Thailand

FTA နှင့် GSP အထူးအခွင့်အရေး အသုံးပြုမှုများ ပို့ကုန်တင်ပို့မှုနှင့်အတူကျဆင်းနေ

Last Updated:

လွတ်လပ်သောကုန်သွယ်မှုဆိုင်ရာသဘောတူညီချက် Free Trade Agreement(FTA) ဆိုင်ရာ အထူးအခွင့်အရေးများနှင့် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးများ Generalized System of Preferences (GSP)ကို အသုံးပြုခြင်းတို့သည် ပြည်ပပို့ကုန် ကျဆင်းခြင်းနှင့်အတူ ဇန်နဝါရီလ၌ နှစ်အလိုက်တွင် (၁၂.၆%) ကျဆင်းခဲ့ ပါသည်။ ထိုင်းပြည်ပပို့ကုန်တင်ပို့သူများအနေ ဖြင့် FTA နှင့်  GSPတို့အရ အထူးအခွင့်အရေးများ အသုံးပြုမှုသည် ၂၀၂၀ ခုနှစ် ပထမလ၌ စုစုပေါင်း အမေရိကန်ဒေါ်လာ (၅.၀၄) ဘီလီယံရှိခဲ့ကြောင်း ပြည်ပကုန်သွယ်ရေးဉီးစီးဌာနက ယမန်နေ့ကပြောကြားခဲ့ပါသည်။

၎င်းတွင် FTA အထူးအခွင့်အရေးတစ်ခုတည်းအသုံးပြုမှုသည် အမေရိကန်ဒေါ်လာ (၄.၅၉) ဘီလီယံရှိခဲ့ပြီး ၎င်းမှာ နှစ်အလိုက်တွင်၂၀၁၉ ခုနှစ် ဇန်နဝါရီလကထက် (၁၃.၆%) ကျဆင်းသွားခဲ့ခြင်းဖြစ်ပြီး GSP အသုံးပြု၍ သင်္ဘောတင်ပို့မှုမှာ အမေရိကန် ဒေါ်လာ (၄၅၂) သန်းရှိခဲ့ပြီး (၀.၄%) ကျဆင်းသွားခဲ့ခြင်းဖြစ်ပါသည်။

ပြည်ပကုန်သွယ်ရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် Keerati Rushchano က ယခုကဲ့သို့ FTAနှင့်GSP အထူးအခွင့်အရေးများအသုံးပြု၍ ပြည်ပတင်ပို့မှု ကျဆင်းခဲ့ ရခြင်းမှာ ကမ္ဘာ့စီးပွားရေးနှေးကွေးကျဆင်းမှု၊ ဖြစ်ပွားဆဲကုန်သွယ်ရေးစစ်ပွဲနှင့် ကိုရိုနာ ဗိုင်းရပ်ကပ်ဘေးများ ကျယ်ပြန့်စွာ ဖြစ်ပွားမှုတို့ကြောင့် ဖြစ်ကြောင်း၊ ဤအချက်များသည် ကုန်သွယ်မှုကိုသာမကဘဲ ခရီးသွားလာမှုနှင့်ကမ္ဘာ့စီးပွားရေးတစ်ခုလုံးကိုပါထိခိုက်စေကြောင်း ပြောကြားခဲ့ပါသည်။

ပြည်ပကုန်သွယ်ရေးဉီးစီးဌာနအနေဖြင့် အာဆီယံနိုင်ငံများသို့ ပြည်ပပို့ကုန်တင်ပို့လိုသော စီးပွားရေးလုပ်ငန်းရှင်များအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Certificate of Origin (Form-D)များကို အီလက်ထရောနစ် နည်းဖြင့် (eForm-D) များ ရယူဆောင်ရွက်နိုင်ကြောင်း အကြံပြု ပြောကြားခဲ့ပါသည်။

ပြီးခဲ့သည့်နှစ်က အာဆီယံဉက္ကဌအနေဖြင့်ထိုင်းနိုင်ငံသည် ၎င်းတို့၏(e Form-D)ကို အာဆီယံ၏ တစ်ခုတည်းသောပြုတင်းတစ်ပေါက်စနစ် Asean Single Window (ASW)နှင့် ချိတ်ဆက်ရန် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ မြန်မာ၊ လာအိုနှင့် ဖိလစ်ပိုင်နိုင်ငံ တို့အား စည်းရုံးသိမ်းသွင်းနိုင်ခဲ့ပါသည်။ ၎င်းမှာ ယခုနှစ် ဇန်နဝါရီလ တည်းက စတင်အသက်ဝင်ခဲ့ပြီးဖြစ်ပါသည်။

