Singapore

၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စင်ကာပူ၏ ကုန်စည်ကုန်သွယ်မှု ၅.၇ ရာခိုင်နှုန်း တိုးတက်ခဲ့၊ နှိုင်းယှဉ်သည့် ယခင်နှစ်အလားတူကာလတွင် ကုန်သွယ်မှုနှေးကွေးခဲ့ခြင်းကြောင့်ဖြစ်

Last Updated:

စင်ကာပူကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက ၁၇ -  ၃ - ၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်ထား သောစာရင်းအရ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စင်ကာပူ၏ ကုန်စည် ကုန်သွယ်မှုသည် နှစ်အလိုက် ကာလတူနှင့်နှိုင်းယှဉ်ပါက ၅.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ ကြောင်း၊ ပို့ကုန်ပိုင်းတွင် ၂.၄ ရာခိုင်နှုန်းနှင့် သွင်းကုန်ပိုင်းတွင် ၉.၄ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ကုန်သွယ်မှု တိုးတက်ခဲ့ခြင်းမှာ နှိုင်းယှဉ်သည့် ယခင်နှစ်ကာလတူတွင် ကုန်သွယ်မှုပမာဏလျှော့ကျခဲ့ခြင်းကြောင့်ဖြစ်ပြီး၊ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဖြစ်ပေါ်ခဲ့သည့် ကုန်သွယ်မှုပမာဏထက် ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပို့ကုန်ပမာဏမှာ စင်ကာပူဒေါ်လာ ၄၀.၈၂ ဘီလီယံ၊ သွင်းကုန်ပမာဏမှာ စင်ကာပူဒေါ်လာ ၃၉.၄၇ ဘီလီယံတို့ဖြင့် စုစုပေါင်း ကုန်စည်ကုန်သွယ်မှုပမာဏ စင်ကာပူဒေါ်လာ ၈၀.၃၀ ဘီလီယံ ရရှိခဲ့ပါသည်။

ဖေဖော်ဝါရီလအတွင်း စက်သုံးဆီမဟုတ်သောပို့ကုန်များဖြစ်သည့် အီလက်ထရွန်နစ်ပစ္စည်း ပို့ကုန်မှာ ၂.၅ ရာခိုင်နှုန်းနှင့် အီလက်ထရွန်နစ်ပစ္စည်း မဟုတ်သော ပို့ကုန်မှာ ၃.၂ ရာခိုင်နှုန်း အသီးသီး တိုးတက်ခဲ့ကြောင်း၊ စက်သုံးဆီမဟုတ်သောပို့ကုန်များကို တရုတ်နှင့် ဟောင်ကောင်တို့မှလွှဲ၍ စင်ကာပူ၏ အဓိကစျေးကွက်များ သို့ တင်ပို့မှုတိုးတက်ခဲ့ပြီး၊ အထူးသဖြင့် အီးယူ (၄၃ %)၊ အမေရိကန် (၂၃.၅%) နှင့် ဂျပန် (၆၁.၇%) စျေးကွက်များသို့ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း ဖော်ပြထားပါသည်။

စက်သုံးဆီတင်ပို့မှုအပိုင်းတွင် ဟောင်ကောင် (- ၆၆.၆ %)၊ အီးယူ (- ၄၉.၈ %) နှင့် ပနားမား (- ၈၅.၈ %) စျေးကွက်များသို့ တင်ပို့မှု ဆက်လက်ကျဆင်းခဲ့သည့် အတွက် ဖေဖော်ဝါရီလအတွင်း စင်ကာပူ၏ စက်သုံးဆီပို့ကုန်မှာ ၂၈.၆ ရာခိုင်နှုန်း လျှော့ကျခဲ့ ကြောင်းနှင့် စက်သုံးဆီမဟုတ်သော ကုန်ပစ္စည်းများကို ပြန်လည် တင်ပို့မှု (Re-exports) မှာ ၁၂.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရှိ ရပါသည်။

 

 (မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ Ministry of Trade & Industry, Department of Statistics, Singapore

Category: Singapore