Singapore

COVID-19 ၏ ဆိုးရွားသောဂယက်ရိုက်ခတ်မှုများကို ကြံ့ကြံ့ခံနိုင်မှုရှိစေရေးအတွက် စင်ကာပူ ဒေါ်လာ ၄၈.၄ ဘီလီယံတန်ဖိုးရှိသော ဒုတိယအစီအမံဖြင့် တုံ့ပြန်ဆောင်ရွက်မည်

Last Updated:

COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ယခင်ကကြုံတွေ့ခဲ့ရခြင်းမရှိခဲ့သည့် ဆိုးဝါးသော ဘေးကျပ်နံကျပ်ကာလကို ရင်ဆိုင်နေရသည့်အတွက် စီးပွားရေးလုပ်ငန်းများ၊ လုပ်သားများနှင့် အိမ်ထောင်စုများကို အထောက်အကူပြုပေးနိုင်ရန်အတွက် စင်ကာပူ ဒေါ်လာ ၄၈.၄ ဘီလီယံ တန်ဖိုးရှိသော သမိုင်းမှတ်တမ်းတင်ရမည့် နောက်ထပ် အစီအမံတစ်ခုကို ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးဖြစ်သူ Mr Heng Swee Keat က ပါလီမန်တွင် ၂၆ - ၃ - ၂၀၂၀ ရက်နေ့၌ တင်ပြဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

စင်ကာပူသည် COVID - 19 ကြောင့် စီးပွားရေးအပေါ် ထိခိုက်မှုဖြစ်ပေါ်လာသော အခြေ အနေများကို ကုစားနိုင်ရန် စင်ကာပူဒေါ်လာ ၆.၄ ဘီလီယံတန်ဖိုးရှိသော အစီအမံ (စီးပွားရေး လုပ်ငန်းများနှင့် လုပ်သားများကို အထောက်အကူပြုနိုင်ရန်အတွက် စင်ကာပူဒေါ်လာ ၄ ဘီလီယံ၊ ဤကာလအတွင်း အိမ်ထောင်စုများ၏ နေထိုင်စားသောက်မှုစရိတ်အပေါ် အထောက်အပံ့ပြုပေးနိုင် ရန်အတွက် စင်ကာပူဒေါ်လာ ၁.၆ ဘီလီယံနှင့် ရောဂါဖြစ်ပွားမှုကို ရှေ့တန်းမှ အဓိက တားဆီး ကာကွယ်ပေးနေကြသော ဌာန/အဖွဲ့အစည်းများအတွက် စင်ကာပူဒေါ်လာ သန်း ၈၀၀ တို့ကို ရန်ပုံငွေခွဲဝေချထားခဲ့သည့် အစီအမံ) ဖြင့် ပထမအကြိမ် စီမံ ဆောင်ရွက်ခဲ့ပါသည်။ သို့ပါ၍ ပထမအကြိမ်နှင့် ဒုတိယအကြိမ် နှစ်ခုပေါင်း စုစုပေါင်း စင်ကာပူဒေါ်လာ ၅၅ ဘီလီယံခန့် (GDP ၏ ၁၁ ရာခိုင်နှုန်း) ရှိသော အစီအမံ များဖြင့် ပြင်းထန်စွာ ရိုက်ခတ်လျက်ရှိသည့်အခြေအနေများအပေါ် ဒူပေနာပေခံနိုင်မှုရှိစေရန် တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

စင်ကာပူဒေါ်လာ ၄၈.၄ ဘီလီယံ တန်ဖိုးရှိသော အစီအမံကြောင့် ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်လိုငွေ စင်ကာပူဒေါ်လာ ၃၉.၂ ဘီလီယံ (GDP ၏ ၇.၉ ရာခိုင်နှုန်း) ပေါ်ပေါက်မည်ဖြစ်ပြီး၊ အဆိုပါအစီအမံအတွက် ယခင်အရန်ရန်ပုံငွေမှ စင်ကာပူဒေါ်လာ ၁၇ ဘီလီယံကို ထုတ်ယူသုံးစွဲ ရမည်ဖြစ်ကြောင်း၊ ဤသို့ နိုင်ငံတော်၏အရန်ရန်ပုံငွေများကို ထုတ်ယူသုံးစွဲရသည့်အခြေအနေမှာ ၂၀၀၉ ခုနှစ် ကမ္ဘာ့ငွေရေးကြေးရေးအကျပ်အတည်းကာလ၌ စင်ကာပူဒေါ်လာ ၄.၉ ဘီလီယံကို ပထမဆုံးအကြိမ်အဖြစ် ထုတ်ယူသုံးစွဲခဲ့ရပြီး၊ ယခုအခါ ဒုတိယအကြိမ် ထုတ်ယူသုံးစွဲရမည့် အခြေ အနေဖြစ်ပေါ်လာကြောင်း၊ ယခု ဒုတိယအစီအမံသည် ၂၀၂၀ ဘဏ္ဍာရေးနှစ် အစိုးရဘတ်ဂျက် စုစုပေါင်းဖြစ်သော စင်ကာပူဒေါ်လာ ၁၀၆ ဘီလီယံ၏ တစ်ဝက်နီးပါးနှင့် ၂၀၀၉ ခုနှစ်ဘတ်ဂျက်တွင် စီးပွားရေး ဒူပေနာပေခံနိုင်မှုရှိစေရန် ဆောင်ရွက်ခဲ့ရသည့် စင်ကာပူဒေါ်လာ ၂၀.၅ ဘီလီယံတန်ဖိုး ရှိသော အစီအမံထက် နှစ်ဆကျော်ပါကြောင်း၊ ယခု အစီအမံသည် ပထမအကြိမ် ဆောင်ရွက်ခဲ့သည့် အစီအမံတွင် ပါရှိပြီးသော အစီအစဉ်များကို ပိုမိုတိုးချဲ့ထောက်ပံ့ပေးမှုများ ပြုလုပ်ခဲ့ပြီး၊ ထူးခြားမှု အနေဖြင့် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သောသူများနှင့် ဤကာလအတွင်း အလုပ်အကိုင်ဆုံးရှုံးရသော လုပ်သားများအတွက် ထောက်ပံ့ပေးမည့်အစီအစဉ်များကို ထည့်သွင်းခဲ့ကြောင်းနှင့် ယင်း အစီအမံနှင့် စပ်လျဉ်း၍ လာမည့် ဧပြီလ ၆ ရက်နေ့တွင် ပါလီမန်၌ အချေအတင်ဆွေးနွေးမှုများကို ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ Singapore Budget, The Straits Times

Category: Singapore