Belgium

ဧပြီလတွင် အီးယူ၏ ပို့ကုန်တင်ပို့မှု (၃၀) ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ခြင်း

Last Updated:

ဥရောပစာရင်းအင်းဌာန (Eurostat) ၏ ခန့်မှန်းချက်များအရ  ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင်အီးယူ၏ကုန်စည်တင်ပို့မှုမှာ ယူရို (၁၂၅.၄) ဘီလီယံရှိခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ချက်တွင် (၂၈.၂) ရာခိုင်နှုန်းကျဆင်း ခဲ့ကြောင်း၊ အီးယူအနေဖြင့် သွင်းကုန်တင်သွင်းမှုအပိုင်းတွင်လည်းကျဆင်းခဲ့ပြီး၊ တင်သွင်းမှုတန်ဖိုးယူရို (၁၂၅.၁) ဘီလီယံဖြင့် (၂၂.၇) ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ဧပြီလအတွင်း အီးယူ၏ ပြည်ပနိုင်ငံများနှင့် ကုန်စည်ကုန်သွယ်မှုတွင် ပိုငွေယူရို(၀.၂) ဘီလီယံရှိခဲ့ပြီး၊ ၂၀၁၉ ခုနှစ်၊ ဧပြီလ၏ ကုန်စည်ကုန်သွယ်မှုတန်ဖိုးယူရို (၁၂.၅) ဘီလီယံနှင့် နှိုင်းယှဉ်ပါက ကုန်သွယ်မှုပိုငွေ သိသိသာသာကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

အီးယူနိုင်ငံများအတွင်း နယ်စပ်ဖြတ်ကျော် ကူးသန်းသွားလာမှုများကန့်သတ်ထားခြင်းနှင့် စက်ရုံများပိတ်သိမ်းထားခြင်းတို့ကြောင့် ကုန်ထုတ်လုပ်မှုနှင့်ဝယ်လိုအား နှစ်ရပ်စလုံးကျဆင်းခဲ့သဖြင့် အီးယူအတွင်းကုန်သွယ်မှုသည် (၃၂) ရာခိုင်နှုန်းဖြင့် သိသိသာသာကျဆင်းခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် ယူရိုဇုန်အတွင်းကုန်သွယ်မှုသည် ယူရို (၁၁၂.၄) ဘီလီယံရှိခဲ့ပြီး ၂၀၁၉ ခုနှစ် ကထက် (၃၂.၂) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ ဧပြီလအတွင်း အသွားအလာကန့်သတ် ပိတ်သိမ်းမှုအစီအမံများ (Shutdown Measures) ချမှတ်ခဲ့မှုကြောင့် အီးယူ၏ စီးပွားရေးလုပ်ငန်း ဆိုင်ရာကိန်းဂဏန်းများသည် ကျဆင်းသည့်အခြေအနေ (Low Point) တွင် ရှိနေခြင်းဖြစ်သည်ဟု ယုံကြည်ထားကြောင်းနှင့် မေလနောက်ပိုင်းမှစတင်၍ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဆိုင်ရာ ကန့်သတ် ချက်များအား တဖြည်းဖြည်းချင်း ဖြေလျှော့လာသဖြင့် စီးပွားရေးပြန်လည်ကောင်းမွန်လာမည်ဟု မျှော်လင့်ကြောင်း ဂျာမနီနိုင်ငံ၊ စီးပွားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်းလည်း သိရှိရပါသည်။

ယခုနှစ်၏ဒုတိယနှစ်ဝက်ကာလနှင့် ယင်းနောက်ပိုင်းကာလတွင် စီးပွားရေးပြန်လည်နိုးထမှု ဖြစ်စဉ်မှာနှေးကွေးနိုင်ပြီး ကာလကြာမြင့်လိမ့်မည်ဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ တစ်ဖန်ပြန်လည်ရိုက်ခတ်လာနိုင်ချေရှိသည့် အခြေအနေကြောင့် ပြင်ပမှ စီးပွားရေးလှုံ့ဆော်မှုများသည် အချိန်အတိုင်းအတာတစ်ခုအထိ ဆက်လက်နှေးကွေးနေနိုင်ခြင်းနှင့်  ပြည်သူများ၏ နေထိုင်စားသုံးမှု ပုံစံ အပြောင်းအလဲများရှိလာသည့် စီးပွားရေးပုံစံ ဆက်လက်တည် ရှိနေနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်ဟု Politico ၏ ၁၅-၆-၂၀၂၀ နေ့တွင် သတင်းဖော်ပြထားမှုအရ သိရှိရပါသည်။

 

ရင်းမြစ် -   (Politico)

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

Category: Belgium