Thailand

NESDC အနေဖြင့် ထိုင်းတူးမြောင်း (Thai Canal) အစီအစဉ်ကိုပြန်လည်စတင်ရန်ရှိနေ

Last Updated:

အစိုးရစီမံကိန်း ရေးဆွဲရေးယူနစ်အနေဖြင့် အများပြည်သူကြားနာမှုများအား ပြုလုပ်ရန် စီစဉ်ထားပြီးထိုင်းတူးမြောင်း (သို့မဟုတ်) 9Aတူးမြောင်းလမ်းကြောင်းနှင့် ချွန်ဖေါင်း(Chomphon)နှင့် ရနောင်း (Ranong) နှစ်လမ်းသွားမီးရထားလမ်းများ တည်ဆောက်ရေးတို့အတွက် ဖြစ်နိုင်ခြေ လေ့လာမှုအသစ်အား စတင်ရန် စီစဉ်နေခြင်းဖြစ်ပါသည်။ အဆိုပါဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှစ်ခုမှာ အစိုးရ၏ တောင်ပိုင်းဒေသ စီးပွားရေးတိုးတက်မှုအတွက် အဓိကသော့ချက်ဖြစ်ပါသည်။

National Economic and Social Development Council(NESDC) အမျိုးသားလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ၏ အထွေထွေအတွင်းရေးမှူး Thosaporn Sirisamphand က အစိုးရအနေဖြင့် အမျိုးသားလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကောင်စီအတွက်၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် အဆိုပါဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှစ်ခုနှင့် ပတ်သက်၍ ပြည်သူ့အသံအား ကြားနာဆောင်ရွက်ရန်နှင့် ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှုများနိုင်ရန် ဘတ်ငွေ(၁၀)သန်းခန့် ဘတ်ဂျက်ခွင့်ပြုခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ပြည်သူ့အသံကြားနာခြင်းနှင့် ဖြစ်နိုင်ခြေ လေ့လာဆန်းစစ်ခြင်းတို့ကို ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်ခွဲဝေပြီးသည်နှင့် အောက်တိုဘာလ(၁)ရက်နေ့မှ စတင်ကာ ချက်ချင်းဆောင်ရွက်သွားလိမ့်မည်ဟု Mr.Thosaporn ကပြောကြားခဲ့ပါသည်။

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတွင် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက အမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့နှင့် အမျိုးသားလုံခြုံရေးကောင်စီရုံးတို့အား ထိုင်းပင်လယ်ကွေ့နှင့် ကပ္ပလီပင်လယ်တို့ကို ဆက်သွယ်မည့် အဆိုပြုထားသော တူးမြောင်းစီမံကိန်းအား လေ့လာတင်ပြရန် အမိန့်ပေးခဲ့ပါသည်။ (၁၃၅)ကီလိုမီတာ  ရှည်လျားသော တူးမြောင်းမှာ ကပ္ပလီပင်လယ်ပြင်ဘက်ရှိ ကရာဘီ(Krabi) မှ Trang နှင့် Nakhon Si Thammarat နှင့် ထိုမှတစ်ဆင့် ထိုင်းပင်လယ်ကွေ့ရှိ Songkhla အထိတိုးချဲ့သွားရန် ဖြစ်ပါသည်။

