China(Nanning)

Covid-19 စမ်းသပ်မှုကြောင့် တရုတ်၏ သစ်သီးဝလံတင်သွင်းမှုများ အနှောင့်အယှက်ဖြစ်ပွားနေ

Last Updated:

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း Xinfadi ဈေး၌ Covid-19 ရောဂါဖြစ်ပွားမှု၏ နောက်ဆက်တွဲအဖြစ် Covid-19 စမ်းသပ်သည့် စီမံဆောင်ရွက်မှု အသစ်များကြောင့် ပြည်ပမှတင်သွင်းလာသည့် သစ်သီးဝလံများအား အကောက်ခွန်ရှင်းလင်းရာတွင် နှောင့်နှေးမှုများနှင့် ကြုံတွေ့နေကြရသည်။ ယခင်ရက်သတ္တပတ်အတွင်း ရောဂါဖြစ်ပွားမှုများမှာ ပြည်ပမှတင်သွင်းသော ဆာလ်မွန်ငါးများအား ရောင်းချသူကခုတ်ထစ်ရာတွင် အသုံးပြုသည့် စဉ်းတီတုံးနှင့် ဆက်စပ်နေကြောင်း ဈေးတာဝန်ရှိသူများက စစ်ဆေးတွေ့ရှိခဲ့ပါသည်။

ပြည်ပမှတင်သွင်းသော လတ်ဆတ်သစ်သီးဝလံများအား Covid-19 အတွက်စစ်ဆေးရန် တရားဝင်ညွှန်ကြားချက် (သို့မဟုတ်) တရားဝင်သတိပေး ချက်တစ်စုံတစ်ရာအား တရုတ်အကောက်ခွန်အရာရှိများက ထုတ်ပြန်ထားခြင်းမရှိသေးပါ။  Covid-19 ရောဂါမှာ လတ်ဆတ်ကုန်စည်များ/ ကုန်စိမ်း များ (သို့မဟုတ်) အခြားအစားအစာများမှတဆင့် ကူးစက်နိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ မတွေ့ရသေးသော်လည်း ရှန်ဟိုင်း၊ တီရန် ကျင်းနှင့် တရုတ်နိုင်ငံတဝှမ်းရှိ ဆိပ်ကမ်းများ၌ အကောက်ခွန်အရာရှိများက စီမံဆောင်ရွက်မှုအသစ်များ ပြုလုပ်နေကြပါသည်။

၎င်းတို့အနက် ရှန်ဟိုင်းရှိ အကောက်ခွန်အာဏာပိုင်များက Covid-19 ရောဂါဖြစ်ပွားမှုနှုန်းမြင့်မားသော အမေရိကန်နှင့် အခြားနိုင်ငံများမှ ရှန်ဟိုင်း ဆိပ်ကမ်းသို့ ဝင်ရောက်လာသည့် သစ်သီးဝလံထုပ်ပိုးမှုများနှင့် မျက်နှာပြင်များ၏အပေါ်တွင်  Covid-19 စစ်ဆေးမှု စတင်ပြုလုပ်ခြင်းကဲ့သို့သော အတင်းကြပ်ဆုံး စီမံဆောင်ရွက်မှုများကို ပြုလုပ်နေကြောင်း၊ ထိုသို့စစ်ဆေးမှုများအတွက် (၂) ရက်ခန့် ပိုမိုကြာမြင့်ကြောင်း၊ အမေရိကနှင့် ကမ္ဘာ့ မြောက်ဘက်ခြမ်းနိုင်ငံများမှ မူလဖြစ်သည့် အချိန်ကြာမြင့်သည်နှင့်အမျှ ပျက်စီးလွယ်သည့် ချယ်ရီသီးများ တရုတ်နိုင်ငံသို့ ဆိုက်ရောက်လာသည့်အခါ အဓိကစိုးရိမ်ရကြောင်း၊ ဈေးကွက်အတွင်း ကုန်စည်ရောက်ရှိသည့် အချိန်ပိုမိုကြာမြင့်လေ ဈေးနှုန်းပိုမိုတက်နိုင်လေဖြစ်ကြောင်း၊ အခြားဆိပ်ကမ်းများ တွင်လည်း ထိုကဲ့သို့ စစ်ဆေးမှုများရှိသော်လည်း ရှန်ဟိုင်းကဲ့သို့ များစွာတင်းကြပ်ခြင်းမရှိကြောင်း အစီရင်ခံ တင်ပြထားပါသည်။

ရှန်ဟိုင်းမြို့၏ အနောက်ဘက် ကီလိုမီတာ (၁၀၀) အကွာအဝေးတွင် တည်ရှိသော ပြည်တွင်းပြည်ပမှ လတ်ဆတ်သစ်သီးဝလံများ၏ အဓိကလက် ကားဈေးဖြစ်သည့် Jiaxing ဈေးတွင် ရောင်းချသည့် ပြည်ပမှတင်သွင်းသော သစ်သီးဝလံများမှာ အကောက်ခွန်ဌာန၏ Covid-19 စစ်ဆေးမှုကြောင့် အချိန်ကြာမြင့်မှုနှင့် ရင်ဆိုင်ကြုံတွေ့နေသည့် ဈေးဖြစ်ပါသည်။ ထို့ပြင် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာနှင့် ပြည်နယ်အစိုးရတို့မှ တာဝန် ခံများက ဈေးသို့ မကြာခဏလာရောက်ကြကာ သစ်သီးဝလံများအား ကျပန်းစစ်ဆေးမှုပြုလုပ်ကြကြောင်း၊ အထူးသဖြင့် အမေရိကမှ တင်သွင်းသော ဆန်းကစ်သီး၊ တောင်အာဖရိက၊ အီဂျစ်နှင့် အမေရိကမှတင်သွင်းသည့် ပန်းသီးများ စသည့်အရည်ရွှန်းပြီး အချဉ်ဓာတ်ကြွယ်ဝသည့် သစ်သီးများလည်း ပါဝင်ကြောင်း ၎င်းဈေးမှ ပြောကြားချက်အရ သိရပါသည်။

တရုတ်မီဒီယာများ၏ အစီရင်ခံမှုများအရ Xindafi ဈေးမှ ရောဂါပျံ့နှံ့ဖြစ်ပွားမှု၏ နောက်ပိုင်းတွင် ပြည်ပမှတင်သွင်းသော စားသောက်ကုန်များအပေါ် ဆိပ်ကမ်းအများအပြား၌ အကောက်ခွန်အာဏာပိုင်များ၏ စစ်ဆေးမှုများ ပိုမိုတိုးမြင့်ပြုလုပ်လာကြောင်း သိရပြီး ကနဉီးတွင် ပင်လယ်စာထုတ်ကုန် များအပေါ် အာရုံထားစစ်ဆေးခဲ့ကြကာ နောက်ပိုင်းတွင် အသားနှင့် လတ်ဆတ်သစ်သီးဝလံများသို့ပါ တိုးမြှင့်ဆောင်ရွက်လာကြောင်း သိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ် : Fruitnet (၁၈-၆-၂၀၂၀)

Category: China(Nanning)