China(Nanning)

ကပ်ရောဂါ တိုက်ဖျက်ရာတွင် AI နည်းပညာက ဘက်စုံအသုံးဝင်လျက်ရှိ

Last Updated:

AI ဟု အတိုကောက်ခေါ်ကြသည့် Artificial intelligence (ဉာဏ်တု)နည်းပညာမှာ ကိုရိုနာ ကူးစက်ကပ်ရောဂါဆိုးကို တိုက်ဖျက်ရာတွင် အရေးပါသော အခန်း ကဏ္ဍမှပါဝင်လျက်ရှိပါသည်။  အထူးသဖြင့် ခရီးသွားလာမှုများပြီး လူနေထူထပ်သည့် မြို့ကြီး များတွင် AI ကိုယ်ပူချိန်စစ်ဆေးသည့် စနစ်များမှာ လူအချင်းချင်း ထိတွေ့စစ်ဆေးမှုမပြုလုပ်ရဘဲ (၃) မီတာ အကွာအဝေးမှ အလိုအလျောက်စစ်ဆေးခြင်းဖြစ်ကာ၊ အပူချိန်အတိုးအလျော့  (၀.၃) ဒီကရီစဲစီးယက်စ်အတွင်း တိကျလှသဖြင့် များစွာအသုံးဝင် လှပါသည်။ ၎င်းစနစ်သည် တစ်စက္ကန့်လျှင် လူ (၁၅) ဉီးကို တစ်ပြိုက်နက်တည်း စစ်ဆေးနိုင်ပြီး၊ ဉီးထုပ်ဆောင်းထားလျှင် သို့မဟုတ် နှာခေါင်းစည်း တပ်ထားလျှင်သော်မှ စစ်ဆေးပေးနိုင်သည်ကို တွေ့ရပါသည်။ ၎င်း စနစ်ကို ဘေကျင်းမြို့၏ Haidian ရှိ မြေအောက်ရထားဘူတာအချို့နှင့် အစိုးရဌာန ခန်းမများတွင် စမ်းသပ်တပ်ဆင်ထားပါသည်။

နောက်ထပ်နည်းပညာတစ်ရပ်မှာ ဒေတာအချက်အလက်များ၊ နက်နဲသည့် လေ့လာမှုများနှင့်  သိမြင်တွက်ချက်မှုနည်းပညာများအပေါ် အလေးထားသည့် Cloudwalk နည်းပညာကုမ္ပဏီမှ တီထွင်မှုဖြစ်ပါသည်။  ၎င်းကုမ္ပဏီသည် Guide Infraredနှင့် ပူးပေါင်းလျက် AI ရောင်ခြည်အဖျားတိုင်းစနစ်များကို တီထွင်ထားကာ၊ ဝူဟန်မြို့ရှိ မီးရထားဘူတာရုံများ၊ လေဆိပ်များနှင့် ဆေးရုံများအပါအဝင် အများပြည်သူတို့ သွားလာတတ်သောနေရာအချို့တွင် တပ်ဆင်ထားပါသည်။

 ကိုယ်ပူချိန်တိုင်းနည်းပညာအပြင် ယခုကဲ့သို့ ကပ်ရောဂါဆိုက်ရောက်နေချိန်၌ ရောဂါ ကူးစက်မှုထိန်းချုပ်ရေးစက်ရုပ်များနှင့် ဉာဏ်တုဖြင့် ဝန်ဆောင်မှုပေးသည့် စနစ်များကို အစိုးရများ၊ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများနှင့် အလှူရှင်အဖွဲ့အစည်းများ အတွက် နည်းပညာကုမ္ပဏီအချို့က လှူဒါန်းပေးထားပါသည်။ ထိုကဲ့သို့ သောစက်ရုံများကို လူနေအိမ်များနှင့် လုပ်ငန်းများသို့ အလိုအလျောက်ဖုန်းခေါ်ဆိုစေလျက် သတင်းအချက်အလက်စုံစမ်းကောက်ယူမှုများ ပြုလုပ်စေရာတွင် အသုံးပြုပါသည်။ ၎င်းစက်ရုပ်များသည် အသံမှတ်တမ်းတင်ခြင်း၊ ပြောကြားမှုကို ရေးသားခြင်းနှင့် ခြွင်းချက်ရှိသောကိစ္စအချို့အပေါ် မှတ်ချက်ပြုခြင်းကဲ့သို့သော အခြားလုပ်ဆောင်ချက်များကိုပါ ပူးတွဲလုပ်ဆောင်နိုင်ကြပါသည်။

