China(Beijing)

၂၀၂၀ ပြည့်နှစ်အတွင်းပိုမိုဖွံ့ဖြိုးတိုးတက်ရန် ဉီးစားပေးဖော်ဆောင်သွားမည်ဟု ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ခြင်း

Last Updated:

          တရုတ်နိုင်ငံသည် ပြည်တွင်းဈေးကွက် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ အဆင်မြင့်ဖွင့်လှစ်ပေးမှုများ ပိုမိုအားကောင်း လာစေရန်နှင့် အရည်အသွေးကောင်းမွန်သည့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ၂၀၂၀ ပြည့်နှစ်အတွင်း အရှိန်မြှင့်တင်ဆောင် ရွက်သွားမည်ဖြစ်သည်ဟု တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီးဖြစ်သူ Zhong Shan မှ ပြောကြားခဲ့ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ၂၀၂၀ ပြည့်နှစ်အတွင်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဉီးစားပေးလုပ်ဆောင်မည့်ကိစ္စရပ်များအား ချမှတ်ခဲ့ပြီးဖြစ်ကြောင်း၊ ပြည်တွင်း ဈေးကွက်ခိုင်မာမှုရှိစေရန် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံ၏ ဈေးကွက် အတွင်းသို့ ဝင်ရောက်နိုင်ရန် ဉီးစားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စီးပွားရေး၊ ကုန်သွယ်မှုနှင့်ပတ်သက်၍ ဩဇာအာဏာကြီးမားသည့် နိုင်ငံအဖြစ်သို့ တည်ထောင်နိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ်အတွင်းတွင် အခွင့်အလမ်းများတည်ငြိမ်စွာဖော်ဆောင်နိုင်မည့် လူမှုအသိုက်အဝန်း ဖြစ်ပေါ်လာစေရန် ပြုပြင်ပြောင်းလဲမှုများပိုမိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ၂၀၁၉ ခုနှစ်အတွင်း ပြည်တွင်းအရေး၊ နိုင်ငံတကာအရေးတို့၌ စိန်ခေါ်မှုများ၊ အခက်အခဲများစွာနှင့် ကြုံတွေ့ခဲ့ရသော်လည်းနိုင်ငံ၏ ကုန်သွယ်ရေးနှင့်ပတ်သက်သည့် အဓိကအညွှန်းကိန်းများ တည်ငြိမ်စွာတိုးတက်လျက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ်၏ ပထမ (၁၁) လတာကာလအတွင်း စားသုံးကုန်ပစ္စည်းများ လက်လီရောင်းချရမှုသည် အမေရိကန်ဒေါ်လာ ၅.၃ ထရီလီလံသို့ ရောက်ရှိခဲ့ရာပြီးခဲ့သည့်နှစ် ကာလတူထက် ၈ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်၏ တတိယလေးလပတ် အတွင်း စီးပွားရေးတိုးတက်မှု၏ ၆၀ ရာခိုင်နှုန်းကျော်သည် စားသုံးမှုမှဖြစ်ကြောင်း၊ အဆိုပါကဏ္ဍသည် ဆက်လက် ဖွံ့ဖြိုးတိုးတက်မည်ဟုခန့်မှန်းထားကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း ပြည်ပကုန်သွယ်မှု ပမာဏ တရုတ်ယွမ်ငွေ ၂၈.၅ ထရီလီယံရရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်ကာလတူထက် ၂.၄ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအတွင်းထုတ်ပြန်ခဲ့သည့် လမ်းညွှန်ချက်တွင် ၂၀၂၂ ခုနှစ်၌ ညွှန်းကိန်းများ၊ မူဝါဒများ၊ စာရင်းဇယားများ၊လုပ်ဆောင်ချက်များအပါအဝင် အရည် အသွေးမြင့် ကုန်သွယ်မှုအဖြစ် ဖွံ့ဖြိုးတိုးတက်မှု များဖြစ်ပေါ်လာစေရန် ဆန်းစစ်သည့်စနစ် တည်ထောင်ရန် မျှော်မှန်းထားသည်ဟု ဖော်ပြထားကြောင်း၊ အဆိုပါ လမ်းညွှန်ချက်သည် တည်ငြိမ်ပြီး ပိုမိုကောင်းမွန်သည့် ဖွဲ့စည်းပုံဖြင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်မှုရရှိစေမည့် အရည် အသွေးမြင့် ကုန်သွယ်မှုစနစ်ဖွံ့ဖြိုးတိုးတက်လာစေရန်ဖြစ်ကြောင်း၊ ပိုမိုကောင်းမွန်သည့် ကုန်သွယ်မှုပတ်ဝန်းကျင် ဖြစ်ပေါ်လာစေရန်၊ လုပ်ငန်းအသစ်များဖော်ဆောင်ရာတွင် လျင်မြန်မှုရှိ စေရန် လိုအပ်သည့် အစီအမံများချမှတ်ခြင်း၊ ပြုပြင်ပြောင်းလဲမှု၊ ဖွင့်လှစ်ပေးမှုတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလားတူပင် ၂၀၁၉ ခုနှစ်၊ မတ်လအတွင်း ထုတ်ပြန်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အသက်ဝင်လာပြီ ဖြစ်သည့်အတွက် နိုင်ငံအတွင်းသို့ အကြီးစား၊ အသေးစား၊ အလတ်စားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက် လာမည်ဟု မျှော်မှန်းထားကြောင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်း၌ အမေရိကန်ဒေါ်လာ (၁) ဘီလီယံ တန်ဖိုးရှိ အလတ်စားစီမံကိန်း (၁၀၀၀) ကျော် အနေဖြင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများအား ဆွဲဆောင်နိုင်မည်ဟု မျှော်မှန်းထားကြောင်း၊ ၂၀၁၉ ခုနှစ် အတွင်း၌လည်း နိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပုံမှန်စီးဝင်တိုးတက်လျက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ၊ တရုတ်ယွမ်ငွေ ၈၄၅.၉ ဘီလီယံဝင်ရောက်ခဲ့သည့် အတွက် ပြီးခဲ့သည့်နှစ်ကာလတူထက် ၆ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း၊ မသေချာမှုများကြောင့် တရုတ်နိုင်ငံ၏ နည်းပညာ မြင့်မားသည့်လုပ်ငန်းများဆီသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများစီးဝင်ရန် အတားအဆီးများဖြစ်ပေါ်လျက်ရှိကြောင်း၊ သို့ရာတွင် ပြောပလောက်သည့် အနေအထားမဟုတ်ကြောင်း စီးပွားရေးပညာရှင်များက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Source: ၃၀-၁၂-၂၀၁၉ ရက်နေ့ထုတ် China Daily သတင်းစာ

(မြန်မာစီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Category: China(Beijing)