Korea

IBK ဘဏ်အကြီးအကဲအသစ်မှ ဘဏ်၏ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ အတွက် ကတိသစ္စာပြုခဲ့မှု

Last Updated:

ကိုရီးယားသမ္မတနိုင်ငံ၏ နိုင်ငံတော်ပိုင်ဘဏ်ဖြစ်သော Industrial Bank of Korea (IBK)ဘဏ်၏အကြီးအကဲအသစ် အမှုဆောင်အရာရှိချုပ်  Mr. Yoon Jong-won သည် ၎င်း၏ IBK ဘဏ်ဥက္ကဌသစ်တက်ပွဲနှင့်ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို ခန့်အပ်လွှာရရှိပြီး ၂၇ ရက်အကြာ ၂၉-၁-၂၀၂၀ ၇က်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါ သည်။  IBK ဘဏ်၏ အကြီးအကဲရာထူးနေရာသည် ပုံမှန်အားဖြင့် (၃) နှစ်သက်တမ်းရှိကာ၊ သမ္မတမှ တိုက်ရိုက်ခန့်အပ်ခြင်းဖြစ်ပြီး၊ နောက်ဆုံးတာဝန်ယူခဲ့သည့် Mr. Kim Do Jin သည် ၂၇−၁၂−၂၀၁၉ ရက်နေ့က တာဝန်မှအနားယူခဲ့ပါသည်။

အဆိုပါ IBK ဘဏ်ဥက္ကဌသစ်တက်ပွဲနှင့်ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားတွင် (IBK) ဘဏ်၏အကြီးအကဲအသစ်မှ ၎င်းသည် ဘဏ်၏ယှဉ်ပြိုင်နိုင်စွမ်းကို ပိုမိုမြှင့်တင် နိုင်ရေးအတွက် တီထွင်ဆန်းသစ်သောဘဏ္ဍာရေး “Innovative Financing” ကို အထူးတာဝန်တစ်ရပ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊ မစ္စတာဘီလ်ဂိတ်အဆိုအမိန့်ရှိခဲ့သကဲ့သို့ ဘဏ်လုပ်ငန်းသည်အရေးကြီးလိုအပ်သော်လည်း ဘဏ်များသည်ထိုမျှ မလိုအပ်ကြောင်း၊ ပြောင်းလဲမှု အရွေ့ တစ်ခုကို မစွမ်းဆောင်နိုင်သောဘဏ်များသည် ရေရှည်တွင်တိမ်မြှုပ်ပျောက်ကွယ်သွားမည်ဖြစ်ကြောင်း တီထွင်ဆန်းသစ်နိုင်သည့် နည်းပညာပိုင်းတိုးတက်မှု၏ အရေးပါပုံကို ဥပမာပေး၍ IBK ၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် ခိုင်မာသည့် စိတ်ဓါတ်ဆုံးဖြတ်ထားရှိမှုကို Mr. Yoon က ထုတ်ဖော်ပြောကြား သွားခဲ့ပါသည်။

ထို့ပြင် အမှုဆောင်အရာရှိချုပ်အသစ်သည် ကျင့်ဝတ်ဆိုင်ရာစီမံခန့်ခွဲမှုအရေးပါမှုနှင့် ပတ်သက်၍ ကုမ္ပဏီတစ်ခုသည် ကမ္ဘာ့အကောင်းဆုံးဖြစ်နေသည့်တိုင် စောင့် ထိန်းရမည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ကျင့်ဝတ်စည်းကမ်းများကို ဖောက်ဖျက်ခဲ့ပါက Customers များ၏ ယုံကြည်အားကိုးမှုကို ဆုံးရှုံးရမည်ဖြစ်ကြောင်း၊ ရည်မှန်း ချက်တစ်ခု ပန်းတိုင်ရောက်ရန်သည် ယုံကြည်စိတ် ချရမှု၊ စွမ်းဆောင်ရည်၊ ဝန်ထမ်းများနှင့်ဖွဲ့စည်းပုံစနစ်တို့ကောင်းမွန်မှသာ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် IBK ဘဏ် တိုးတက်အောင်မြင်ရေးအတွက် လိုအပ်ပါက ပြင်ပမှကျွမ်းကျင် အတတ်ပညာရှင် Experts များကိုလည်း လက်ခံသင့်ပါကြောင်း ထပ်လောင်းပြော ကြားခဲ့ပါသည်။

IBK သမဂ္ဂအဖွဲ့ဝင်များသည် လွန်ခဲ့သောရက်သတ္တ (၃) ပတ်ခန့်က Mr. Yoon အား ဆိုးလ်မြို့ရှိဘဏ်၏ ဌာနချုပ်အဆောက်အဦသို့ဝင်ခွင့်မပြုခဲ့ဘဲ ဘဏ္ဍာရေးဆိုင်ရာ လက်တွေ့အတွေ့အကြုံမရှိသည့် အထက်မှတိုက်ရိုက်ခန့်ထားသည့်ပုဂ္ဂိုလ်ဟု ဝေဖန်ပြောဆိုခဲ့မှုအပေါ် သမဂ္ဂခေါင်းဆောင်က အဆိုပါအခမ်းအနားတွင် ပြန်လည် တောင်းပန်ခဲ့ပြီး၊ IBK သမဂ္ဂအနေဖြင့် အမှုဆောင်အရာရှိချုပ်အသစ်၏ ပြောင်းလဲဆောင်ရွက်မည့်လမ်းစဉ်ကို ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ Mr. Yoon သည် လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း အများ၏ အားကိုးယုံကြည်မှုရရှိအောင် ကတိကဝတ်ပြုအာမခံခဲ့ပြီးသည့်နောက် ၎င်း၏ ရုံးခန်းသို့ ဝင်ရောက်နိုင်ခဲ့ပြီး၊ IBK သမဂ္ဂခေါင်းဆောင်အပါအဝင် ဝန်ထမ်း (၄၀၀) ၏ အားပေးထောက်ခံမှုကိုလည်း ရရှိခဲ့ပြီဖြစ်ပါသည်။

အခမ်းအနားအပြီးတွင် Mr. Yoon က သတင်းမီဒီယာများအား မိမိသည်ချီးကျူး ဂုဏ်ပြုမှုနှင့်အတူ ဖိအားများရရှိခြင်းကိုပါ တစ်ပြိုင်တည်းခံစားရပါကြောင်း၊ မိမိ သည် အစိုးရဝန်ထမ်းဟောင်းတစ်ဦးဖြစ်သည့်အတွက် ယခုကဲ့သို့ အသေးစား၊ အလတ်စားလုပ်ငန်းများကို ကူညီထောက်ပံ့ပေးနိုင်မည့်ဘဏ်လုပ်ငန်းကြီးကို ဦးစီး ဆောင်ရွက်နိုင်တော့မည်ဖြစ်၍ ဂုဏ်ယူပါကြောင်းဖြင့် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထို့နေ့တွင်ပင် Mr. Yoon သည် ဆိုးလ်မြို့၊ အနောက်တောင်ပိုင်းရှိ IBK Guno ဘဏ်ခွဲ၊ တက်သစ်စလုပ်ငန်းများသို့ ရုံးခန်းနေရာထောက်ပံ့ပေးထားသော IBK ChangGong Guroနှင့် IBK Startup Accelerator Program မှထောက်ပံ့ ပေးထားသော ALLT တို့သို့ သွားရောက်ကြည့်ရှုခဲ့ကြောင်းသိရှိရပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ ကိုရီးယားနိုင်ငံ)

Source: The Korea Times

Category: Korea