Korea

Novel Coronavirus (COVID-19) ကမ္ဘာ့ကပ်ရောဂါကြောင့် ကိုရီးယားသမ္မတနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာမူဝါဒကို ရိုက်ခတ်လာ

Last Updated:

ကိုရီးယားသမ္မတနိုင်ငံသည် Novel Coronavirus (COVID-19) ကူးစက်ရောဂါစတင်ဖြစ် ပွားချိန်မှစ၍ လက်ရှိကာလအတွင်း ပြည်ဝင်/ ပြည်ထွက်ဆိုင်ရာများကို အလွန်အကျူးမကန့်သတ်ခဲ့သော်လည်း ယခုအခါကမ္ဘာ့ကပ်ရောဂါအဖြစ် နိုင်ငံအနှံ့အပြားတွင် ဆိုးရွားစွာကူးစက်ပျံ့နှံ့လာသည့်နောက် လူဝင်မှုကြီးကြပ်ရေးကို တင်းကျပ်စွာကန့်သတ်မှုများဆောင်ရွက်ရေး အစိုးရမှစဉ်းစားရန် လိုအပ်လာပြီဖြစ်ကြောင်း ကျန်းမာရေးပညာရှင်များ၏ဝေဖန်မှုများက မြင့်တက်လျက်ရှိပါသည်။

ယခုရက်ပိုင်းအတွင်း တိုးမြင့်လာသည့် COVID-19 Confirmed Case များ၏ ၅၀ % သည် နိုင်ငံရပ်ခြားမှ Imported Case များဖြစ်နေခြင်းကြောင့် လူဝင်မှုကြီး ကြပ်ရေးဆိုင်ရာကန့်သတ်ရေးအတွက် အစိုးရမှမူဝါဒချမှတ်ရန်နှင့်  ရောဂါဆက်လက် မပြန့်ပွားစေရေး ပြည်သူများ၏ Social Distancing ဆိုင်ရာစည်းကမ်းများကို အထူးအလေးထားလိုက်နာကြရန်တို့မှာ ဤအခြေအနေတွင် အရေးအကြီးဆုံးဖြစ်ပါကြောင်း၊ မလိုအပ်သည့်ခရီးသွားလာမှုများကို လျှော့ချရန်လိုအပ်ကြောင်း Korea Centers for Disease Control and Prevention-KCDC မှ ပြောကြားခဲ့ပါသည်။ 

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှခရီးသည်အဝင်များကို လုံးလုံးလျားလျားမကန့်သတ်ခဲ့သည့် အစိုးရ၏ဆုံးဖြတ်ချက်သည် မှားယွင်းကြောင်းနှင့် ထိုနောက်ဆက်တွဲ ပြဿနာများကို ပြည်သူများမှ ယခုခံစားနေရခြင်းဖြစ်ကြောင်း၊ ယခုအချိန်သည် ပြည်ဝင်ပြည်ထွက်ကန့်သတ်ခြင်းဆောင်ရွက်ရန် နောက်မကျသေးကြောင်း၊ ဆိုက်ရောက်ခရီးသည်များအား ရောဂါပိုးစစ်ဆေးရုံမျှဖြင့် ကူးစက်ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်မည်မဟုတ်ကြောင်း KCDC ၏ ညွှန်ကြားရေးမှူးဟောင်းတစ်ဦး ဖြစ်ခဲ့သည့် Mr. Jun Byung-yool က ဝေဖန်ပြောကြားခဲ့ပါသည်။ ဆိုးလ်မြို့၊ Soonchunhyaung University Hospital ၏ ကူးစက်ရောဂါအထူးကု Dr. Kim Tae-hyong ကလည်း  ပြည်ပအဝင်ခရီးသည်များကို ကန့်သတ်နိုင်ပါက ကူးစက်ရောဂါပြန့်ပွားနှုန်းကိုလျော့ကျရန် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ဆရာဝန်များ အသင်းအနေဖြင့် COVID-19 ရောဂါ ပထမဆုံးကူးစက်ခံရသူကို စတင်တွေ့ရှိခဲ့စဉ် ကတည်းကပင်ပြည်ဝင်ပြည်ထွက်ကန့်သတ်ရေးကိုအကြံပြုခဲ့ပါကြောင်း Korea University Hospital ၏ကာကွယ်ရေးဆေးပညာပါမောက္ခဖြစ်သူ Dr. Choi Jae-wook တို့ကအသီးသီးထုတ်ဖော်ပြောကြားခဲ့ပါသည်။

