Korea

၂၀၂၀ ပြည့်နှစ်အတွက် ကိုရီးယားသမ္မတနိုင်ငံ၏ စီးပွားရေးတိုးတက်မှု မျှော်မှန်းချက်နှင့် အလားအလာ

Last Updated:

လက်ရှိအနေအထားအရ ကိုရီးယားသမ္မတနိုင်ငံ၏ အဓိကကုန်သွယ်ဖက်များဖြစ်သည့်အပြင် ကမ္ဘာ့ထိပ်တန်းနိုင်ငံများဖြစ်သော အမေရိကန်ပြည်ထောင်စုနှင့်  တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ကုန်သွယ်မှုဆိုင်ရာတင်းမာမှုများလျော့ပါးသွားခြင်း ကြောင့် ယခု ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် ကိုရီးယားသမ္မတနိုင်ငံ၏ ပို့ကုန်သည် ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်လျှင် ကျဆင်းနေသေးသော်လည်း ၂၀၂၀ ပြည့်နှစ် တစ်နှစ်လုံးအတွက်မူ ပို့ကုန် ၃ ဆ တိုးမြှင့်တင်ပို့နိုင်ရန်နှင့် စီးပွားရေးအခြေအနေ ပြန်လည်တိုးတက်လာနိုင်ရန် သက်ဆိုင်ရာမှ ခန့်မှန်းထားကြောင်း သိရှိရပါသည်။

စီးပွားရေးအနည်းငယ်ပြန်လည်ဦးမော့လာမှုအပေါ် လက်ရှိဖြစ်ပွားလျက်ရှိသည့် Nobel Corona Virus  ကူးစက်ပြန့်ပွားမှုအနေအထားက ရိုက်ခတ်မှု ရှိ/မရှိကိုလည်း စောင့်ကြည့်သွားရမည်ဖြစ်ကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့အထိ စာရင်းများအရ Nobel Corona Virus ရောဂါကူးစက် ခံရသူ (၂၃) ဦးအထိ တိုးတက်ပျံ့နှံ့လာကြောင်း၊ အဆိုပါဗိုင်းရပ်စ်သည် တစ်နိုင်ငံလုံးပျံ့နှံ့မည်ကို နိုင်ငံသားများက စိုးရိမ်ပူပန်လျက်ရှိကြကြောင်း၊ ၂၀၁၉ ခုနှစ် ကုန်သွယ်မှု စာရင်းများအရ ကိုရီးယားသမ္မတနိုင်ငံ ပို့ကုန်၏လေးပုံတစ်ပုံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့လျက်ရှိရာ ဗိုင်းရပ်စ်များပျံ့နှံ့ခြင်းကြောင့် ကိုရီးယားသမ္မတနိုင်ငံ၏ စားသောက်ကုန်ဖြန့်ဖြူး တင်ပို့မှုအပေါ် ထိခိုက်မည်ကိုလည်း စိုးရိမ်လျက်ရှိကြ ကြောင်းသိရှိရပါသည်။

ကိုရီးယားသမ္မတနိုင်ငံ၊ သမ္မတမစ္စတာမွန်ဂျေအင်း၏ တောင်ပိုင်းဆိုင်ရာမူဝါဒအသစ်နှင့်အညီ မြန်မာနိုင်ငံအပါအဝင်အရှေ့တောင်အာရှနိုင်ငံများတွင် စီးပွားရေးလုပ်ငန်းများချဲ့ထွင်ရန် အထူးစိတ်ဝင်စားလျက်ရှိကြရာ ကိုရီးယားသမ္မတနိုင်ငံမှ ထိပ်တန်းဘဏ် များဖြစ်သော IBK၊ KB kookmin Bank၊ KEB Hana Bank၊ Woori Bank နှင့် Korea Development Bank(KDB) တို့သည် ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌နိုင်ငံခြားဘဏ်ခွဲဖွင့်လှစ်ခွင့်ရရှိရေးနှင့် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်နိုင်ရေးအတွက် အပြိုင်အဆိုင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြပြီး၊ အရှေ့တောင်အာရှနိုင်ငံများအတွက် စီးပွားရေးမဟာဗျူဟာများကိုလည်း အသီးသီးချမှတ်ရေးဆွဲလျက်ရှိကြောင်းသိရှိရပါသည်။ မြန်မာနိုင်ငံ၌ နိုင်ငံခြားဘဏ်ခွဲ ဖွင့်လှစ်ခွင့်ရရှိသူစာရင်းအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်းတွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ကိုရီးယားသမ္မတနိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး မစ္စယွန်းမြောင်ဟီးသည် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ဆွစ်ဇလန်နိုင်ငံ၊ Davos ၌ ကျင်းပခဲ့သော 2020 World Economic Forum၊  WTO e-commerce Negotiations တွင် ဒစ်ဂျစ်တယ်ကုန်သွယ်မှုဆိုင်ရာ စည်းမျဉ်းများဖော်ဆောင်ရေးအတွက် အရေးပါသည့်ဆွေးနွေးမှုများကို ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကိုရီးယားနိုင်ငံ)

Source: https://en.yna.co.kr/view/AEN20200129001100320?section=economy/industy ,

www.koreatimes.co.kr

Category: Korea