Korea

Hana Bank က မြန်မာနိုင်ငံ၏ ပြည်တွင်းဘဏ်တစ်ခုထံမှ အစုရှယ်ယာဝယ်ယူရန် စီစဉ်နေခြင်းနှင့် တောင်ကိုရီးယားထိပ်တန်းဘဏ်များမှ မြန်မာနိုင်ငံတွင် ဘဏ်ခွဲဖွင့်လှစ်ခွင့် ရရှိရေးအတွက်အပြိုင်အဆိုင် ကြိုးစားလျှောက်ထားလျက်ရှိခြင်း

Last Updated:

ကိုရီးယားသမ္မတနိုင်ငံ၏ ထိပ်တန်းဘဏ်တစ်ခုဖြစ်သော Hana Bank သည် မြန်မာနိုင်ငံရှိ ပြည်တွင်းဘဏ်တစ်ခုမှ အစုရှယ်ယာများကိုဝယ်ယူရန် စဉ်းစားလျက်ရှိကြောင်း၊ ယခုအချိန်သည် တောင်ကိုရီးယားဘဏ်များက မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်ခွဲ ဖွင့်လှစ်ခွင့်ရရှိရေးအတွက် အပြိုင်အဆိုင် ကြိုးစားလျှောက်ထားနေ ကြသည့်ကာလဖြစ်ပြီး Hana Bank အနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်း ထိပ်တန်းဘဏ်တစ်ခုမှ အစုရှယ်ယာကိုပါဝယ်ယူရန်စီစဉ်လျက်ရှိကြောင်း Hana Bank ၏ မိခင်ကုမ္ပဏီဖြစ်သော Hana Financial Group မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ၄−၂−၂၀၂၀ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့ကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံ၏ မည်သည့်ဘဏ်ထံမှ အစုရှယ်ယာဝယ်ယူမည်စသည့် အချက်အလက်အသေးစိတ်ကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံသည်နိုင်ငံခြားဘဏ်များအားပြည်တွင်းတွင် ဘဏ်ခွဲဖွင့်လှစ်ခွင့်ကို အကန့်အသတ်ဖြင့် မကြာသေးမီကစတင်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ အရှေ့တောင်အာရှ ဒေသတွင်တည်ရှိသော  မြန်မာနိုင်ငံ၌ အထင်ကရ ပုဂ္ဂလိကဘဏ်များမှာ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ CB ဘဏ် နှင့် Apex ဘဏ်တို့ဖြစ်ကြကြောင်း၊ Hana Bank သည်ငွေလွှဲပေးပို့ခြင်းနှင့် ကုန်သွယ်မှုဆိုင်ရာငွေကြေးကိစ္စရပ်များအတွက် မြန်မာနိုင်ငံတွင်အကြီးဆုံး  ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော ကမ္ဘောဇဘဏ်နှင့် ၂၀၁၆ ခုနှစ် ကတည်းက ပင်ပူးပေါင်း၍လက်တွဲဆောင်ရွက်လျက်ရှိပြီး၊ ဧရာဝတီဘဏ်နှင့်လည်း အရောင်းနှင့်ပူးတွဲရင်းနှီးမြှုပ်နှံမှုဆိုင်ရာကဏ္ဍများအတွက် ၂၀၁၂ ခုနှစ်ကတည်းက ပင်သဘောတူစာချုပ်လက်မှတ်ရေးထိုး ထားပြီးဖြစ်ပါကြောင်း၊ Hana Bank သည် ယခုနှစ်တွင် ပြည်တွင်းဘဏ်တစ်ခုထံမှ အစုရှယ်ယာ ဝယ်ယူရန်စီစဉ်နေမှု အပြင် ဘဏ်ခွဲဖွင့်လှစ်ခွင့်ရရှိရေးအတွက်လည်း ဝင်ရောက်လျှောက်ထား ယှဉ်ပြိုင်လျက်ရှိပါကြောင်း သိရှိရပါသည်။

လက်ရှိ မြန်မာနိုင်ငံတွင် သြစတြေးလျ၊ ထိုင်း၊ ဂျပန်၊ မလေးရှား၊ စင်ကာပူ၊ အိန္ဒိယ နှင့် တောင်ကိုရီးယားနိုင်ငံတို့မှ လာရောက်ဖွင့်လှစ်ထားသော နိုင်ငံခြားဘဏ်ခွဲ များအနေဖြင့် ၁၃ ခုရှိ ပြီး၊ Shinhan Bank သည် မြန်မာနိုင်ငံ၌ ၂၀၁၆ ခုနှစ်တွင် နိုင်ငံခြားဘဏ်ခွဲဖွင့်လှစ်ခွင့်ရရှိခဲ့သည့် တစ်ခုတည်းသော တောင်ကိုရီးယားဘဏ်ဖြစ်ပါကြောင်း၊ ယခု ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ သက်ဆိုင်ရာဘဏ္ဍာရေးအာဏာပိုင်များမှအချို့သောကိုရီးယားဘဏ်များကို မြန်မာနိုင်ငံတွင်ဘဏ်ခွဲ ဖွင့်လှစ် ခွင့်ထပ်မံခွင့်ပြုလိမ့်မည်ဖြစ်ပါကြောင်း၊ ခွင့်ပြုပေးမည့်လိုင်စင်အမျိုးအစားများတွင် Subsidiary နှင့် Branch ဟူ၍ ၂ မျိုးရှိရာ၊ Hana Bank နှင့်အတူ တောင်ကိုရီးယား၏ အခြားသောထိပ်တန်းဘဏ် ပြိုင်ဖက်များဖြစ်ကြသည့် Industrial Bank of Korea (IBK)နှင့် KB Kookmin Bank တို့သည် မြန်မာနိုင်ငံတွင် Subsidiary Status ဖြင့်လက်အောက်ခံသီးသန့်ကုမ္ပဏီအဖြစ် ဖွင့်လှစ်ခွင့်အားရရှိရန်လျှောက်ထားပြီး၊ Korea Development Bank (KDB) ကမူ ဘဏ်ခွဲ (Branch) ဖွင့်လှစ်ခွင့်ကို လျှောက်ထား ကြောင်းဖော်ပြပါရှိပါသည်။

Branch အဖြစ်ဖွင့်လှစ်ခြင်းသည် နိုင်ငံခြားတွင်ရှိသောဘဏ်တစ်ခုက မြန်မာနိုင်ငံ၌ ဘဏ်ခွဲတစ်ခုအနေဖြင့်သာ လာရောက်ဖွင့်လှစ်ခြင်းဖြစ်ပြီး Subsidiary အနေဖြင့် ဖွင့်လှစ်ခြင်းသည် မြန်မာနိုင်ငံ၏ ဥပဒေအရဖွဲ့စည်းတည်ထောင်ရမည့်ဘဏ်ခွဲအဖြစ် ရှိမည်ဖြစ်ပါသည်။ Subsidiary နှင့် Branch တို့သည် အနည်းဆုံးမတည်ငွေ၊ ဗဟိုဘဏ်တွင်အပ်နှံထားရမည့်ပမာဏ၊ ဘဏ္ဍာရေးဝန်ဆောင်မှုပေးအပ်နိုင်သည့် နယ်ပယ်နှင့် ဘဏ်ခွဲအရေအတွက်ဖွင့်လှစ်နိုင်မှုတို့တွင် ကွာခြားမှုရှိမည်ဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကိုရီးယားနိုင်ငံ)

Category: Korea