အာဆီယံနိုင်ငံများအနေဖြင့် အာဆီယံနိုင်ငံများ၌ ကုန်သွယ်မှုပြုရာတွင် သွင်းကုန်ခွန်များ နှုတ်ပယ်သက်သာခွင့် (Deduction) နှင့် ကင်းလွတ်ခွင့် (Exemption) များ ရရှိနိုင်ရန်အတွက် eForm-D များကို တောင်းခံအသုံးပြုနိုင်ပါသည်။ Mr. Keerati က ထိုင်းနိုင်ငံအနေဖြင့် FTA အခွင့် အရေးအများဆုံးအသုံးပြုတင်ပို့သည့် ထိပ်တန်းပို့ကုန်တင်ပို့သည့် ဈေးကွက်(၅)ခုမှာ အာဆီယံ၊ တရုတ်၊ ဂျပန်၊ ဩစတြေးလျ နှင့်အိန္ဒိယတို့ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ထိုင်း-အာဆီယံ FTA အသုံးပြုမှုသည် ဇန်နဝါရီလတွင် အမြင့်ဆုံးပမာဏဖြစ်ပြီး အမေရိကန် ဒေါ်လာ (၁.၇၂) ဘီလီယံရှိပြီး၊ ထိုင်း-တရုတ် FTA အသုံးပြုမှုသည် စုစုပေါင်း အမေရိကန် ဒေါ်လာ (၁.၀၄) ဘီလီယံရှိခဲ့ပါသည်။ ထိုင်း-ဂျပန် အထူးအခွင့်အရေးအသုံးပြုမှုသည် အမေရိကန် ဒေါ်လာ (၆၅၂) သန်း ရှိခဲ့ကြောင်းသိရှိရ ပါသည်။

FTA အထူးအခွင့်အရေးအသုံးပြု၍တင်ပို့ခဲ့သည့် ထိပ်တန်းပို့ကုန်အမည်များမှာ ထရပ်ကားများ၊ သဘာဝရာဘာနှင့်ပေါင်းစပ်ပြုလုပ်ထားသော ရာဘာတု ကုန် ပစ္စည်းများ၊ Longan Rambutan ၊ ရေနံနှင့် ကတ္တရာစေးအခြေခံသော လောင်စာများဖြစ်ပါသည်။ ထိုင်းနိုင်ငံအနေဖြင့် ပင်ရင်းနိုင်ငံသက်သေခံအတွက်(Self Declaration)ကိုယ်တိုင်ကြေငြာရသော ထိုင်း-နယူးဇီလန် FTA မပါဝင်ဘဲ FTA စုစုပေါင်း(၁၂)ခုရှိပါသည်။ Mr.Keerati က အမေရိကန်သည် GSP အသုံးပြုမှုနှုန်း အများဆုံးအဖြစ် ထိန်းသိမ်းထားဆဲဖြစ်ပြီး အမေရိကန်ဒေါ်လာ (၄၁၈) သန်းရှိကြောင်း၊ ၎င်းနောက်တွင် ဆွစ်ဇာလန်က အမေရိကန်ဒေါ်လာ (၁၉.၃) သန်းဖြင့် ရှိနေပြီး၊ ရုရှားက အမေရိကန် ဒေါ်လာ(၁၂.၆)သန်း ရှိကာ နော်ဝေက အမေရိကန်ဒေါ်လာ (၁.၇၁) သန်းရှိကြောင်း ပြောကြားခဲ့ပါသည်။

GSP အထူးအခွင့်အရေးအား အမေရိကန်၊ ဆွစ်ဇာလန်၊ ရုရှား၊ နော်ဝေတို့နှင့် ကုန်သွယ်မှုပြုရာတွင်အသုံးပြုပါသည်။ ဂျပန်နိုင်ငံအနေဖြင့် ယခင်နှစ် မတ်လ (၃၁) ရက်နေ့တွင် ထိုင်းထုတ်ကုန်များအတွက် အထူးအကောက်ခွန်သက်သာခွင့် (preferential Tariffs) ကိုဖယ်ရှားခဲ့ပါသည်။ GSP အခွင့်အရေးကို အများဆုံး အသုံးပြု သည့် ကုန်ပစ္စည်းများမှာ ရာဘာလက်အိတ်များ၊ အချိုရည်များ၊လေအေးပေးစက် အစိတ်အပိုင်းများနှင့် အီလက်ထရောနစ် ထရန်စဖေါ်မာများဖြစ်ကြပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post                                                               

Category: Thailand