Korea

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ကိုရီးယားသမ္မတနိုင်ငံ၏ စီးပွားရေးအခြေအနေ

Last Updated:

ကိုရီးယားသမ္မတနိုင်ငံ၊ ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်သောစာရင်းများအရ  ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် ပို့ကုန် ၄၃.၄ ဘီလီယံ၊ သွင်း ကုန် အမေရိကန်ဒေါ်လာ ၄၂.၇ ဘီလီယံ၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ  ၈၆.၁ ဘီလီယံ ဆောင်ရွက်နိုင်ခဲ့ပြီး၊ ကုန်သွယ်မှုပိုငွေ အမေရိကန် ဒေါ်လာ ၆၂၀ သန်းဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်လျှင် ပို့ကုန်တွင် ၆.၁ ရာခိုင်နှုန်း၊ သွင်းကုန်တွင် ၅.၃ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း ပို့ကုန်ဆက်တိုက် ကျဆင်းခဲ့သည့် ၁၄ လ အနက် ကျဆင်းမှုအနည်းဆုံးဖြင့် အနည်းငယ်ပြန်လည် ဦးမော့လာသည့်လဖြစ်ကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံ၏ နှစ်သစ် ကူးရုံးပိတ်ရက်သည် ၂၀၁၉ ခုနှစ် တွင်ဖေဖော်ဝါရီလအတွင်း၌ကျရောက်ခဲ့ပြီး၊ ယခုနှစ်အတွက်မူ ဇန်နဝါရီလ အတွင်းတွင် ကျရောက်သဖြင့် ယင်းသည် ဇန်နဝါရီလ၌ ကုန်သွယ်မှုကျဆင်းရခြင်း၏အကြောင်းရင်းတစ်ရပ်ဟုလည်း သက်ဆိုင်ရာတာဝန်ရှိသူများမှ ယူဆကြောင်းသိရှိရပါသည်။ ၂၀၁၉ ခုနှစ်အတွက် စီးပွားရေးတိုးတက် မှုနှုန်းသည် ၂ ရာခိုင်နှုန်းရရှိခဲ့ပြီး၊ ၂၀၂၀ပြည့်နှစ် တစ်နှစ်လုံးအတွက် စီးပွားရေးတိုးတက်မှုနှုန်းကို ၂.၁ ရာခိုင်နှုန်းရရှိ ရန်ခန့်မှန်းထားကြောင်း သိရှိရပါသည်။

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလအတွင်းတွင် ကုန်ပစ္စည်းအမယ်အလိုက် တင်ပို့နိုင်မှုအနေဖြင့် ဇီဝကျန်းမာရေးပစ္စည်းများတင်ပို့မှုသည်အမေရိကန်ဒေါ်လာ ၇၅၀ သန်းရှိခဲ့ ပြီး၊ ၃၆.၂ ရာခိုင်နှုန်းတိုးတက်ခဲ့ပါကြောင်း၊ ကမ္ဘာ့စျေးကွက်အခြေအနေအရ စျေးနှုန်း ကျဆင်းခြင်းရှိသော်လည်း တောင်ကိုရီးယား၏ ဇီဝကျန်းမာရေးပို့ကုန်ပစ္စည်းများသည် ၅ လ မြောက်အဖြစ် ဆက်တိုက်တင်ပို့နိုင်မှု မြင့်တက်လျက်ရှိကာ အဓိကအားဖြင့် အာဆီယံ၊ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမ္မဂ္ဂစျေးကွက်များသို့ တင်ပို့နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ အလှကုန်အနေဖြင့် အမေရိကန်ဒေါ်လာ ၄၆၀ သန်း တင်ပို့နိုင်ခဲ့သည့်အတွက် ၀.၆ ရာခိုင်နှုန်းတိုးတက်ခဲ့ကာ ၇ လ မြောက်အဖြစ်ဆက်တိုက် တိုးတက်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ မျက်နှာသစ်ဆေး၊ မိတ်ကပ်အလှကုန်ပစ္စည်းများ၊ အမျိုးသား သုံး Shaving ကုန်စည်များကို အာဆီယံနိုင်ငံများနှင့် ဂျပန်နိုင်ငံတို့သို့ တင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ သင်္ဘောများတင်ပို့နိုင်မှုသည် အမေရိကန် ဒေါ်လာ ၂.၈ ဘီလီယံဖြင့် ၅၉ ရာခိုင်နှုန်းလည်းကောင်း၊ ကွန်ပျူတာပစ္စည်းတင်ပို့နိုင်မှုသည် အမေရိကန်ဒေါ်လာ ၉၁၀ သန်း တင်ပို့နိုင်ခဲ့၍ ၄၃.၇ ရာခိုင်နှုန်းထိ အသီးသီးမြင့်မားစွာ တိုးတက်တင်ပို့နိုင်ခဲ့ပါကြောင်း၊ သင်္ဘောတင်ပို့နိုင်မှုသည် ၃ လဆက် တိုက်ကျဆင်းခဲ့ရာမှ ယခုပြန်လည်တိုးတက်လာခြင်းဖြစ်ပြီး၊ ကွန်ပျူတာတင်ပို့နိုင်မှုသည် ၄ လ ဆက်တိုက်တိုးတက်ခဲ့ ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