ဤ COVID-19 ကူးစက်ရောဂါတိုက်ဖျက်ရေးခရီးသည်ရှည်လျားနိုင်ပြီး ကာကွယ်ဆေးနှင့် အမြစ်ပြတ်ကုသနည်းများ မပေါ်ပေါက်သေးမီ ကူးစက်ပြန့်ပွားမှုနှုန်းကို လျော့ကျရေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လက်ရှိတွင် ကူးစက်ခံရသည့် လူနာ အရေအတွက်သည် ရာဂဏန်းအောက်သို့ လျော့ကျလာသည့်တိုင် ရောဂါဆိုးရွားစွာ ခံစားနေရသည့်လူနာဦးရေသည် တိုးပွားနေဆဲဖြစ်ပြီး၊ ကူးစက်ခံရသည့်လူနာများ များပြားလာသည်နှင့်အမျှ ဆေးရုံနေရာလုံလောက်မှုမရှိခြင်း၊ အရေးပေါ်အသက်ရှူ ကိရိယာများ လုံလောက်မှုမရှိခြင်းတို့ကို တွေ့ကြုံလာရကြောင်း ဖော်ပြထားပါသည်။

ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်၌  ဥရောပမှဆိုက်ရောက် ခရီးသည်များအား COVID-19 စစ်ဆေးခြင်းကို ၂၂−၃−၂၀၂၀ ရက်နေ့မှစ၍ ဆောင်ရွက်လျက်ရှိပြီး၊ Quarantine ကာလ(၂)ပတ် စောင့်ကြည့်စစ်ဆေးခြင်းကို လိုက်နာစေလျက်ရှိကြောင်း၊ ဥရောပနိုင်ငံများမှဆိုက်ရောက်ခရီးသည်များတွင် ရောဂါလက္ခဏာရှိသူ အများအပြားကို စစ်ဆေးတွေ့ရှိရပါ ကြောင်း၊ ဆိုးလ်မြို့တစ်မြို့တည်း၌ပင်(၁၄)ရက် Quarantine ဆောင်ရွက်ပြီးသူ ၅,၇၅၆ ဦးရှိပြီး၊  ၂,၂၂၉ ဦးခန့်သည် Quarantine ဆောင်ရွက်ဆဲဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများသည်လည်း ဝန်နှင့်အား မမျှသည့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ခြင်း၊ ဝန်ထမ်းအချို့တွင် ရောဂါကူးစက်ခံရခြင်းတို့ကို ကြုံတွေ့ရလျက်ရှိကြောင်း၊ ဖေဖော်ဝါရီလအတွင်းက Jeonju မြို့တွင် တာဝန်ထမ်းဆောင်စဉ် အသက်ဆုံးရှုံးသွားခဲ့သော ကျန်းမာရေး ဝန်ထမ်းတစ်ဦးသည် ၎င်းမသေဆုံးမီကာလအထိ နေ့စဉ်     ည ၁၁:၀၀ နာရီအထိ အချိန်ပိုတာဝန်ထမ်းဆောင်ခဲ့ရကြောင်း ဖော်ပြပါရှိပါသည်။  

