Belgium

ကမ္ဘောဒီးယားနိုင်ငံ၏ EBA ကုန်သွယ်မှုအကျိုးခံစားခွင့်အား အီးယူမှ partial withdrawl အဖြစ် ရုပ်သိမ်းမည်

Last Updated:

ကမ္ဘောဒီးယားနိုင်ငံအပေါ် EBA ကုန်သွယ်မှုအကျိုးခံစားခွင့်အား တစ်စိတ်တစ်ပိုင်းရုပ်သိမ်းမှု (partial withdrawl) အဖြစ် ရုပ်သိမ်းသွားရန် ဥရောပကော်မရှင်က ဆုံးဖြတ်ခဲ့ကြောင်း၊ အဆိုပါ အကောက်ခွန်သက်သာခွင့်များနေရာတွင် အီးယူ၏ MFN အခွန်နှုန်းထားများ အစားထိုးဝင်ရောက် လာမည်ဖြစ်သဖြင့် ကမ္ဘောဒီးယား နိုင်ငံ၏ ချုပ်ပြီးအထည်နှင့်ဖိနပ်ကုန်စည်များ၊ ခရီးသွားလုပ်ငန်းသုံး ကုန်စည်များနှင့်သကြားတို့အပေါ် သက်ရောက်မှုရှိမည်ဖြစ်ကြောင်း၊ ထိုသို့ရုပ်သိမ်းမှုသည် ကမ္ဘောဒီးယားနိုင်ငံမှ အီးယူသို့ နှစ်စဉ်တင်ပို့မှုပမာဏ၏ ငါးပုံတစ်ပုံခန့် (ယူရို ၁ ဘီလီယံခန့်) တန်ဖိုးရှိမည်ဖြစ်ကြောင်း၊ ဥရောပပါလီမန်နှင့် ဥရောပကောင်စီတို့က ကန့်ကွက်ခြင်းမရှိပါက အဆိုပါဆုံးဖြတ်ချက်သည် ၁၂-၈-၂၀၂၀ နေ့တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း ၁၂-၂-၂၀၂၀ နေ့တွင် ဥရောပကော်မရှင်က သတင်းထုတ် ပြန်ခဲ့ပါသည်။

ဥရောပကော်မရှင်၏ ဆုံးဖြတ်ချက်သည် အီးယူကုန်သွယ်မှုလုပ်ငန်းစဉ်၏ ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ကို ထိန်းသိမ်းထားခြင်းဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ အားဖြေရှင်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှင့် ပို့ကုန်အမျိုးမျိုးကွဲပြားတင်ပို့နိုင်မှုတို့အား  ဆက်လက်ထောက်ပံ့ပေးရန် လိုအပ်မှုကိုလည်း အသိအမှတ်ပြုထားကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံရှိ ထွန်းသစ်စစက်မှုလုပ်ငန်းများအားလုံးသည် အီးယူဈေးကွက်သို့ အခွန်ကင်းလွတ်ခွင့်နှင့်အရေ အတွက် ကန့်သတ်ချက်ကင်းလွတ်ခွင့်များ ဆက်လက်ရရှိခံစားနိုင်မည်ဖြစ်ကြောင်း၊ တန်ဖိုးမြှင့်ချုပ်ပြီးအထည်များ (high value-added garments) နှင့် အချို့သော ဖိနပ်ထုတ်ကုန်များမှာလည်း အလားတူကင်းလွတ်ခွင့်များ ဆက်လက်ရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။ 

အီးယူမှ ကမ္ဘောဒီးယားနိုင်ငံအပေါ် EBA ကုန်သွယ်မှုအကျိုးခံစားခွင့် ယာယီရုပ်သိမ်းရေး လုပ်ငန်းစဉ်အား ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ခဲ့ခြင်းဖြစ်ပြီး၊ နိုင်ငံ ရေးဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း၍ သိသာသောတိုးတက်မှုမရှိခဲ့ကြောင်း၊ ဥရောပကော်မရှင်အနေဖြင့် ကမ္ဘောဒီးယားအာဏာပိုင်များ၏ ဆောင်ရွက်ချက်များ အထူးသဖြင့် အလုပ်သမားအခွင့်အရေးနှင့် မြေယာဆိုင်ရာအခွင့် အရေးများနှင့်ပတ်သက်၍ အသိအမှတ်ပြုကြောင်း၊ ဥရောပကော်မရှင်နှင့် ဥရောပပြည်ပဆက်ဆံရေး ဌာနတို့အနေဖြင့် ကမ္ဘောဒီးယားအာဏာပိုင်များနှင့်ထိတွေ့၍ လူ့အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေးအခြေအနေများကို နီးနီးကပ်ကပ် စောင့်ကြည့်သွားမည် ဖြစ်ကြောင်း၊ အီးယူမှ ဖော်ပြထားသည့်အချက်များတွင် သိသာသောတိုးတက်မှုကိုပြသနိုင်ခဲ့ပါက ဥရောပကော်မရှင်အနေဖြင့် အကောက်ခွန်ကင်းလွတ်သက်သာခွင့် ကို ပြန်လည်ပေးအပ်သွားနိုင်ရေးနှင့်စပ်လျဉ်းသည့် ယင်း၏ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်နိုင်မည်ဖြစ်ကြောင်း အဆိုပါသတင်းအရသိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

ရင်းမြစ် -  (https://ec.europa.eu/trade)    

Category: Belgium