ထို့ပြင် ပြည်ပရှိ ဘက်ထရီအပိုပစ္စည်းစက်ရုံများမှ ထုတ်လုပ်မှုအားတိုးတက်လာခြင်းကြောင့် တောင်ကိုရီးယား၏ ဘက်ထရီအပိုပစ္စည်းတင်ပို့နိုင်မှုသည် အမေရိကန် ဒေါ်လာ ၅၇၀ သန်းဖြင့် ၁၃.၅ ရာခိုင်နှုန်းကျဆင်းလာခဲ့ပါကြောင်း၊ ချစ်ပ်ပြား (Chip) တင်ပို့နိုင်မှုသည် အမေရိကန်ဒေါ်လာ၇.၂ ဘီလီယံဖြင့် ၃.၄ ရာခိုင်နှုန်း လျော့နည်းတင်ပို့နိုင်ခဲ့သော်လည်း၊ ဆာဗာနှင့်မိုဘိုင်းဖုန်းများတွင် အသုံးပြုသည့် Semiconductors များ၏ဝယ်လိုအားသည် သိသိသာသာတိုးတက်လာခြင်းကြောင့်  Memory Chips စျေးနှုန်းများ စျေးကောင်းရရှိခဲ့သဖြင့် ပို့ကုန်ကျဆင်းမှုအား နည်းပါးစေခဲ့ပါသည်။

ကုန်သွယ်မှုဒေသများအနေဖြင့် အာဆီယံနိုင်ငံများသို့ ရေနံထုတ်ကုန်များ၊ သင်္ဘောများ၊ ရေနံ ဓါတုပစ္စည်းများ တန်ဖိုး- အမေရိကန်ဒေါ်လာ ၉.၅ ဘီလီယံ တင်ပို့နိုင်ခဲ့ သဖြင့်၊ ၉.၉ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါသည်။ ဓနသဟာယနိုင်ငံများသို့ အထွေထွေစက် ပစ္စည်းများ၊ Display ရုပ်မြင်ဖန်သားပြင်များ၊ ကွန်ပျူတာနှင့် ကြိုးမဲ့ဆက်သွယ်ရေးပစ္စည်းများတင်ပို့နိုင်မှုသည် အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံဖြင့် ၅.၁ ရာခိုင်နှုန်း တိုးတက်တင်ပို့နိုင်ခဲ့ပါသည်။ သို့ရာတွင် အရှေ့အလယ်ပိုင်းဒေသသို့ ရေနံဓါတုပစ္စည်း များ၊ မော်တော်ယာဉ်များတင်ပို့နိုင်မှုသည် အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံဖြင့် ၉.၉ ရာခိုင်နှုန်း လျော့နည်းတင်ပို့နိုင်ခဲ့ပါသည်။ ဥရောပသမ္မဂ္ဂနိုင်ငံများသို့ မော်တော်ကား၊ ရေနံဓါတုပစ္စည်းများ၊ သံမဏိနှင့် Semiconductors တင်ပို့နိုင်မှုသည် အမေရိကန် ဒေါ်လာ ၄.၂ ဘီလီယံဖြင့် ၁၆.၂ ရာခိုင်နှုန်း လျော့နည်းတင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါသည်။

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလအတွင်း သွင်းကုန်တင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ၄၂.၇ ဘီလီယံဖြင့် ၅.၃ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ အဓိကတင်သွင်းမှု လျော့နည်း ခဲ့သည့်ပစ္စည်းများမှာ Bituminous ကျောက်မီးသွေး၊ Semiconductors ထုတ်လုပ်သည့် စက်ပစ္စည်းများနှင့် ဓါတ်ဆီသုံးခရီးသည်တင်ယာဉ်များ ဖြစ်ကြောင်းသိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကိုရီးယားနိုင်ငံ)

Source: Minisry of Trade, Industry and Energy

http://english.motie.go.kr/en/tp/tradeinvestrment/bbs/bbsView.do?bbs_seq_n=764&bbs_cd_n=2&view_type_v=TOPIC&&currentPage=1&search_key_n=&search_val_v=&cate_n=2#

Category: Korea