Korea

Coronavirus ရောဂါဖြစ်ပွားမှုကာလအလွန်တွင် ကိုရီးယားသမ္မတနိုင်ငံအစိုးရ၏ အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ ကုစားမှုအစီအစဉ်များနှင့် စီးပွားရေး တိုးတက်နိုင်မှု အလားအလာ အခြေအနေ

Last Updated:

ကိုရီးယားသမ္မတနိုင်ငံအစိုးရသည် လက်ရှိဖြစ်ပွားဆဲဖြစ်သော Coronavirus ကမ္ဘာ့ကပ်ရောဂါကြောင့် ထိခိုက်ရသော နိုင်ငံ၏စီးပွားရေးကဏ္ဍအား နာလန်ထူနိုင်စေရေး အစိုးရ၏စွမ်းဆောင် ကုစားမှုအစီအမံများအဖြစ် အစိုးရဌာနများတွင် အလုပ်အကိုင်အခွင့်အလမ်းပေါင်း အနည်းဆုံး (၅၅၀,၀၀၀)ခန့်ကို အလျင်အမြန် ဖန်တီးပေးသွားနိုင်ရေး ကိုရီးယားဝမ်(၃.၅)ထရီလီယံ (အမေရိကန် ဒေါ်လာ ၂.၈ ဘီလီယံ)ကို ထပ်တိုးရန်ပုံငွေအဖြစ် ခွင့်ပြုပေးသွားမည်ဟု (၂၀−၅−၂၀၂၀) ရက်နေ့တွင် ကတိပြုခဲ့ပြီး၊ ၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်းတွင် အမျိုးသားလွှတ်တော်သို့ တင်ပြအတည်ပြုချက် ရယူသွားမည်ဖြစ်ကြောင်း၊ အလုပ်အကိုင်များကို ဇွန်လအတွင်းတွင်ပင် အကောင်အထည်ဖော်ပေးနိုင်ရေး ကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

“ယခုအချိန်သည် Coronavirus ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး နေ့စဉ်လုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိသည့်နည်းတူ နိုင်ငံ၏စီးပွားရေးပြန်လည်နာလန်ထူရန် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရမည့်အချိန်ဖြစ်ကြောင်း၊ တောင်ကိုရီးယားအနေဖြင့် အခြားသော တိုးတက်သည့်နိုင်ငံကြီးများကဲ့သို့ Lock Down ပြုလုပ်သည့်လုပ်ငန်းစဉ်ကို မကျင့်သုံးဘဲ ပြည်တွင်းစီးပွားရေးကိုအရှိန်အဟုန်မပျက်တိုးတက်စေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ အထက်တန်းကျောင်းများကိုလည်း မူလဖွင့်လှစ်ရမည့်နေ့မှ ရက်ပေါင်း(၈၀)အကြာ (၂၀−၅−၂၀၂၀) ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ကြောင်း” ဘဏ္ဍာရေးဝန်ကြီးက(၂၀−၅−၂၀၂၀) ရက်နေ့တွင် Seoul Government Complex ၌ ပြုလုပ်ခဲ့သော စီးပွားရေးဆိုင်ရာအစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့ပါသည်။

