Belgium

COVID-19 အကျပ်အတည်းကြောင့် စားသောက်ကုန်ထုတ်လုပ်မှုတွင် သေချာမှုရှိစေရေး အစီအမံ များဆောင်ရွက်ပေးရန် အီးယူလယ်သမားများ တောင်းဆို

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းထားနိုင်ရေးအတွက် လာမည့်သီတင်းပတ်များအတွင်း ကန့်သတ်ချက်များကို ထပ်မံထုတ်ပြန်သွားဖွယ်ရှိနေသဖြင့် ငွေကြေးစီးဆင်းမှုအပါအဝင် လယ်ယာကဏ္ဍစိုက်ပျိုးထုတ်လုပ်မှုများ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်စေရေး သေချာအောင်ဆောင်ရွက်ပေးရန် ဥရောပ လယ်သမားများနှင့် စိုက်ပျိုးရေးဆိုင်ရာ သမဝါယမအသင်းအဖွဲ့များ ပါဝင်သည့် အီးယူလယ်သမားများအဖွဲ့အစည်း (COPA-COGECA) က ဥရောပကော်မရှင်ထံ တောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။ COVID-19 ကူးစက်ရောဂါ ဖြစ်ပွားနေမှုကြောင့် အခက်အခဲများရှိနေ သော်ငြားလည်း လယ်သမားများအနေဖြင့် လက်ရှိအချိန်ထိ အီးယူတစ်ဝန်းရှိ နိုင်ငံသားများထံသို့ စားသောက်ကုန်များ ဖြည့်ဆည်းရောင်းချပေးမှုကို ဆက်လက် လုပ်ဆောင်နိုင်နေဆဲဖြစ်ကြောင်း၊ သို့ရာတွင် ၎င်းရောဂါကူးစက် ဖြစ်ပွားနေမှုအကျိုးဆက်အဖြစ် အရေးပေါ်အခြေအနေများချမှတ်ရခြင်းသည် လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍများအပေါ် ရေတို/ရေရှည် သက်ရောက်မှုများ ဖြစ်ပေါ်စေလျက် ရှိသည်ဟု လယ်သမားအဖွဲ့အစည်းများထံမှ ဥရောပကော်မရှင်ဥက္ကဌထံသို့ ပေးပို့ခဲ့သည့် အကြောင်းကြားစာတွင် သတိပေးဖော်ပြထားကြောင်း လည်း သိရှိရပါသည်။

ခရီးသွားလာမှုဆိုင်ရာကန့်သတ်ချက်များ ချမှတ်ထားရသည့်အခြေအနေတွင် ဥရောပနှင့် နိုင်ငံတကာဈေးကွက်များ၌ စားသောက်ကုန်များ နေ့စဉ်ထောက်ပံ့ရောင်း ချမှုအပေါ် သက်ရောက်မှုများရှိနေပြီး၊ ကိုရိုနာဗိုင်းရပ်စ်ပြဿနာသည် အီးယူ၏ ထိခိုက်မှုအများဆုံးကျေးလက်ဒေသများတွင် သိသာသော အကျိုးဆက်များ ဖြစ်ပေါ် စေလျက်ရှိကြောင်း၊ အီးယူအဖွဲ့ဝင်နိုင်ငံများ၏ သက်ဆိုင်ရာ နိုင်ငံအစိုးရများအနေဖြင့် လာမည့်ရက်သတ္တပတ်များအတွင်း ထပ်မံကန့်သတ်မှုအစီအမံများကို ချမှတ် လာနိုင်ဖွယ်ရှိသည့်အခြေအနေတွင် အီးယူ၏ လယ်ယာစိုက်ပျိုးရေးနှင့် စားသောက်ကုန်ဈေးကွက်တို့ကို အဆင်ပြေချောမွေ့စွာ ဆက်လက်လည်ပတ်နိုင်စေရေး သေချာအောင်ဆောင်ရွက်ပေးရန် လယ်သမားများက ဥရောပကော်မရှင်အား တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း၊ လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းများနှင့် ငွေကြေးစီးဆင်းမှု တို့ကို အာမခံ၍ကာကွယ်ပေးနိုင်မည့် အစီအမံများကို မဖြစ် မနေချမှတ်ပေးရန် တောင်းဆိုထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

စားသောက်ကုန်များသည် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု၏ အကြောင်းအရင်း(သို့မဟုတ်) ရင်းမြစ် တစ်ခုမဟုတ်ကြောင်းကို ဥရောပအစားအသောက်ဘေးကင်းလုံခြုံမှု အေဂျင်စီ (European Food Safety Agency-EFSA) ၏ တွေ့ရှိမှုအား လယ်သမားများက ကြိုဆိုခဲ့ကြကြောင်း၊ ယခုလက်ရှိ ဖြစ်ပေါ်နေသည့်အခြေအနေများအရ လယ်သမားများအား ပိုမိုအချိန်ပေးနိုင်ရန်အတွက် ဘုံလယ်ယာ စိုက်ပျိုးရေးမူဝါဒ(Common Agricultural Policy-CAP) ဆိုင်ရာ ပေးချေမှုများအား မေလ (၁၅) ရက်နေ့အစား ဇွန်လ (၁၅)ရက်နေ့အထိ တိုးမြှင့်ပေးရန်အစီအစဉ်ကို ဥရောပကော်မရှင်က အီးယူအဖွဲ့ဝင်နိုင်ငံများအား အဆိုပြုကမ်းလှမ်းထားကြောင်း EURACTIV ၏ ၂၀-၃-၂၀၂၀ နေ့တွင် သတင်း ဖော်ပြထားမှုအရ သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

ရင်းမြစ် -  (EURACTIV)

 

Category: Belgium