Belgium

COVID-19 ဆိုင်ရာ ကန့်သတ်ချက်များကြောင့် နယ်သာလန်နိုင်ငံ၏ စီးပွားရေး ၃.၅ ရာခိုင်နှုန်း ကျဆင်းနိုင်ခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့နှံ့နေမှုကို ထိန်းချုပ်နိုင်ရေးကန့်သတ်ဆောင်ရွက်ချက်များကြောင့် ယခုနှစ်အတွက် နယ်သာလန်နိုင်ငံ၏ စီးပွားရေး ၃.၅ ရာခိုင်နှုန်း အထိကျဆင်းနိုင်ကြောင်း နယ်သာလန်နိုင်ငံ၊ ABN AMRO ဘဏ်ကခန့်မှန်းခဲ့ပြီး၊ ယင်းတွက်ချက်မှုမှာ လက်ရှိကန့်သတ်ချက် များသည် (၂) လခန့်အထိ အချိန်ကြာ မြင့်နိုင်သည်ဟူသော ယူဆချက်အပေါ်အခြေခံ၍ တွက်ချက် ထားခြင်းဖြစ်ကြောင်း၊ ၎င်းဘဏ်၏ အဆိုအရ ပြီးခဲ့သည့်ဖေဖော်ဝါရီလက ၂.၉ ရာခိုင်နှုန်းရှိခဲ့သည့် အလုပ်လက်မဲ့ နှုန်းထားမှာ ယခုနွေရာသီတွင် ၄.၅ ရာခိုင်နှုန်းဝန်းကျင်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။

စားသုံးသူသုံးစွဲမှုပိုင်းကျဆင်းခဲ့သဖြင့် ကဏ္ဍအားလုံးတွင် သက်ရောက်မှုရှိမည်ဟု ခန့်မှန်း ထားပြီး ဧည့်ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍမှာ အထိနာဆုံးဖြစ်နိုင်ကြောင်း၊ သို့ရာတွင် အွန်လိုင်းမှ ဝယ်ယူမှုများဆီသို့ ပိုမိုဦးတည်လာသည်ကို အဆိုပါဘဏ်အနေဖြင့် သတိပြုမိကြောင်း၊ ယခုနှစ် အတွက် စားသုံးသူသုံးစွဲမှုသည် ၅ ရာခိုင်နှုန်း ဖြင့် ကျဆင်းမည်ဟုခန့်မှန်းထားကြောင်း၊ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် နေအိမ်မှတစ်ဆင့်အလုပ်လုပ်ကိုင်စေခြင်းစသည်တို့ကြောင့်လည်း ထုတ်လုပ်မှု အပိုင်းတွင် သက်ရောက်မှု ရှိခဲ့ကြောင်း ABN AMRO ဘဏ်ကပြောကြားခဲ့ကြောင်း သိရှိရပါသည်။

နယ်သာလန်နိုင်ငံသည် တံခါးဖွင့်စီးပွားရေးဖြစ်သဖြင့် ထိခိုက်လွယ်ပြီး လက်ရှိအခြေ အနေများကြောင့် ကုန်သွယ်မှုကျဆင်းလျက်ရှိသော်လည်း လက်ရှိကန့်သတ်ချက်များကို မေလတွင် ဖယ်ရှားနိုင်ခဲ့ပါက ယခုနှစ်၏ ဒုတိယနှစ်ဝက်ကာလတွင် စီးပွားရေး ပြန်လည်နိုးထမှုတစ်ချို့ကို မျှော်လင့်နိုင်မည်ဖြစ်ကြောင်း၊ ကော်ဖီဆိုင်များ၊ စားသောက်ဆိုင်များ ပိတ်သိမ်းထားရသည့် ကန့်သတ်ချက်အများစုကို မေလခန့်တွင် ရုပ်သိမ်းနိုင်ခဲ့လျှင် လာမည့်နွေရာသီ၌ စီးပွားရေးတိုးတက် ပြန်လည်အားကောင်းနိုင်ဖွယ် ရှိကြောင်း၊ ၂၀၂၁ ခုနှစ်တွင်မူ စီးပွားရေးတိုးတက်မှု ပြန်လည်မြင့်မားလာနိုင်သည့်အခြေအနေကို မျှော်လင့်ထားကြောင်း အဆိုပါဘဏ် ကပြောကြားထားပါသည်။

နယ်သာလန်နိုင်ငံ၊ ဗဟိုစီမံကိန်းဗျူရိုကလည်း နယ်သာလန်နိုင်ငံ၏ စီးပွားရေးကျဆင်းမည့် အခြေအနေကို ခန့်မှန်းထားကြောင်း၊  စီးပွားရေးကျဆင်းနိုင်မှု အတိုင်း အတာသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ဆက်လက်ဖြစ်ပွားမှု အချိန်ကာလအပေါ်တွင် မူတည်နေကြောင်း၊ ABN AMRO ဘဏ် က အချိန် (၂) လကြာကာလ အတွင်း ကန့်သတ်ဆောင်ရွက်မှုများ ရုပ်သိမ်းနိုင်မည့်ယူဆချက်အပေါ် အခြေခံတွက်ချက်ထားသော်လည်း၊ နယ်သာလန်နိုင်ငံ၊ ဗဟိုစီမံကိန်းဗျူရိုအနေဖြင့်  အချိန် (၃) လမှ (၁၂) လ အတွင်း ယူဆချက်များအပေါ် အခြေခံ၍ ခန့်မှန်းတွက်ချက်ခြင်းဖြစ်ကြောင်း နယ်သာလန် တိုင်းမ်၏ ၂၇-၃-၂၀၂၀ နေ့တွင် သတင်းဖော်ပြချက်အရ သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

ရင်းမြစ် - (နယ်သာလန်တိုင်းမ်)

Category: Belgium