Korea

COVID-19 ရိုက်ခတ်မှုများကြားက ကိုရီးယားသမ္မတနိုင်ငံ၏ ပို့ကုန်အသာစီး ရရှိခဲ့မှုအခြေအနေ

Last Updated:

ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်၀န်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ထုတ်ပြန်ချက်အရကိုရီးယားသမ္မတနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်း ကုန်သွယ်မှုပမာဏသည် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄၆.၉ ဘီလီယံ၊ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၄၁.၉ ဘီလီယံ ဆောင်ရွက်နိုင်ခဲ့သဖြင့် ကုန်သွယ်မှု ပမာဏတန်ဖိုး အမေရိကန်ဒေါ်လာ ၈၈.၈ ဘီလီယံနှင့် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၅ ဘီလီယံဖြစ်ပါသည်။ ယခင်နှစ်ကာလတူထက် ပို့ကုန်တွင် ၀.၂ ရာခိုင်နှုန်း၊ သွင်းကုန်တွင် ၀.၃ ရာခိုင်နှုန်းအသီးသီးကျဆင်းခဲ့သော်လည်း ပို့ကုန်အသာစီးရမှု ၉၈ လမြောက်အဖြစ် ဆက်တိုက်တည်ရှိဆဲဖြစ်ကြောင်း သိရှိရပါသည်။ ကမ္ဘာ့နှင့်အဝှမ်းတွင် COVID-19 ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများအတွက် Teleconferencing နည်းပညာကို ပိုမိုအသုံးပြုလာကြခြင်းကြောင့် နည်းပညာဆိုင်ရာ ဆက်စပ်ပစ္စည်းများ၏ဝယ်လိုအားမြင့်တက်ခဲ့ခြင်းသည်လည်း အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်း နေ့စဉ်ပျှမ်းမျှတင်ပို့နိုင်မှုသည် အမေရိကန်ဒေါ်လာ  ၂ ဘီလီယံဖြစ်ပြီး၊ ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်လျှင် လျော့နည်းသော်လည်း ကိန်းဂဏန်းကွာခြားမှုသည် ယခင်လများနှင့်နှိုင်းယှဉ်လျှင် လျော့ကျလာကြောင်း၊ ပို့ကုန်စျေးနှုန်းအနေဖြင့် ၁၁.၇ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း ပို့ကုန်ပမာဏတွင် ၁၃.၁ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း၊ သို့ရာတွင် တရုတ်နိုင်ငံမှ အစပြုခဲ့သည့် COVID-19 ကူးစက်ရောဂါသည် ယခုအခါ ကမ္ဘာနှင့်အဝှမ်းသို့ကူးစက် ပျံ့နှံ့၍ အမေရိကန် နိုင်ငံနှင့် အီတလီနိုင်ငံတို့တွင် ပိုမိုဆိုးရွားလာသဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ နောက်ပိုင်းတွင် ကုန်သွယ်ရေးအပေါ်ရိုက်ခတ်မှုများက ပိုမိုဆိုးရွားလာဖွယ် ရှိကြောင်း သိရှိရပါသည်။

ကိုရီးယားသမ္မတနိုင်ငံ၏ အဓိကပို့ကုန်  ၂၀ မျိုးအနက် ၉ မျိုးသည် တိုးတက်လာခဲ့ကြောင်း ၊ ယင်းတို့မှာ မော်တော်ယာဉ်များ၊ မော်တော်ယာဉ်အစိတ်အပိုင်းများ၊ ကြိုးမဲ့ဆက်သွယ် ရေးကိရိယာများ၊ ကွန်ပျူတာများ၊ ဇီဝကျန်းမာရေးပစ္စည်းများ၊ ပလပ်စတစ်ထုတ်ကုန်များ၊ လယ်ယာထွက်ကုန်ပစ္စည်းများနှင့်ရေထွက်ကုန်များ၊ အလှကုန်နှင့် ဓါတုကုန်ချောပစ္စည်းများတို့ ဖြစ်ပြီး၊ တင်ပို့နိုင်မှုကျဆင်းခဲ့သည့် အဓိကပို့ကုန် ၁၁ မျိုးမှာ Semiconductor ၊ အထွေထွေစက် ယန္တရားပစ္စည်းများ၊ ရေနံဓါတု ပစ္စည်းများ၊ ရေနံထွက်ပစ္စည်းများ၊ သံမဏိများ၊ သင်္ဘောများ၊ ရုပ်မြင် Display များ၊ အထည်အလိပ်များ၊ ဘက်ထရီအပိုပစ္စည်းများ၊ အိမ်သုံးပစ္စည်းများနှင့် စက်ရုပ်များ တို့ဖြစ်ကြောင်း သိရှိရပါသည်။

အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနိုင်ငံများ၊ အရှေ့အလယ်ပိုင်းဒေသနှင့် ဂျပန်နိုင်ငံ တို့သို့ ပိုမိုတင်ပို့နိုင်ခဲ့ပြီး၊ တရုတ်နိုင်ငံ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အိန္ဒိယ၊ လွတ်လပ်သော ဓနသဟာယနိုင်ငံများ၊ အမေရိကတောင်ပိုင်းနှင့် အလယ်ပိုင်းနိုင်ငံများသို့ တင်ပို့နိုင်မှုလျော့နည်းခဲ့ပါ သည်။ အမေရိကန်ပြည်ထောင်စုသို့ မော်တော်ယာဉ်များ၊ အထွေထွေစက်ပစ္စည်းယန္တရားများ၊ Semiconductorနှင့်ကြိုးမဲ့ဆက်သွယ်ရေးပစ္စည်းများတိုးတက်တင်ပို့နိုင်ခဲ့သဖြင့်(၁၇.၃ ရာခိုင်နှုန်း၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၇.၄ ဘီလီယံ) တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

သို့ပါ၍ COVID-19 ရိုက်ခတ်မှုများ ခံစားရလျက်ရှိသော်လည်း ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်း ကိုရီးယားသမ္မတနိုင်ငံ၏ ကုန်သွယ်မှုတွင် ပို့ကုန်အသာစီးရရှိခဲ့မှု အခြေအနေအား သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကိုရီးယားနိုင်ငံ)

Source: Ministry of Trade, Industry and Energy (MOTIE, Korea)

Category: Korea