Aispeechအမည်ရ အသံဖြင့် အပြန်အလှန်ဆက်သွယ်သည့် ကုမ္ပဏီက ၎င်း၏ ဉာဏ်တုစက်ရုပ်များကို ကျင်းစုပြည်နယ်၊ စုကျိုးမြို့ရှိ လူပေါင်း (၇၀၀၀)နှင့် ဆက်သွယ်စေခဲ့ပါသည်။ (၂) နာရီအချိန်အတောအတွင်း  ဖုန်းပြောထားသည့် ရလဒ်များကို စက်ရုပ်က ပြုလုပ်နိုင်ခဲ့ပြီး ဝူဟန်သို့ သွားရောက်ခဲ့သူများနှင့် အဖျားရှိနေသူများအား အထူးမှတ်ချက်ပြုခြင်းကို ဆောင်ရွက်နိုင်ခဲ့ပါသည်။ ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် Aispeech စက်ရုပ်များက မေးမြန်းသူပေါင်း (၅) သိန်းနှင့် အမေးအဖြေ ပြုလုပ် နိုင်ခဲ့ပြီး၊ အကြောင်းကြားသည့် ဖုန်းခေါ်ဆိုမှုပေါင်း (၁) သန်းနီးပါးကို ပြုလုပ်နိုင်ခဲ့ပါသည်။

ထိုမျှမက ဆေးဘက်ဆိုင်ရာ AIလုပ်ငန်းဖြစ်သည့် Left-Handed Doctorsက နမိုးနီးယားကိုရိုနာကူးစက်ရောဂါပိုး စစ်ဆေးခြင်း၊ အွန်လိုင်းမှ တိုင်ပင်ဆွေးနွေးခြင်းနှင့် အိမ်တွင် သီးခြားနေထိုင်ခြင်းဟူသည့် မိုဘိုင်းလ်ဖုန်းဖြင့် အသုံးပြုရသည့် ထုတ်ကုန် (၃) ရပ်ကို စတင်ခဲ့ပါသည်။ လူနာများအနေဖြင့် ဆေးရုံသို့ မသွားရဘဲ မိမိတို့ကိုယ်တိုင် ရောဂါပိုး ရှိ၊ မရှိ သရုပ်ခွဲနိုင်ပြီး၊ မလိုအပ်ဘဲ ဆေးရုံဆေးခန်းသွားခြင်းကြောင့် ရောဂါကူးစက်ခံရမှုမှာ ရှောင်ရှားနိုင်ကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့ပါသည်။ Huazhong သိပ္ပံနှင့် နည်းပညာ တက္ကသိုလ်လက်အောက်ရှိ Tongji ဆေးဘက်ဆိုင်ရာကောလိပ်၊ ဝူဟန်ဗဟိုဆေးရုံနှင့် ပထမ တန်းစားဆေးရုံ (၃၀)ကျော်တို့က ၎င်းကုမ္ပဏီ၏ နမိုးနီးယားကိုရိုနာကူးစက်ရောဂါစစ်ဆေး သည့်စနစ်ကို အသုံးပြုလျက်ရှိပါသည်။

SenseTimeအမည်ရ ကျန်းမာရေးစောင့်ရှောက်မှုအုပ်စုက AI ဆေးဝါးဗေဒဆိုင်ရာ သိပ္ပံနှင့်မျိုးဗီဇဆန်းစစ်မှုတို့အား အခြေခံ၍ ကိုရိုနာကူးစက်ရောဂါအတွက် ကုသရေးအစီအမံများကို သုသေတနပြုရန် ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများနှင့် တက္ကသိုလ် များဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံတွင် AIနည်းပညာအသုံးပြုမှု လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာလျက်ရှိပြီး၊ တရုတ်နိုင်ငံက ၂၀၃၀ ပြည့်နှစ်၌ ကမ္ဘာပေါ်တွင် ဉီးဆောင်သော AI တီထွင်ဆန်းသစ်မှုစင်တာ ဖြစ်လာစေရန် ရည်သန်ထားပါသည်။ ယခုကဲ့သို့ AI developer များအနေဖြင့် ကပ်ရောဂါဖြစ်ပွားစဉ်ကာလအတွင်း တုန့်ပြန်ရေးနည်းလမ်းများအပေါ် အမြင်သစ်များရရှိလျက်ရှိကြောင်း NETSTARSမှ အဆင့်မြင့် AI အရာရှိဖြစ်သူ Chen Bin က မှတ်ချက်ပြုထားပါသည်။

တရုတ်လူမှုရေးသိပ္ပံကျောင်းမှ Deng Weiqiangကလည်း AI မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်ကြောင်း၊ ချမ်းသာကြွယ်ဝသော လူမှုအသိုက်အဝန်း တစ်ရပ်တည်ထောင်ရာနှင့် စီးပွားရေးအသစ်ဆီသို့ တရုတ်နိုင်ငံက ချီတက်ရာတွင် AI မှာ အရေးပါသော သင်္ကေတတစ်ခုဖြစ်လာကြောင်း မှတ်ချက်ပြုပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်း)

ရင်းမြစ် ၊ China Daily (၁၁-၂-၂၀၂၀)

Category: China(Nanning)