ကိုရီးယားသမ္မတနိုင်ငံအစိုးရသည် နိုင်ငံ၏စီးပွားရေး ပြန်လည်ထူထောင်ရေးဆိုင်ရာ လမ်းပြမြေပုံ(Road Map) ကိုဗဟိုပြုလျက် မူဝါဒဆိုင်ရာမဏ္ဍိုင်(၄)ရပ်ဖြစ်သော လူငယ်လူရွယ်များအတွက် ပြည်သူပိုင်အစိုးရကဏ္ဍများတွင် ဝန်ထမ်းအလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ပြည်တွင်းခရီးသွားလုပ်ငန်းအတွက် လှုပ်ရှားမှုများကိုပြန်လည်အားဖြည့်ခြင်း၊ အဓိကစက်မှုလုပ်ငန်းကဏ္ဍများအတွက် ထောက်ပံ့မှု ရန်ပုံငွေပံ့ပိုးမှုအစီအစဉ်များနှင့် Special Purpose Vehicle (SPV) ထူထောင်၍ Low-Credit Corporate Bond များဝယ်ယူပေးမည့်အစီအစဉ် စသည့်တို့ကို ဆောင်ရွက်ရန် အကြံပြုခဲ့ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းအတွက် လူချင်းထိတွေ့ရန် မလိုအပ်သည့်ကဏ္ဍများတွင် Digital Data Management & Content Creation ရာထူးများအတွက် (၆၄,၀၀၀)နေရာနှင့် COVID-19 အလွန်ကာလ အုပ်ချုပ်မှုရေးရာလုပ်ငန်းရာထူးများအတွက် (၃၆,၀၀၀)နေရာ၊ စုစုပေါင်း အလုပ်အကိုင်ရာထူးနေရာ(၁၀၀,၀၀၀)နေရာနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးဆိုင်ရာများအတွက် အလုပ်အကိုင် (၃၀၀,၀၀၀) နေရာခန့် ဖန်တီးပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ပြည်တွင်းငွေချေးစာချုပ်ကဏ္ဍအတွက် တောင်ကိုရီးယားအစိုးရနှင့် ဗဟိုဘဏ် Bank of Korea (BOK) တို့သည် Special Purpose Vehicle(SPV) အစီအစဉ်ကို ထူထောင်လျက် Corporate Bonds & Commercial Papaers များကို အတိုးနှုန်းနည်းစွာဖြင့် ကုမ္ပဏီများထံမှ ဝယ်ယူပေးသွားမည်ဖြစ်ကြောင်း၊ SPV အစီအစဉ်သည် အရင်းအနှီးခေါ်ယူမှုပုံစံမျိုးဖြစ်ပြီး မိတ်ဖက်လုပ်ငန်းများမှ ငွေကြေးလိုအပ်ချက်ပေါ်ပေါက်လာပါက ချေးငွေများစီစဉ်၍ ထောက်ပံ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ အစီအစဉ်တွင် ဗဟိုဘဏ် Bank of Korea (BOK) မှ ကိုရီးယားဝမ် (၈) ထရီလီယံနှင့် Korea Development Bank (KDB) ဘဏ်မှ ချေးငွေနှင့်ရင်းနှီးမြှုပ်နှံမှုထည့်ဝင်ငွေ ကိုရီးယားဝမ် (၂) ထရီလီယံ တို့ပါဝင်ပြီး စုစုပေါင်း ကိုရီးယားဝမ် (၁၀) ထရီလီယံဖြစ်ကြောင်း၊ KDB ၏ (၂) ထရီလီယံ အနက် (၁) ထရီလီယံသည် KDB ဘဏ်၏ ရင်းနှီးမြှုပ်နှံမှုထည့်ဝင်ငွေအဖြစ် နိုင်ငံတော်ရန်ပုံငွေတွင် ထည့်ဝင်သွားမည်ဖြစ်ကြောင်း၊ SPV အစီအစဉ်အား လုပ်ငန်းရှင်များ၏ လိုအပ်ချက်ပေါ်မူတည်၍ ကိုရီးယားဝမ် (၂၀) ထရီလီယံအထိ (၂)ဆ တိုးမြှင့်ပေးသွားရန် အစီအစဉ်ရှိကြောင်း သိရှိရပါသည်။

ဤအစီအစဉ်သည် အမေရိကန်ပြည်ထောင်စု US Federal Reserve ၏ မတ်လတွင် ဆောင်ရွက်ခဲ့သော Primary Market Credit Facility နှင့် Secondary Market Corporate Credit Facility တို့အပါအဝင် SPVsအစီအစဉ်များကို နမူနာယူ၍ဖြစ်တည်လာခြင်းဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စု ငွေတိုက်၏ဆုံးဖြတ်ချက်အရ ဗဟိုဘဏ်အတွက် ချေးငွေဆိုင်ရာဖြစ်လာနိုင်ချေရှိသည့် အန္တရာယ်များကို လျှော့ချနိုင်ရေး Exchange Stabilization Funds ရန်ပုံငွေကို SPVs အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ တောင်ကိုရီးယား၏အစီအစဉ်သည်လည်း အလားတူဖြစ်ပြီး၊ ချေးငွေကြောင့်ဖြစ်ပေါ်လာနိုင်ချေရှိသည့် မမျှော်မှန်းနိုင်သည့် Risk (၂၀)ရာခိုင်နှုန်းကို အစိုးရနှင့် KDB ဘဏ်တို့မှ ဗဟိုဘဏ် (BOK) အတွက် မျှ၍တာဝန်ယူထားခြင်းပင်ဖြစ်ကြောင်း သိရှိရပါသည်။

COVID-19 ကမ္ဘာ့ကပ်ရောဂါကို ခုခံကာကွယ်နေသည့်ကာလအတွင်း ကမ္ဘာ့စီးပွားရေး သိသာစွာကျဆင်းမှုနှင့် ပုဂ္ဂလိကကဏ္ဍ၏ ခက်ခဲကျပ်တည်းစွာရုန်းကန်ရမှုများကြောင့် ကိုရီးယားသမ္မတ နိုင်ငံ ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ယခု ၂၀၂၀ ပြည့်နှစ်တွင် ၀.၂ % သာ တိုးတက်လာနိုင်ပြီး၊ ၂၀၂၁ ခုနှစ်တွင် ၃.၉ % သို့ ပြန်လည်တိုးတက်လာနိုင်ကြောင်း၊  သို့သော် ယခုကဲ့သို့ ခန့်မှန်းတွက်ချက်ရာတွင် ကမ္ဘာ့စီးပွားရေးမငြိမ်သက်မှုကြောင့် စိန်ခေါ်မှုများစွာကိုလည်း ကြုံတွေ့သွားရနိုင်သည်ကို မျှော်လင့်ထားရမည်ဖြစ်ကြောင်း ကိုရီးယားသမ္မတနိုင်ငံ၏ think tank အဖွဲ့ဖြစ်သော စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ရှိ ကိုရီးယားဖွံ့ဖြိုးမှုအဖွဲ့အစည်း (Korea Development Institute-KDI)၏ နှစ်ဝက်စီးပွားရေးအစီရင်ခံစာတွင် ဖော်ပြထားပါသည်။