ပြည်ဝင်ပြည်ထွက်ကန့်သတ်ခြင်းကြောင့် စီးပွားရေးအပေါ်ထိခိုက်လာမည့်အရေးနှင့် ပတ်သက်၍  “ နိုင်ငံအများစုသည် Coronavirus အန္တရာယ်ကိုကြောက်သဖြင့် ပြည်ဝင်ပြည်ထွက်နှင့် နယ်စပ်ဝင်ထွက်ဂိတ်များကိုပိတ်ကြကြောင်း၊ သို့ရာတွင် အပြည်ပြည်ဆိုင်ရာအဆက်အသွယ်များ ပြတ်တောက်လျှင် ကုန်သွယ်ရေး၊ စီးပွားရေး တို့အပေါ်ထိခိုက်မှုသည် ပိုမိုဆိုးရွား၍ ကာလကြာရှည် သွားနိုင်မည်ဖြစ်ကြောင်း” ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၇ ရက်နေ့တွင်ပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့အစည်း အဝေးတွင် သမ္မတမွန်ဂျေအင်းမှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။  

ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် ကုန်သွယ်ရေးကိုမထိခိုက်လိုသော်လည်း လူဝင်မှုကြီး ကြပ်ရေးဆိုင်ရာကန့်သတ်မှုများကိုဆောင်ရွက်သင့်ကြောင်း၊ တောင်ကိုရီးယား အစိုးရအနေဖြင့် တရုတ်ခရီးသွားအဝင်ကိုပိတ်လိုက်ပါက တရုတ်သို့တင်ပို့မည့် ပို့ကုန်များ အပေါ်တွင်ထိခိုက်မည်ကို စိုးရိမ်နေ၍ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၃ နှစ် အတွင်းက အမေရိကန်ပြည်ထောင်စုသို့တင်ပို့နိုင်မှုအား နည်းခဲ့ချိန်တွင် တရုတ်နိုင်ငံသို့တင်ပို့နိုင်ခဲ့သည့်အတွက် ပို့ကုန်အပိုင်းတွင်သိသာစွာတိုးတက်ခဲ့ကြောင်း၊ သို့ရာတွင် ထိုသို့မှီခိုလွန်းနေခြင်းသည် တောင်ကိုရီးယားနိုင်ငံအတွက် အကြီးမားဆုံး စွန့်စားမှုတစ်ရပ်ဖြစ်ကြောင်း Seoul National University မှ စီးပွားရေး ပါမောက္ခ Mr. Ahn Dong-hyun က ဝေဖန်ပြောကြားခဲ့ပါသည်။          

ထို့ပြင် ပြည်ပမှဆိုက်ရောက် နိုင်ငံခြားသားများသည် ၎င်းတို့နေထိုင်ရာနိုင်ငံတွင်ပင်လျှင် COVID-19 ရောဂါဆေးစစ်ခြင်းကို အခမဲ့ မဆောင်ရွက်နိုင်သော်လည်း ဤနိုင်ငံတွင် ၎င်းတို့အား အခမဲ့ရောဂါပိုးစစ်ဆေးပေးခြင်း၊ ကုသခြင်းနှင့် နေထိုင်မှုစရိတ် ဆိုင်ရာများကို အပြည့်အဝထောက်ပံ့ ပေးနေခြင်းသည် တောင်ကိုရီးယား ပြည်သူများမှ အစိုးရသို့ပေးဆောင်ထားသည့်အခွန်ဘဏ္ဍာများကို တရားမျှတမှုမရှိစွာ သုံးစွဲနေသကဲ့သို့ဖြစ်ပြီး၊ အခွန်ထမ်းပြည်သူတို့၏စိတ်ဓါတ်ရေးရာကို ပျက်ပြား လာစေနိုင်ကြောင်း စီးပွားရေးပါမောက္ခ Mr. Ahn Dong-hyun ကဝေဖန်ထောက်ပြခဲ့ပါသည်။ ထိုသို့ နိုင်ငံခြားသားများအား ကုန်ကျစရိတ်အခမဲ့ဖြင့် ရောဂါပိုးစစ်ဆေး ကုသပေးခြင်းဆိုင်ရာမူဝါဒအား အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြန်လည်ဆန်းစစ် သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ ထုတ်ဖော်ပြောကြားချက်အရ သိရှိရပါသည်။

