Korea

“Roundtable on Korea-ASEAN Effort to Fight COVID-19” ဆွေးနွေးပွဲသို့ အာဆီယံ သံအမတ်ကြီးများနှင့် သံရုံးကိုယ်စားလှယ်များမှ တက်ရောက်ဆွေးနွေးခဲ့ခြင်း

Last Updated:

COVID-19 ကမ္ဘာ့ကပ်ရောဂါသည် အာဆီယံနိုင်ငံများနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် ဘူဆန်မြို့၌ ကျင်းပပြီးစီးခဲ့သည့် “ASEAN-Korea Commemorative Summit” ထိပ်သီးအစည်းအဝေးဆိုင်ရာ ဆက်လက်ဆောင်ရွက် ရမည့်ကိစ္စရပ်များကို ကာလအတန် ကြာနှောင့်နှေးစေခဲ့ပြီး၊ မျက်နှာစုံညီထိတွေ့မှုများ ရှောင်ရှားရသည့်အတွက် ပြည်သူများအချင်းချင်း ကူးလူးဆက်နွယ်မှုမှတစ်ဆင့် ပြုလုပ်ရမည့်ပူးပေါင်းဆောင်ရွက်မှုများကိုလည်း အဟန့်အတားဖြစ်စေခဲ့ပါသည်။

ကိုရီးယားသမ္မတနိုင်ငံ၌ အင်္ဂလိပ်ဘာသာဖြင့်ပထမဆုံးထုတ်ဝေခဲ့သည့် နိုင်ငံကျော်သတင်းစာ တစ်ခုဖြစ်သော The Korea Times သတင်းစာ၏ နှစ်(၇၀) ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် The Korea Times သတင်းစာနှင့် ASEAN-Korea Centre (AKC) တို့မှကြီးမှူး၍ “Roundtable on Korea-ASEAN Effort to Fight COVID-19”ဆွေးနွေးပွဲကို (၁၅-၆-၂၀၂၀) ရက်နေ့၊ (၁၀:၀၀)နာရီ အချိန်တွင် ဆိုးလ်မြို့၊ Wise Tower  (18th Floor) ၌ ကျင်းပပြုလုပ်ခဲ့ရာ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့ပါသည်။

ဤဆွေးနွေးပွဲသည် ကိုရီးယားသမ္မတနိုင်ငံ၌ COVID-19 ဖြစ်ပွားမှု လျော့ကျလာပြီးသည့်နောက် အာဆီယံနှင့်တောင်ကိုရီးယားအကြား ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် အဓိပ္ပါယ်ရှိစွာ အချိန်ကိုက် ကျင်းပနိုင်သည့် အစည်းအဝေးတစ်ခုဖြစ်သည့်အပြင်၊ The Korea Times သတင်းစာ၏ နှစ်(၇၀) ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် တောင်ကိုရီးယားနှင့် အာဆီယံသံအမတ်ကြီးများ အကြား ဒုတိယအကြိမ် မျက်နှာစုံညီပြန်လည် တွေ့ဆုံနိုင်ခဲ့သော အစည်းအဝေးလည်း ဖြစ်ပါသည်။ ပထမဆုံးအကြိမ်အဖြစ် မျက်နှာစုံညီပြန်လည် တွေ့ဆုံနိုင်ခဲ့သောအစည်းအဝေးမှာ ၂၀၂၀ ပြည့်နှစ်၊ မေလ (၂၉) ရက်နေ့တွင် သမ္မတရုံး၏ တောင်ပိုင်းဆိုင်ရာမူဝါဒအသစ်ကော်မတီ (Presidential Committee on New Southern Policy) မှ ကြီးမှူးကျင်းပခဲ့သည့် ဆွေးနွေးပွဲဖြစ်ပါသည်။