KDI၏ စီးပွားရေးခန့်မှန်းချက်များမှာ လက်ရှိကာလအတွင်းကမ္ဘာ့စီးပွားရေးကျဆင်းမှု အပေါ်တွင်အခြေခံ၍တွက်ချက်ထားခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ ဒူဘိုင်းနိုင်ငံ၏စံသတ်မှတ်ထားသည့် မသန့်စင်ရသေးသော ယခုနှစ် ဓာတ်ဆီခန့်မှန်ဈေးနှုန်း  (၁)စည်လျှင် (၃၅)ဒေါ်လာနှင့်  ရှေ့နှစ်တွင် (၁)စည်လျှင် (၄၀)ဒေါ်လာတို့ပေါ်တွင် မူတည်နေကြောင်း၊  ကိုရီးယားဝမ်တန်ဖိုးမှာလည်း ယခုနှစ်တွင်(၄)% အတိုးအလျော့အထိ တန်ဖိုးလျော့ကျနိုင်ပြီး ရှေ့နှစ်တွင်လည်း ဆက်လက်လျော့ကျနိုင်ကြောင်း၊ ကမ္ဘာ့စီးပွားရေးအပေါ် ရှုမြင်သုံးသပ်မှုများအနေဖြင့် COVID-19 ကပ်ရောဂါ ခုခံကာကွယ်မှုများကြောင့် ဆက်လက်ပြီး ပြောင်းလဲနေနိုင်ကြောင်း သုံးသပ်ထားပါသည်။

KDI အနေဖြင့် ကိုရီးယားသမ္မတနိုင်ငံ၏ စီးပွားရေးတစ်ဖြည်းဖြည်းချင်း ပြန်လည်ဉီးမော့လာမည့် ၂၀၂၁ ခုနှစ်မတိုင်ခင်တွင် ဓာတ်ဆီဈေးနှုန်းကျဆင်းမှုနှင့် စီးပွားရေးတိုးတက်မှု တုံ့ဆိုင်းနေမှုများကြောင့် ယခုနှစ် တစ်နှစ်ပတ်လုံးတွင် ငွေကြေးဖောင်းပွမှုမှာ mid-zero% တွင်သာ ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း၊ ဝန်ဆောင်မှုကဏ္ဍတွင် ဖြစ်ပေါ်နေသော အလုပ်အကိုင်ဆုံးရှုံးမှုကြီးကို အစိုးရ၏ရန်ပုံငွေထောက်ပံ့မှုကြောင့် အချို့ကိုကုစားနိုင်၍ အလုပ်အကိုင်ကဏ္ဍကို ထိန်းသိမ်းသွားနိုင်ကာ ၂၀၂၁ ခုနှစ်တွင် အလုပ်အကိုင်အသစ်(၂၀၀,၀၀၀)ခန့် တိုးတက်လာနိုင်ကြောင်း သုံးသပ်ထားပါသည်။

ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ်များနှင့် Credit Ratings အေဂျင်စီများကလည်း ကိုရီးယားသမ္မတနိုင်ငံ၏ စီးပွားရေးကျဆင်းမှုကို Morgan Stanley က အနုတ်(-) ၁% ၊ Fitch က အနုတ်(-) ၀.၂%၊ Moody’s က အနုတ်(-) ၀.၅ % ဟူ၍ အသီးသီးခန့်မှန်းထားကြရာ၊ အာရှဖွံ့ဖြိုးရေးဘဏ် (Asia Development Bank- ADB) တစ်ခုတည်းကသာ ကိုရီးယားသမ္မတနိုင်ငံ၏ စီးပွားရေးကို အပေါင်းတိုးတက်မှုအဖြစ် ၁.၃ % ခန့်မှန်းထားပြီး၊ ယခင်က ၂.၃ % ခန့်မှန်းထားခဲ့ရာမှ ၁% လျော့နည်း၍ ပြောင်းလဲခန့်မှန်းခဲ့ခြင်းဖြစ်ပါသည်။ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် COVID-19 ဗိုင်းရပ်စ်ကူးစက်မှုသည် အတန်သင့် ဆက်လက်ကူးစက်ပျံ့နှံ့နေလျက်ရှိသေးသဖြင့် International Monetary Fund (IMF) က ယခုနှစ် ကမ္ဘာ့စီးပွားရေးမှာ နှစ်အစပိုင်းတွင်ပင် ၃ % ကျဆင်းပြီး၊ ယင်းနောက် ၆.၃ % ကျဆင်းနိုင်ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ၅.၈ % ပြန်လည်တိုးတက်လာနိုင်ကြောင်း၊ သို့သော်အဆိုပါတွက်ချက်မှုမှာလည်း ပြောင်းလဲနိုင်သည့်အနေအထားတွင်ရှိကြောင်း  သိရှိရပါသည်။

 

( မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့ )

Category: Korea