Belgium

Schengen ဒေသမှ ခရီးသွားများ အမေရိကန်နိုင်ငံသို့ လာရောက်ခွင့်ကို အမေရိကန်နိုင်ငံသမ္မတ ပိတ်ပင်

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုအပေါ် ကာကွယ်သည့်ဆောင်ရွက်မှုအနေဖြင့် ဥရောပနိုင်ငံ အများစုမှခရီးသွားများ အမေရိကန်နိုင်ငံသို့ ခရီးသွားလာခွင့်ပိတ်ပင်မှုကို အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ အဆိုပါ ပိတ်ပင်မှု သည် ၁၃-၃-၂၀၂၀ (သောကြာနေ့) ညနေပိုင်းမှ စတင်၍ Schengen ဒေသမှ လေယာဉ်ခရီးစဉ်များအားလုံးကို သက်ရောက်မှုရှိမည် ဖြစ်ပြီး၊ ရက်ပေါင်း (၃၀) ကြာမြင့်မည်ဖြစ်သည်ဟု အိမ်ဖြူတော်က ပြောကြားခဲ့ကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံ၌ ကိုရိုရာဗိုင်းရပ်စ်ရောဂါတွေ့ရှိမှုပေါင်း (၁၀၀၀) ကျော်သို့ ရောက်ရှိခဲ့ပြီး သေဆုံးမှုအရေအတွက်သည်လည်း (၃၇) ဦး ရှိပြီးဖြစ်ကြောင်း၊ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါအား ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ကမ္ဘာ့ကပ်ရောဂါအဖြစ် တရားဝင်ကြေညာခဲ့သည့်နေ့တွင် ယခုကဲ့သို့ ခရီးသွားလာခွင့်ပိတ်ပင်မှု ကြေညာချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံတွင် အသက်အိုးအိမ်စည်းစိမ်များ ကာကွယ်နိုင်ရေးအတွက် စောစီးစွာဆောင်ရွက်သည့် အစီအစဉ်များကို မိမိတို့လုပ်ဆောင်ခဲ့ကြောင်း၊ ယခုအခါ ဥရောပတွင်အလားတူဆောင်ရွက်မှုများကို မိမိတို့အနေဖြင့် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုသိရပါသည်။ အမေရိကန်နိုင်ငံ၊ ဓါတ်မတည့်ခြင်းနှင့်ကူးစက်ရောဂါဆိုင်ရာအဖွဲ့ အစည်း (National Institute of Allergy and Infectious Diseases) ၏ ညွှန်ကြားရေးမှူးဖြစ်သူ Dr. Anthony Fauci က ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှုသည် ပိုဆိုးလာနိုင်သည်ဟု ခန့်မှန်းထားကြောင်း၊ ရောဂါတွေ့ရှိမှုများကို ပိုမိုမြင်တွေ့ရမည်ဖြစ်ပြီး၊ လက်ရှိအနေအထားထက် ပိုမိုဆိုးရွား လာနိုင်သည်ဟု သတိပေးပြောကြားထားကြောင်း သိရပါ သည်။

ကိုရိုနာဗိုင်းရပ်စ်သည် ပုံမှန်ရာသီတုပ်ကွေးရောဂါထက် သေဆုံးမှုဖြစ်နိုင်ခြေ (၁၀) ဆပို၍များကြောင်း၊ အမေရိကန်နိုင်ငံမှ ကြေညာခဲ့သည့် ခရီးသွားလာခွင့် ပိတ်ပင်မှု အရသက်ရောက်မှုရှိမည့် နိုင်ငံများမှာ သြစတြီးယား၊ ဘယ်လ်ဂျီယံ၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ အက်စတိုးနီးယား၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ ဂရိ၊ ဟန်ဂေရီ၊ အိုက်စ်လန်၊ အီတလီ၊ လတ်ဗီးယား၊ လက်ချင်စတိန်း၊ လစ်သူရေး နီးယား၊ လူဇင်ဘတ်၊ မော်လ်တာ၊ နယ်သာလန်၊ နော်ဝေ၊ ပိုလန်၊ ပေါ်တူဂီ၊ ဆလိုဗက်ကီးယား၊ ဆလို ဗေးနီးယား၊ စပိန်၊ ဆွီဒင်နှင့် ဆွစ်ဇာလန်နိုင်ငံ များဖြစ်ကြောင်း ဘရပ်ဆဲလ်တိုင်းမ်၏  ၁၂-၃-၂၀၂၀ နေ့တွင် သတင်းဖော်ပြချက်အရ သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

ရင်းမြစ်  - (ဘရပ်ဆဲလ်တိုင်းမ်)

Category: Belgium