို ကြေငြာခဲ့ပါသည်။  ၎င်းမူဝါဒများတွင်  အသေးစားနှင့်အလတ်စားလုပ်ငန်းများကို အထူးပြုလျက် ထိခိုက်နစ်နာမှုများဖြစ်ခဲ့သည့် လုပ်ငန်း များအတွက် ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးမည့် လူမှုရေးအာမခံပေးသွင်းမှုကို နောက်ကျမှ ပေးသွင်းခွင့်ပြုခြင်း၊ ငှားရမ်းခနှင့် အခွန်အခများ လျှော့ချခြင်းနှင့် ကင်းလွတ်ခွင့်ပြုခြင်းတို့ကဲ့သို့သော ခိုင်မာသည့် စီမံဆောင်ရွက်မှုများ ပါဝင်ပါသည်။

တရုတ်အစိုးရသည် နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအပေါ်  နက်ရှိုင်းစွာသက်ရောက် နိုင်ဖွယ်ရှိသည့် ကိုရိုနာကူးစက်ရောဂါကို ရင်ဆိုင်နေရသော တရုတ်၏ အသေးစားနှင့် အလတ်စားလုပ်ငန်းများ၏   ခိုင်မာသောပံ့ပိုးကူညီသူအဖြစ် ရပ်တည်ပေးသွားမည်ဖြစ်ကြောင်း စူးကျိုး၏ ပါတီအတွင်းရေးမှူး  Lan Shaomin က ထုတ်ဖော်ပြောကြားခဲ့ပါသည်။ စူးကျိုးသည် ထိုကဲ့သို့သော ချက်ချင်းစီစဉ်ဆောင်ရွက်ပေးသည့် စီမံဆောင်ရွက်မှုများကို ပြဌာန်းပေးသည့် ပထမဆုံး ပြည်နယ် အစိုးရဖြစ်လာခဲ့ပြီး စီးပွားရေးလုပ်ငန်းများထံသို့ ယုံကြည်မှုနှင့် တက်ကြွမှုတို့ကို သယ်ဆောင်ပေးသောမြို့ဖြစ်လာပါသည်။ ဘေကျင်းနှင့် ရှန်ဟိုင်းတို့ကလည်း အလားတူစီမံဆောင်ရွက်မှုများ ကို ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် ချမှတ်ခဲ့ကြပါသည်။

စီးပွားရေးတည်ငြိမ်စေရန်နှင့် အလုပ်အကိုင်များကို အာခံပေးရန် ဘေကျင်းအစိုးရက ခရီးသွားလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းနှင့် အစားအသောက်ပြင်ဆင်ပေးသော လုပ်ငန်းကဏ္ဍများအပါအဝင်  ကိုရိုနာကူးစက်ရောဂါကြောင့် အလွန်ထိခိုက်နစ်နာ ခဲ့ရသည့် လုပ်ငန်းများရှိ ကုမ္ပဏီများအတွက် လူမှုရေးအာမခံငွေကောက်ယူမှုများအား ဇူလိုင်လကုန်အထိ ရွှေ့ဆိုင်းပေးထားပါသည်။

အလုပ်သမားများကို အလုပ်ထုတ်ပစ်ခြင်းအား လျှော့ချရန် အစိုးရက ကုမ္ပဏီများအား လစာကို ပြန်ချိန်ညှိရန်၊ အလုပ်လုပ်ချိန်ကို လျှော့ချရန်နှင့် အလုပ်သမားနှင့် ညှိနှိုင်း ပြီးနောက် အချိန်ဇယား ပြန်လည်ရေးဆွဲရန် အားပေးထားပါသည်။ အလုပ်သမား လျှော့ပစ်ခြင်းမပြုသည့် ကုမ္ပဏီများအား ယခင်နှစ်က ၎င်းတို့ ပေးသွင်းထား သည့် အမှန်တကယ်အလုပ်လက်မဲ့အာမခံ၏ (၅၀) ရာခိုင်နှုန်းကို ပြန်အမ်းပေးမည်ဖြစ်ပြီး၊  ထုတ်လုပ်မှုနှင့် လုပ်ငန်းလည်ပတ်မှု ယာယီအခက်အခဲဖြစ်နေသည့် ကုမ္ပဏီများအား  အာမခံပေးသွင်းမှုကို (၆)လ ဆိုင်းထားပေးမည်ဖြစ်သည်။  ရောဂါဖြစ်ပွားမှုကြောင့် လုပ်ငန်းမလည်ပတ်နိုင်သည့် အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် ၎င်းတို့၏ အိမ်ငှားခကို လျှော့ချပေးခြင်း သို့မဟုတ် ကင်းလွတ်ခွင့်ပေးခြင်းတို့ ပြုလုပ်ပေးမည် ဖြစ်ပါသည်။ Bank of China ကလည်း ၎င်း ကုမ္ပဏီများအတွက် အတိုးနှုန်းသက်သာသည့် ချေးငွေများထုတ်ချေးခြင်းအပါအဝင် ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးမှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ကြေငြာထားပါသည်။