အဆိုပါ “Roundtable on Korea-ASEAN Effort to Fight COVID-19” ဆွေးနွေးပွဲတွင် ASEAN-Korea Centre ၏ Secretary-General ဖြစ်သူ H.E. Mr. Lee Hyuk မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ The Korea Times သတင်းစာမှ ဥက္ကဌနှင့် ထုတ်ဝေသူ ဖြစ်သော Mr. Oh Young-jin မှ Moderator အဖြစ်ဆောင်ရွက်ခဲ့ပါသည်။  အာဆီယံ သံအမတ်ကြီးများနှင့် သံရုံးကိုယ်စားလှယ်များမှ သက်ဆိုင်ရာနိုင်ငံအလိုက် COVID-19 ကူးစက်ရောဂါဖြစ်ပွားမှုအခြေအနေများ၊ ထိန်းချုပ်၊ တားဆီး၊ ကာကွယ်၊ ကုသရေး အတွက်ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲတွင် မြန်မာသံအမတ်ကြီး၏ ဆွေးနွေးချက်များအား “Incheon serves as hub to bring Myanmar People home” ခေါင်းစဉ်ဖြင့် (၂၄-၆-၂၀၂၀) ရက်နေ့ထုတ် The Korea Times သတင်းစာတွင် အောက်ပါအတိုင်း ဖော်ပြထားပါသည်−

-မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်သည့်အားလျော်စွာ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်မှုများရှိပါကြောင်း၊ သို့ရာတွင် ယခုကဲ့သို့  COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားသည့်အချိန်တွင် COVID-19 ရောဂါ တားဆီးကာကွယ်ရေးဆိုင်ရာ ဆေးပစ္စည်းများ၊ အထောက်အကူပစ္စည်းများသည် အရေးကြီးသည့်အတွက် လိုအပ်သည့် တားဆီး၊ ကာကွယ်၊ ကုသရေးလုပ်ငန်းစဉ်များနှင့် အစားအစာ ထောက်ပံ့မှုလုပ်ငန်းစဉ်များကို နိုင်ငံတော်အကြီးအကဲများကိုယ်တိုင်ဦးစီး၍ ထိရောက်စွာဆောင်ရွက်နိုင်ခဲ့မှုကြောင့် ပြည်တွင်း၌ ထပ်မံကူးစက်ပြန့်ပွားမှုများ (Local Transmission) မရှိဘဲ အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပါကြောင်း၊

-မြန်မာနိုင်ငံတွင် COVID-19 စတင်ဖြစ်ပွားစဉ်ကပင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဦးစီး၍ ပြည်သူလူထုနှင့် လူမှုကွန်ယက် Media မှ တစ်ဆင့် တိုက်ရိုက်ဆက်သွယ်ကာ ပြည်သူ့အသံကိုနားထောင်ခြင်းဖြင့် လိုအပ်ချက် များကို ထိရောက်စွာဖြည့်ဆည်းပေးနိုင်ခဲ့ပါ​ကြောင်း၊ ထိုသို့ဖြည့်ဆည်းပေးရာတွင်လည်း နိုင်ငံတော်၏ဘဏ္ဍာငွေအပြင် ပြည်သူလူထုများ၏ သဒ္ဒါတရားအရ လှူဒါန်းမှူများပါဝင်ပါကြောင်း၊ ရလဒ်အနေဖြင့် ပြည်သူလူထုမှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ညွှန်ကြားချက်များကို တိကျစွာလိုက်နာခဲ့ကြသည့်အတွက် ဆိုးရွားစွာကူးစက်ပျံ့နှံ့ခြင်း မျိုးမရှိခဲ့ပါကြောင်း၊ ထို့ပြင် ပြည်သူလူထုအား အသိပညာပေးမှုမြှင့်တင်ခြင်းသည် အထူးအရေးကြီးသည့်အတွက် Hand-made Mask ပြုလုပ်မှုပြိုင်ပွဲများကျင်းပခြင်း၊ မကြာခဏလက်ဆေးရန်အား Media များမှတစ်ဆင့်ဖြန့်ဝေခြင်း စသည့် နည်းလမ်းမျိုးစုံဖြင့် အသိပညာမြှင့်တင်ပေးခဲ့ပါကြောင်း၊