နိုင်ငံရေးမူဝါဒဆိုင်ရာကျွမ်းကျင်သူများကမူ ထိုသို့ ပြည်ဝင်ပြည်ထွက်ပိတ်ပင်ခြင်းသည် ကမ္ဘာ့နိုင်ငံများသို့ သတင်းစကားအမှားများ ပြန့်ပွားနိုင်ပြီး၊ နိုင်ငံများအကြား ဆက်ဆံရေးထိခိုက် လာမည်ကိုလည်း စိုးရိမ်လျက်ရှိကြသည်။ ကိုရီးယားသမ္မတနိုင်ငံ၏ ဗိုင်းရပ်စ်ထိန်းချုပ်မှုစနစ်သည်  “နိုင်ငံခြားမှဝင်ရောက်မှုကို မတားဆီးဘဲ ဝင်ရောက်လာသူများကို ရောဂါပိုးစစ်ဆေးခြင်း၊ သီးခြား ထားရှိခြင်းနှင့် ကုသခြင်း” တို့ဖြစ်ကြောင်း၊ နယ်နိမိတ်ပိတ်ပင်ခြင်းသည် မိမိတို့လက်ရှိကျင့်သုံးလျက် ရှိသည့် မူဝါဒများနှင့် ဆန့်ကျင်သွားမည်ဖြစ်ကြောင်း သမ္မတမွန်ဂျေအင်း၏နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြံပေးအရာရှိဖြစ်သူ Mr. Kim Ki-jung ကပြောကြားခဲ့ပြီး၊ ယွန်ဆေး တက္ကသိုလ်မှ သံတမန်ရေးရာပါမောက္ခ Mr. Yang Seung-ham က နိုင်ငံခြားသားဝင်ရောက် ခွင့်တားမြစ်မှုသည် နိုင်ငံများအကြား အပြန်အလှန်အကျိုးယုတ် စေမည်ဖြစ်ကြောင်း၊ ထိုသို့ပိတ်ပင်၍လည်း COVID-19 ကပ်ရောဂါကူးစက်မှုသည် ရပ်တန့်သွားနိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။

ဤကဲ့သို့ ရှေ့ရေးမခန့်မှန်းနိုင်သည့် ကမ္ဘာ့ကျန်းမာရေးဆိုင်ရာအကျပ်အတည်းကာလတွင် နိုင်ငံရေးရှုထောင့်မှမကြည့်ဘဲ သိပ္ပံရှုထောင့်မှကြည့်ရန်လိုကြောင်း၊ Coronavirus နှင့်ပတ်သက်၍ အကြီးမားဆုံးအန္တရာယ်သည် မသေချာမရေရာမှုဖြစ်ကြောင်း၊ အရာရာမမှန်းဆနိုင်သည့်ကာလတွင် မစွန့်စားသင့်ဘဲ ကူးစက်ရောဂါ ပြန့်ပွားမှုလျော့နည်းစေနိုင်မည့်ကိစ္စရပ်မှန်သမျှကိုလုပ်ဆောင်သွား ရန်လိုအပ်ပါကြောင်းရေးသားဖော်ပြထားပါသည်။  လက်ရှိစာရင်းများအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၇၉ နိုင်ငံမှ တောင်ကိုရီး ယားခရီးသွားများကို ပြည်ဝင်ခွင့်ပိတ်ပင်ထားကြောင်းသိရှိရပြီး၊ ကိုရီးယားသမ္မတနိုင်ငံသို့ ပြည်ဝင်ပြည်ထွက်ဆိုင်ရာ ကန့်သတ်ရန်ကိစ္စနှင့် ပတ်သက်၍ ပြည်သူ့အသံများမှာ ကျန်းမာရေး၊ စီးပွားရေးနှင့်နိုင်ငံရေးစသည့် ရှုထောင့်မျိုးစုံမှ အမျိုးမျိုး ကွဲပြားလျက်ရှိကြသည့်အတွက် အစိုးရအနေဖြင့် မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည်ကို စောင့်ကြည့်ရမည်ဖြစ်ပါကြောင်း  ကိုရီးယားသံတော်ဆင့် (The Korea Herald) သတင်းစာ၌ ဖော်ပြပါရှိပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကိုရီးယားနိုင်ငံ)

Category: Korea