China(Nanning)

ကိုရိုနာကူးစက်ရောဂါဖြစ်ပွားရာဒေသများသို့ WHO နှင့် တရုတ်ကျွမ်းကျင်သူများ ပူးတွဲအဖွဲ့ စစ်ဆေးရေးခရီးစတင်

Last Updated:

တရုတ်နိုင်ငံနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)တို့မှ ကျွမ်းကျင်သူများပါဝင်သော ပူးတွဲအဖွဲ့သည် ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှစ၍ ကိုရိုနာကူးစက်ရောဂါပျံ့နှှံ့ ဖြစ်ပွားမှု၏ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးတို့အပေါ်လက်တွေ့ကွင်းဆင်း စစ်ဆေးမှု များစတင်ဆောင်ရွက်လျက်ရှိသည်။

ယင်းပူးတွဲအဖွဲ့သည် ပေကျင်း၊ ကွမ်တုန်းပြည်နယ်နှင့် စီချွမ်းပြည်နယ်များသို့ သွားရောက်၍ စစ်ဆေးမှုများဆောင်ရွက်ရန် စီစဉ်ထားကြောင်း ဖေဖော်ဝါရီလ (၁၆) ရက်နေ့တွင် ပြုလုပ်ခဲ့သော ဆွေးနွေးပွဲပြီးနောက် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ တွင် အမျိုးသားကျန်းမာရေးကော်မရှင်မှ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် Mi Feng က ပြောကြားခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲသို့ ပူးတွဲကျွမ်းကျင်သူအဖွဲ့ဝင်များနှင့် နိုင်ငံတော်ကောင်စီ၏ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးပူးတွဲအဖွဲ့မှ ကိုယ်စား လှယ်များအပါအဝင် လူ (၈၀) ဉီးခန့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။

ဆွေးနွေးပွဲ၌ အမျိုးသားကျန်းမာရေးကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူး Li Bin က တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဆောင်ရွက်လျက်ရှိသည့် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစီမံဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခဲ့ပြီး၊ ရင်ဆိုင်ကြုံတွေ့ နေရသည့်  စိန်ခေါ်မှုကို ရည်ညွှန်းလျက် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပူးပေါင်း ဆောင်ရွက်သွားရန် သစ္စာဆိုခဲ့ပါသည်။  ထို့ပြင်ကျွမ်းကျင်သူအဖွဲ့ထံမှ အကြံဉာဏ်များပြုရေးအတွက်လည်း ကြိုဆိုခဲ့ပါသည်။ နိုင်ငံတော်ကောင်စီအဖွဲ့ဝင် ဝန်ကြီးဌာနများနှင့် စီမံခန့်ခွဲရေးဌာနများမှ ကိုယ်စားလှယ်များကလည်း ၎င်းတို့၏ စီမံဆောင်ရွက်မှုများနှင့် ထိန်းချုပ်ရေးလုပ်ငန်းများကို မိတ်ဆက်ခဲ့ကြပါသည်။

ဆွေးနွေးပွဲအတွင်း ရောဂါအဓိကဖြစ်ပွားရာဟူပေပြည်နယ်နှင့်  ဗီဒီယိုဖြင့် ဆက်သွယ်လျက် ဖြစ်ပွားနေမှုအခြေအနေ၊ ကျေးလက်ဒေသများနှင့် ရပ်ကွက်များအတွင်း၌ ရောဂါထိန်းချုပ်ရေးနှင် ကာကွယ်ရေးစီမံဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြပါသည်။ ပူးတွဲကျွမ်းကျင်သူအဖွဲ့သည် တရုတ်နိုင်ငံ၏ ကာကွယ်ရေးနှင့် ကုသရေးစီမံ ဆောင်ရွက်မှုများနှင့် တရုတ်ဆေးပညာဆိုင်ရာဝန်ထမ်းများနှင့် လုပ်သားများ၏ စွန့်လွှတ်ပေးဆပ်မှုများကို အသိအမှတ်ပြုခဲ့ကြပါသည်။

၎င်းအဖွဲ့၏ ဖေဖော်ဝါရီလ (၁၇)ရက်နေ့တွင် စတင်ခဲ့သော ဘေကျင်းမြို့ခရီးစဉ် အတွင်း ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအတွက် တရုတ်စင်တာ၊ ဘေကျင်း Ditan ဆေးရုံနှင့်  Chaoyang အရပ်ဒေသရှိ Anhualiရပ်ကွက်တို့သို့ သွားရောက်ခဲ့ကြကာ  သက်ဆိုင်ရာအရာရှိများနှင့် ကျွမ်းကျင်သူများဖြင့် နည်းပညာဆိုင်ရာ ဖလှယ်မှုများ ဆောင်ရွက်ခဲ့ကြပါသည်။  ၎င်းအဖွဲ့သည် ကွမ်တုန်းနှင့် စီချွမ်းပြည်နယ်များသို့ ဖေဖော်ဝါရီ လ (၁၈) ရက်နေ့တွင် ဆက်လက်ထွက်ခွာသွားကြသည်ဟု သတင်းရရှိပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်း)

ရင်းမြစ်၊ ဆင်ဟွာ (၁၈-၂-၂၀၂၀)

Category: China(Nanning)