-ထို့ပြင် မြန်မာနိုင်ငံ၏ COVID-19 ဆိုင်ရာ တားဆီး၊ ကာကွယ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ကိုရီးယားသမ္မတနိုင်ငံအစိုးရနှင့် အခြားသော ကိုရီးယားအလှူရှင်များ၏ လှူဒါန်းမှုများအတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊

-မြန်မာသံရုံး၊ ဆိုးလ်မြို့အနေဖြင့် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်အား ဆုံမှတ်အဖြစ်သတ်မှတ်၍ ကိုရီးယားသမ္မတနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ မဖြစ်မနေ ပြန်လည်ဝင်ရောက်ရန် လိုအပ်လျက်ရှိသော မြန်မာနိုင်ငံသားများအတွက် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) အား စီစဉ်ပေးခြင်းဖြင့် မြန်မာနိုင်ငံသားများ၏အကျိုးနှင့် ယင်းတို့၏အိမ်ပြန်လိုသည့်ဆန္ဒတို့ကို အကောင်းဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

-မိမိတို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အဖွဲ့ဝင်နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအစည်းအဝေးများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည့်အလျောက် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ အတွင်းတွင် အာဆီယံကျန်းမာရေးဝန်ကြီးများအဆင့် အစည်းအဝေးကို Video Conferencing ဖြင့်ကျင်းပခဲ့ပါကြောင်း စသဖြင့် မြန်မာနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများ၊ ကိုရီးယားနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများကို ထည့်သွင်းဆွေးနွေးပြောကြားခဲ့ပြီး၊ The Korea Times သတင်းစာ၏ ဥက္ကဌ Mr. Oh Young-Jin နှင့်တက်ရောက်လာသူများမှ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည် ဖြေကြားခဲ့ပါသည်။ 

-အဆိုပါ “Roundtable on Korea-ASEAN Effort to Fight COVID-19” ဆွေးနွေးပွဲကို (၁၃:၀၀) နာရီအချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

(၂၂-၆-၂၀၂၀) ရက်နေ့အထိ စာရင်းများအရ COVID-19 ဖြစ်ပွားမှုမှာ ဘရူးနိုင်းနိုင်ငံတွင်(၁၄၁) ဦး၊ ကမ္ဘောဒီးယားနိုင်ငံတွင်(၁၂၉)ဦး၊ အင်ဒိုနီးရှားနိုင်ငံတွင်(၄၆,၈၄၅)ဦး၊ လာအိုနိုင်ငံတွင်(၁၉)ဦး၊ မလေးရှားနိုင်ငံတွင် (၈,၅၈၇)ဦး၊ မြန်မာနိုင်ငံတွင် (၂၉၀)ဦး၊ ဖိလစ်ပိုင်နိုင်ငံတွင် (၃၀,၆၈၂)ဦး၊ စင်ကာပူနိုင်ငံတွင် (၄၂,၃၁၃)ဦး၊ ထိုင်းနိုင်ငံတွင် (၃,၁၅၁)ဦးနှင့် ဗီယက်နမ်နိုင်ငံတွင် (၃၄၉) ဦး ဖြစ်ကြောင်း၊ သေဆုံးမှုအနေဖြင့် ဘရူနိုင်းနိုင်ငံတွင် (၃)ဦး၊ အင်ဒိုနီးရှားနိုင်ငံတွင် (၂,၅၀၀)ဦး၊ မလေးရှားနိုင်ငံတွင် (၁၂၁)ဦး၊ မြန်မာနိုင်ငံတွင် (၆)ဦး၊ ဖိလစ်ပိုင်နိုင်ငံတွင် (၁,၁၇၇)ဦး၊ စင်ကာပူနိုင်ငံတွင် (၂၆) ဦးနှင့် ထိုင်းနိုင်ငံတွင် (၅၈)ဦး ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင် သေဆုံးမှု မရှိသေးဟု သိရှိရကြောင်း သတင်းစာတွင် ဖော်ပြပါရှိပါသည်။ 

 

 

( မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Source: The Korea Times https://www.koreatimes.co.kr/www/nation/2020/06/176_291592.html

 

   

Category: Korea