Singapore

COVID - 19 ၏ ဂယက်ရိုက်ခတ်မှု ပိုမိုပြင်းထန်လာပါက စီးပွားရေးကို လှုံ့ဆော်ပေးနိုင်မည့် တတိယ အကြိမ် ဘတ်ဂျက်အစီအမံဖြင့် ဆက်လက်ထောက်ပံ့ပေးမည်

Last Updated:

၃၀ - ၃ - ၂၀၂၀ ရက်နေ့တွင် စင်ကာပူနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး ဖြစ်သူ Mr Heng Swee Keat သည် COVID - 19 ရောဂါဖြစ်ပွားမှုကြောင့် ထိခိုက်မှုအများဆုံးလုပ်ငန်း ကဏ္ဍတစ်ခုဖြစ်သည့် လေကြောင်းပို့ဆောင်ရေးလုပ်ငန်းကဏ္ဍရှိ လုပ်သားများနှင့် ချန်ဂီလေဆိပ်၌ တွေ့ဆုံစဉ်ရောဂါကြောင့် ဂယက်ရိုက်ခတ်မှုအခြေအနေ ပိုမိုဆိုးရွားလာပါက စင်ကာပူ၏ စီးပွားရေးကို နှိုးဆွပေးနိုင်မည့် တတိယအကြိမ်မြောက် ဘတ်ဂျက်အစီအမံဖြင့် ဆက်လက်ဆောင်ရွက်ပေး သွားရန် အဆင်သင့်ရှိကြောင်း၊ ထိုသို့လိုအပ်သည့်အချိန်၌ ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် အစိုးရတွင် အရင်းအမြစ်များရှိသည်ကို စင်ကာပူနိုင်ငံသားများအား အခိုင်အမာအသိပေးလိုကြောင်း၊ သို့ရာတွင် လက်ရှိ အစီအမံများဖြင့် အကောင်းဆုံး အသုံးချ ဆောင်ရွက်သွားနိုင်ရန် အာရုံစိုက်ရ မည်ဖြစ်ကြောင်း သတင်းမီဒီယာများ ၏ မေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားခဲ့ပါသည်။ 

စင်ကာပူသည် ရောဂါဖြစ်ပွားမှု၏ သက်ရောက်မှုများကို ဒူပေနာပေခံနိုင်ရန် စင်ကာပူဒေါ်လာ ၄၈.၄ ဘီလီယံ တန်ဖိုးရှိသော သမိုင်းမှတ်တမ်းတင်ရမည့် ဒုတိယ အကြိမ် ဘတ်ဂျက်အစီအမံကို    ၂၆ - ၃ - ၂၀၂၀ ရက်နေ့တွင် အသိပေးကြေညာခဲ့ပြီး၊ ယင်းအစီအမံအတွက် နိုင်ငံတော်၏ အရန် ရန်ပုံငွေမှ စင်ကာပူဒေါ်လာ ၁၇ ဘီလီယံကို ထုတ်ယူသုံးစွဲရမည်ဖြစ်ကြောင်း သိရှိရပါသည်။ ဤအစီအမံတွင် စင်ကာပူ၏ လေကြောင်းပို့ဆောင်ရေးလုပ်ငန်းကဏ္ဍအတွက် စင်ကာပူဒေါ်လာ သန်း ၇၅၀ ကျော် ပံ့ပိုးပေးမည့် အစီအစဉ်များ ပါဝင်ပါသည်။ လေကြောင်းပို့ဆောင်ရေးလုပ်ငန်း ကဏ္ဍသည် စင်ကာပူ၏ GDP အပေါ် ၅ ရာခိုင်နှုန်းကျော်အထိ အထောက်အကူပြုပေးလျက်ရှိပြီး၊ လုပ်သား ၁၉၀,၀၀၀ ကျော်ကို အလုပ်အကိုင် ဖန်တီးပေးထားကြောင်း ဖော်ပြထားပါသည်။ စင်ကာပူဒေါ်လာ သန်း ၇၅၀ ကျော် တန်ဖိုးရှိသော အထောက်အပံ့ပေးမည့်အစီအစဉ်များအနက် သန်း ၄၀၀ ကျော်သည် ယင်းလုပ်ငန်းကဏ္ဍရှိ တစ်လလျှင် စင်ကာပူဒေါ်လာ ၄၆၀၀ အထိ ရရှိသော လုပ်သားများ၏ လုပ်ခလစာ၏ ၇၅ ရာခိုင်နှုန်းအထိကို အစိုးရမှ ပံ့ပိုးပေးမည်ဖြစ်ပြီး၊ ကျန်ရှိသော စင်ကာပူဒေါ်လာ သန်း ၃၅၀ မှာ လေယာဉ်ဆိုက်ကပ်ခြင်းနှင့် ရပ်နားခြင်းစရိတ်များကို ကင်းလွတ် ခွင့်နှင့် သက်သာခွင့်ပေးခြင်း၊ လေကြောင်းလိုင်းများနှင့် ကုန်ပစ္စည်းကုန်တွယ်ထိန်းသိမ်းရေး လုပ်ငန်းများ၏ ရုံး/အဆောက်အအုံ နေရာငှားရမ်းခစရိတ်များနှင့် အခြားသော အခကြေးငွေ ပေးဆောင်ရမှုများကို လျှော့ပေါ့ပေးရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၁၈ - ၂ - ၂၀၂၀ ရက်နေ့တွင် စင်ကာပူဒေါ်လာ ၆.၄ ဘီလီယံ တန်ဖိုးရှိသော ပထမအကြိမ် အစီအမံနှင့် ၂၆ - ၃ - ၂၀၂၀ ရက်နေ့တွင် ထပ်မံဆောင်ရွက်ခဲ့သည့် ဒုတိယအကြိမ် အစီအမံ နှစ်ခုပေါင်းသည် စင်ကာပူဒေါ်လာ ၅၅ ဘီလီယံခန့်ရှိသည့်အတွက် စင်ကာပူ GDP ၏ ၁၁ ရာခိုင်နှုန်း ရှိကြောင်း သိရှိရပါသည်။     

       

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)                

သတင်းရင်းမြစ် ။    ။ Channel News Asia

Category: Singapore