ထိုင်းတူးမြောင်း Thai Canal မှာ အဆိုပြုထားသော Kra Canal တူးမြောင်းစီမံကိန်း၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး တောင်ပိုင်းကျွန်းဆွယ်ကိုဖြတ်၍ တူးမြောင်းဖောက်လုပ်ရန်နှင့် ၎င်းမှာ ဒေသတွင်း၌ အရေးကြီးသော ရေကြောင်းပို့ဆောင်ရေးလမ်းကြောင်းကို ဖန်တီးရန်ရည်မှန်းချက် ကြီးမားစွာထားသော စီမံကိန်းဖြစ်ပါသည်။ လွန်ခဲ့သော ရာစုနှစ်အနည်းငယ်အတွင်း အဆိုပါ စိတ်ကူးကို အချိန်ကာလ အမျိုးမျိုးအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ယခင်ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ အစိုးရလက်ထက်တွင် အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ ဖြစ်နိုင်ခြေအား လေ့လာရန်အတွက် ကော်မတီဖွဲ့စည်းရန် ခွင့်ပြုပေးခဲ့သော်လည်း ၂၀၀၆ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းပြီး သူ၏အုပ်ချုပ်မှုကို ဖြုတ်ချခဲ့ပြီးနောက် အဆိုပါ စီမံကိန်းလုပ်ငန်းမှာ ရပ်ဆိုင်းခြင်းခံခဲ့ရကြောင်း သိရှိရပါသည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းက ထိုင်းတူးမြောင်းအသင်းသည် အငြိမ်းစား ဗိုလ်ချုပ်များ၊  နိုင်ငံရေးသမားများနှင့်  တရုတ်နိုင်ငံမှ ထင်ရှားသော အမှုဆောင်အရာရှိများဖြင့် ဖွဲ့စည်းထားသည့် တူးမြောင်းအသင်းသည် စီမံကိန်း ပြန်လည်စတင်ရန် တွန်းအားပေးခဲ့ပြီး အစိုးရအား“Thai Canal”ဟု လူသိများသည့် မဂ္ဂါတူးမြောင်းစီမံကိန်း အား အကောင်အထည်ဖေါ်ဆောင်ရွက်ရန် တွန်းအားပေးခဲ့ပါသည်။

အင်္ဂါနေ့(၈.၉.၂၀၂၀ရက်နေ့)က ဗိုလ်ချုပ်ကြီး ပရာယွတ်သည် ထိုင်းပင်လယ်ကွေ့နှင့် ကပ္ပလီ ပင်လယ်အကြား ကုန်းတွင်းတံတား “Land Bridge”တစ်ခုအား တည်ဆောက်ရန် အဆိုပြုချက်အတွက် ဖြစ်နိုင်ခြေရှိ/မရှိ လေ့လာတင်ပြရန် အမိန့်ပေးခဲ့ပါသည်။ ထိုစီမံကိန်းမှာ တောင်ပိုင်းစီးပွားရေးတိုးတက်မှု၏ အလား အလာမောင်းနှင်အားအဖြစ် ရှုမြင်ထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။ အစိုးရ၏ အဆိုပြုချက်အရ ကုန်းတွင်းတံတား (Land Bridge)စီမံကိန်းသည် ကီလိုမီတာ (၁၀၀) ရှည်လျားပြီး ထိုင်းပင်လယ်ကွေ့နှင့် ကပ္ပလီပင်လယ်တို့ကို ချိတ်ဆက်မည့် ကားလမ်းနှင့်ရထားလမ်းတို့ ပါဝင်ကြောင်း သိရှိရပါသည်။ ယခင် သက်ဆင်အစိုးရလက်ထက်က ပြုလုပ်ခဲ့သော လေ့လာဆန်းစစ်မှုအရ ကပ္ပလီပင်လယ်ဘက်အခြမ်း Satunရှိ Pak Bara ရေနက်ဆိပ်ကမ်း နှင့် Songkhla’s Chana ရှိ ထိုင်းပင်လယ်ကွေ့နေရာတို့အကြား ကုန်းတွင်းတံတား တည်ဆောက်ရန် ဘတ်ငွေ (၁.၅)ထရီလီယံ လိုအပ်မည်ဖြစ်ကြောင်း တွေ့ရှိခဲ့ပါသည်။

အဆိုပါ လေ့လာမှုတွင် ဘတ်ငွေ(၁.၅)ထရီလီယံ ဘတ်ဂျက်မှာ ရထားလမ်း တည်ဆောက်ရေး၊ ကားလမ်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းစနစ်နှင့် အကြီးစားနှင့် အပေါ့စား စက်မှုလုပ်ငန်းများအတွက် အထူးစီးပွားရေးဇုန်နှစ်ခု တည်ဆောက်ရေးတို့အတွက် ကုန်ကျမှုများပါဝင်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand