India (Delhi)

GeM အင်တာနက်ဈေးကွက်စင်္ကြန်၌ မူရင်းနိုင်ငံဖော်ပြချက် ကုန်အမှတ်အသားထည့်သွင်းရန် အိန္ဒိယအစိုးရကသတ်မှတ်ခြင်း

Last Updated:

အိန္ဒိယနိုင်ငံတွင် ကိုယ့်အားကိုယ်ကိုးရပ်တည်ရေး ရည်မှန်းချက် (Atmanirbhar Bharat) နှင့် အိန္ဒိယ၌ထုတ်လုပ်ရေးလမ်းညွှန်ချက် (Make in India) တို့ကို ချမှတ်လျက် ပြည်တွင်းထုတ် လုပ်မှုမြှင့်တင်ဆောင်ရွက်ရာ၌ အထောက်အကူပြုရန်အတွက် Government e-Marketplace (GeM) ခေါ် အစိုးရ ကထူထောင်ထားရှိသည့် အင်တာနက်စနစ်အသုံးပြု ဈေးကွက်စင်္ကြန်ပေါ်၌ ဈေးကွက်တင်ရောင်းချသူများအနေဖြင့် ၎င်းတို့၏ ကုန်စည်များအား ထုတ်လုပ်တင်သွင်းသည့် မူရင်းနိုင်ငံ ကုန်အမှတ်အသားကို မဖြစ်မနေဖော်ပြရမည်ဖြစ်ကြောင်း အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန က ၂၃.၆.၂၀၂၀ နေ့တွင် သတ်မှတ်ချက်ထုတ်ပြန်ခဲ့ပါသည်။

အိန္ဒိယသတင်းထုတ်ပြန်ရေးဗျူရိုဌာန (PIB) ၏ဖော်ပြချက်အရ အဆိုပါ GeM အင်တာနက် ဈေးကွက်စင်္ကြန်၌ အသစ်တင်ရောင်းချမည့် ကုန်စည်များ သည် အထက်ပါ မူရင်းနိုင်ငံဖော်ပြချက် ကုန်အမှတ်အသား (label) ပါဝင်ရမည်ဖြစ်ပြီး ယခုကြေညာချက်ထုတ်ပြန်မှု မတိုင်မီက ဈေးကွက်တင်ထား သည့် ကုန်စည်များအတွက်မူ ပုံမှန်ပြင်ဆင်ဖြည့်စွက်မှုများ (regular update) ဆောင်ရွက်ရာ၌ ထည့်သွင်းပြင်ဆင်ရမည်ဖြစ်ကြောင်း၊ ထိုသို့လုပ် ဆောင်မှုမရှိပါက ၎င်းကုန်စည်များ၏ အချက်အလက်များအား GeM စင်္ကြန်မှ ဖယ်ရှားခြင်းခံရမည်ဖြစ်ကြောင်း သိရှိရသည်။

ယခုပြင်ဆင်သတ်မှတ်ချက်အရ GeM အင်တာနက် ဈေးကွက်စင်္ကြန်တွင် ဈေးကွက်တင်ရောင်းချသည့် ကုန်ပစ္စည်းများ၌ ပြည်တွင်းမှထုတ်လုပ်မှု တန် ဖိုးရာခိုင်နှုန်းအားဖြင့် မည်မျှပါဝင်မည်ကို ခွဲခြားသိမြင်နိုင်မည်ဖြစ်ကြောင်း၊ ‘Make in India’ filter ကိုအသုံးပြုလျက် အိန္ဒိယနိုင်ငံ၌ ထုတ်လုပ်သည့် ကုန်စည်များကိုလည်း ရှာဖွေနိုင်မည်ဖြစ်ကြောင်း၊ GeM ၌ ဈေးပြိုင်တင်ဒါခေါ် ယူရောင်းဝယ်မှုများ ဆောင်ရွက်ရာတွင် ဝယ်ယူသူအနေဖြင့် ပြည်တွင်း ထုတ်လုပ်မှုတန်ဖိုး အနည်းဆုံး ၅၀% ရှိသည့် ကုန်စည်အားပေးသွင်းနိုင်မည့် Class I အဆင့်ဒေသခံလုပ်ငန်းရှင်အား ရှာဖွေနိုင်မည်ဖြစ်ကြောင်း သိရှိရ သည်။

အိန္ဒိယအစိုးရသည် အစိုးရ၏ ဝယ်ယူရေးလုပ်ငန်းစဉ်များ၌ ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ပါဝင်နိုင်မှုကို မြှင့်တင် ရန် အဆိုပါ GeM အင်တာနက်ဈေးကွက်စင်္ကြန်အား တည်‌ထောင်ထားခြင်းဖြစ်ပြီး တန်ဖိုးအားဖြင့် ရူပီးငွေသန်း ၂၀၀၀ ‌အောက်ရှိသော အစိုးရ၏ ဝယ်ယူရေးတင်ဒါများတွင် ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး ၅၀% နှင့် ၂၀% အသီးသီးရှိ သည့် Class I နှင့် Class II အဆင့် ဒေသခံပေးသွင်းသူ (Local Suppliers) များသာ ပါဝင်ခွင့် ရှိသည်။ အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၁၇ ခုနှစ် ယေဘုယျဘဏ္ဍာရေးစည်းမျဉ်းများ၌ ထပ်မံထည့်သွင်းထားသည့် စည်းမျဉ်းအသစ် အမှတ် ၁၄၉ အရ အစိုးရဌာနဆိုင်ရာများ၏ ဝယ်ယူရေးလုပ်ငန်းများအား GeM အင်တာနက် ဈေးကွက်စင်္ကြန်မှတစ်ဆင့် ဆောင်ရွက် ရန် ခွင့်ပြုထားကြောင်း လေ့လာသိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         Information about Country of Origin by the sellers made mandatory on GeM to promote Make in India and Aatmanirbhar Bharat, 23 Jun 2020, Press Information Bureau of India

Category: India (Delhi)