နှစ်စဉ်လုပ်သားများ၏ ပျမ်းမျှလစာငွေနှင့် တိုးတက်ရရှိသော ဝင်ငွေတို့ဖြင့် ချိတ်ဆက်ထားသည့် လူမှုရေးအာမခံငွေပေးသွင်းမှုကို ရက်ရွှေ့ဆိုင်းပေးခဲ့သဖြင့် လုပ်ငန်း များအတွက် လူမှုရေးအာမခံငွေပေးသွင်းမှု ဝန်ထုပ်ဝန်ပိုး  ယွမ်ငွေ (၁၀.၁) ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၄၄ ဘီလီယံ) လျော့ကျသွားမည်ဟု ခန့်မှန်းထားသည်။

အသေးစားနှင့် အလတ်စားလုပ်ငန်းများကို ပံ့ပိုးပေးမည့် အခြားစီမံဆောင်ရွက်မှုများကိုလည်း ပိုမိုဆောင်ရွက်သွားနိုင်ရန် မျှော်လင့်ကြောင်း 21st Century Business Herald က မီဒီယာသို့ပြောကြားခဲ့ပါသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးအပေါ် ရိုက်ခတ်မှုများမှာ ရောဂါကာကွယ် ရေးနှင့် ထိန်းချုပ်ရေးအပေါ် ထိရောက်စွာဆောင်ရွက်နိုင်မှုအပေါ်မူတည်ကြောင်း၊ သို့ရာတွင် ထိုသို့သက်ရောက်မှုများမှာ ယာယီသာဖြစ်ပြီး တရုတ်နိုင်ငံ၏ ရေရှည် တိုးတက်မှုအခြေခံအုပ်မြစ်အား ပြောင်းလဲစေမည်မဟုတ်ကြောင်း၊ တရုတ်အစိုးရ အနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် စိန်ခေါ်မှုကို ကျော်လွှားနိုင်မည်ဟု ယုံကြည်ပြီး၊  စီးပွားရေးအပေါ် ဆိုးကျိုးသက်ရောက်မှုများကို အနည်းဆုံးဖြစ်စေရန် လျှော့ချ သွားနိုင်မည်ဖြစ်ကြောင်း အမျိုးသားဖွင့်ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်မှ ဒုတိယအကြီးအကဲ Lian Weiliangက ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် မီဒီယာ သို့ပြောကြားခဲ့သည်။

ပြည်တွင်းဈေးကွက်ဈေးနှုန်းများအပေါ် စောင့်ကြည့်ကြပ်မတ်ခြင်းကို ဆောင်ရွက်လျက်ရှိ

တရုတ်နိုင်ငံ၌ နိုဗယ်ကိုရိုနာကူးစက်ရောဂါ ပျံ့နှံ့ဖြစ်ပွားနေမှုအား တိုက်ဖျက်နေ ချိန်အတွင်း ဈေးကွက်စနစ်တကျလည်ပတ်စေရန်နှင့် ဈေးကွက်ချိုးဖောက်ပျက်ယွင်း မှုများ မရှိစေရန်တို့မှာ ဈေးကွက်စည်းမျဉ်းဌာနမှ တာဝန်ရှိသူတို့အတွက် အဓိက တာဝန်ဖြစ်လာပါသည်။  ယခုအခါ နှာခေါင်းစည်းကဲ့သို့သော ရောဂါကာကွယ်ရေး အသုံး အဆောင်များနှင့် ဆန်၊ ဂျုံနှင့် ဟင်းသီးဟင်းရွက်ကဲ့သို့သော နေ့စဉ်လိုအပ်ချက်များဟူ သည့် အဓိကကဏ္ဍ(၂)ရပ်အပေါ် အလေးထားဆောင်ရွက်ပေးလျက်ရှိ ပါသည်။  လက်ရှိအချိန်အထိ ဈေးနှုန်းများတည်ငြိမ်နေသေးသည်ကို တွေ့ရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ ဆင်ဟွာ (၃-၂-၂၀၂၀)၊ New York Times (၅-၂-၂၀၂၀)နှင့် China Daily (၄-၂-၂၀၂၀)

Category: China(Nanning)