Korea

Covid-19 ဆိုင်ရာ အခြေအနေများကြောင့် ကိုရီးယားသမ္မတနိုင်ငံအစိုးရအနေဖြင့် စိုက်ပျိုးရေးကဏ္ဍ နိုင်ငံခြားသားလုပ်သားများ၏ နေထိုင်ခွင့်သက်တမ်းအား ထပ်မံတိုးမြှင့်ပေးရန် ဆွေးနွေးစီစဉ်နေမှုအခြေအနေ

Last Updated:

ကမ္ဘာ့နှင့်အဝှမ်းတွင် ဖြစ်ပေါ်ရင်ဆိုင်ရလျက်ရှိသည့် Covid-19 ကူးစက်ကပ်ရောဂါကြောင့် ကိုရီးယားသမ္မတနိုင်ငံအစိုးရအနေဖြင့် နိုင်ငံအတွင်းရှိ စိုက်ပျိုးရေးကဏ္ဍတွင် လုပ်ကိုင်လျက်ရှိသော နိုင်ငံခြားသားလုပ်သားများ၏ နေထိုင်ခွင့်သက်တမ်းအားထပ်မံတိုးမြှင့်ပေး၍ သက်ဆိုင်ရာလုပ်ငန်းခွင်များတွင် ယာယီလုပ်ကိုင်ခွင့်များ ဆက်လက်ခွင့်ပြုပေးရန် ဆွေးနွေးစီစဉ်လျက်ရှိကြောင်း ဝန်ကြီးချုပ် Chung Sye-Kyun ၏ (၂၉-၇-၂၀၂၀) ရက်နေ့တွင် အစိုးရရုံးများ အခြေပြုရာ Sejong မြို့၊ Government Complex  ၌ကျင်းပခဲ့သည့် Covid-19 တုံ့ပြန်မှုဆိုင်ရာ ပုံမှန်အစည်းအဝေးတွင်ထုတ်ဖော်ပြောကြားချက်အရသိရှိရပါသည်။

ယင်းသည် Covid-19 ဆိုင်ရာ ပြည်ဝင်ခွင့် အခက်အခဲအမျိုးမျိုးကြောင့် ကိုရီးယားသမ္မတနိုင်ငံ၌ နေထိုင်ခွင့်သက်တမ်းကုန်ဆုံးနေသော်လည်း မိမိတို့၏ နေရပ်နိုင်ငံများသို့ ချက်ချင်းပြန်လည်ထွက်ခွာရန်အဆင်မပြေသေးသော နိုင်ငံခြားသားလုပ်သားများနှင့် မကြာမီရောက်ရှိလာမည့် ရိတ်သိမ်းကာလအတွက် ယခုကဲ့သို့ အခြေအနေမျိုးတွင် လုပ်သားရှာဖွေရန် ခက်ခဲနေသော စိုက်ပျိုးရေးကဏ္ဍရှိ တောင်ကိုရီးယား အလုပ်ရှင်များအကြား နှစ်ဉီးနှစ်ဖက် အဆင်ပြေစေမည့် Win-Win နည်းလမ်းဟု ယူဆကြောင်းသိရှိရပါသည်။

ထို့ပြင်ယခင် နှစ်လအတွင်းစာရင်းများအရ တောင်ကိုရီးယားသို့ကမ်းကပ်ခဲ့သည့် ရုရှားသင်္ဘောမှ Covid-19 Confirmed Cases (၉၀) ကျော်ရှိခဲ့ကြောင်း၊ သို့ဖြစ်ရာ တောင်ကိုရီးယားအစိုးရ အနေဖြင့် ပြည်ပနိုင်ငံများ အထူးသဖြင့် ရုရှားနှင့် အခြား (၆) နိုင်ငံတို့မှ ဝင်ရောက်လာမည့် သင်္ဘောသားများအတွက် Quarantine ဆိုင်ရာစည်းကမ်းများကို တိုးမြှင့်ခဲ့ကြောင်း၊ ယခုစည်းကမ်းအသစ်တွင် ရုရှားနိုင်ငံ၊ ကာဇက်စတန်နိုင်ငံ၊  ခီးဂစ်စတန်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ ဥဇဘတ်ကစ္စတန်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ဝင်ရောက်လာမည့် သင်္ဘောသားများအနေဖြင့် Covid-19 ရောဂါကင်းရှင်းကြောင်း ကျန်းမာရေးစစ်ဆေးပြီးစီးမှု သက်သေခံလက်မှတ်ကို တင်ပြသွားရန်လိုအပ်ကြောင်း သိရှိရပါသည်။

 

Source: Ministry of Trade, Indurstry and Energy၊ The Korea Times၊ The Korea Herald၊ Yonhap News 

(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea