Belgium

အီးယူ-ဗီယက်နမ် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်များအား ဥရောပပါလီမန်မှ အတည်ပြုခဲ့ခြင်းကို ဥရောပကော်မရှင်ကြိုဆို

Last Updated:

အီးယူ-ဗီယက်နမ် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်များအား ဥရောပပါလီမန် မှ အတည်ပြုရန် ဆုံးဖြတ်ချက်ကို ဥရောပကော်မရှင်က ကြိုဆိုကြောင်း၊ ယခုအခါ အီးယူ-ဗီယက်နမ် ကုန်သွယ်မှုသဘောတူညီချက်သည် ဗီယက်နမ်နိုင်ငံ၏ တရားဝင်အတည်ပြုခြင်းလုပ်ငန်းစဉ်များ ပြီးဆုံးပါက ၂၀၂၀ ခုနှစ်အတွင်း စတင်အသက်ဝင်တော့မည်ဖြစ်ကြောင်း၊ အဆိုပါ ကုန်သွယ်မှုသဘောတူညီချက်သည် အီးယူနှင့်ဗီယက်နမ်နိုင်ငံတို့အကြား ကုန်သွယ်မှုပြုသည့်ကုန်စည်များ အပေါ် အခွန်နှုန်း ထားများအားလုံးကို ဖယ်ရှားသွားမည်ဖြစ်ပြီး၊ စဉ်ဆက်မပြတ်ဖွံဖြိုးတိုးတက်ရေး၊ အလုပ်သမားအခွင့်အရေးများ လေးစားလိုက်နာမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ခြင်းနှင့်ရာသီဥတုဆိုင်ရာပါရီသဘောတူညီချက်များနှင့်စပ်လျဉ်းသည့် ဥပဒေကြောင်းအရခိုင်မာသည့် ကတိကဝတ်များကိုလည်း အာမခံချက်ပေးနိုင်မည်ဖြစ်ကြောင်း ဥရောပကော်မရှင်၏ ၁၂-၂-၂၀၂၀ နေ့တွင် သတင်းထုတ်ပြန်ခဲ့မှုအရ သိရပါသည်။

အီးယူ-ဗီယက်နမ် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်သည် ကြီးမားသော စီးပွားရေးအလားအလာရှိပြီး၊ စားသုံးသူများ၊ အလုပ်သမားများ၊ လယ်သမားများနှင့် စီးပွားရေးလုပ်ငန်းများအတွက် အောင်မြင်မှုတစ်ရပ်ဖြစ်ကြောင်း၊ စီးပွားရေး အကျိုးကျေးဇူးများသာမက ကုန်သွယ်မှုမူဝါဒချမှတ်မှု၏ ကောင်းမွန်ခြင်းကိုလည်းသက်သေပြသမှုဖြစ်ပါကြောင်း၊ အီးယူနှင့် ကုန်သွယ်ရေးဆွေးနွေးမှုများကြောင့် ဗီယက်နမ်နိုင်ငံသည် ယင်း၏အလုပ်သမားအခွင့်အရေးများ တိုးတက်မှုရှိရေး များစွာ ကြိုးပမ်းအားထုတ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ သဘောတူညီချက်များ အသက်ဝင်လာသည့်အချိန်တွင် ဗီယက်နမ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို စောင့်ကြည့်လေ့လာ၍ မြှင့်တင်ပေးနိုင်မည့် အလားအလာကို ပိုမိုတိုးတက်လုပ်ဆောင်သွားနိုင်မည် ဖြစ်ကြောင်း အီးယူ၏ ကုန်သွယ်ရေးကော်မရှင်နာဖြစ်သူ Phil Hogan က ပြောကြားခဲ့ပါသည်။

ယခုသဘောတူညီချက်သည် အီးယူနှင့်ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံတို့အကြား ချုပ်ဆိုသည့် ကျယ်ပြန့်လွှမ်းခြုံမှုအများဆုံး ကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ်ဖြစ်ပြီး၊ ဗီယက်နမ်နိုင်ငံသည် ၎င်း၏ ဖွံ့ဖြိုးတိုးတက်မှုလိုအပ်ချက်များကို ထည့်သွင်းစဉ်းစား လျက် အခွန်နှုန်းထားများကို (၁၀) နှစ် တာကာလအတွင်း တဖြည်းဖြည်းချင်း ဖယ်ရှားပေးသွားမည်ဖြစ်ကြောင်း၊ အီးယူ၏ အရေးပါသော ပို့ကုန်များဖြစ်သည့် ဆေးဝါးများ၊ ဓါတုပစ္စည်းနှင့် စက်ပစ္စည်းများသည် သဘောတူညီချက် အသက်ဝင်ချိန်မှစတင်၍ သွင်းကုန်ခွန်ကင်းလွတ်ခွင့် ခံစားနိုင်မည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုသဘောတူညီချက်တွင် မော်တော်ယာဉ်လုပ်ငန်းကဏ္ဍဆိုင်ရာ အကောက်ခွန် မဟုတ်သော အတားအဆီးများအား ဖြေရှင်းဆောင်ရွက်ရန် သီးခြားပြဌာန်းချက်များလည်းပါဝင်ကြောင်း၊ အီးယူ၏ ဒေသဆိုင်ရာ အညွှန်းထုတ်ကုန်များဖြစ်သည့် Rioja ဝိုင်နှင့် Roquefort ချိစ် ကဲ့သို့သောရိုးရာ စားသောက်ကုန် ပစ္စည်းများ အကာအကွယ်ပေးမှုလည်း ပါဝင်မည်ဖြစ်ကြောင်း သိရပါသည်။

အီးယူ-ဗီယက်နမ်ကုန်သွယ်ရေးသဘောတူညီချက်မှတစ်ဆင့် အီးယူကုမ္ပဏီများသည် နိုင်ငံပိုင်လုပ်ငန်းများနှင့် အစိုးရဝယ်ယူရေးဆိုင်ရာတင်ဒါလုပ်ငန်းများတွင် ဗီယက်နမ်ကုမ္ပဏီများနှင့် တန်းတူအခွင့်အရေးဖြင့် ပါဝင်ဆောင်ရွက်ခွင့်ရရှိမည် ဖြစ်ပါသည်။ အရေးပါသော စီးပွားရေးအခွင့်အလမ်းများအပြင် ယခုသဘောတူညီ ချက်သည် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုတို့အား စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူတကွ ဘက်ညီတိုးတက်စေရေး အလုပ်သမား၊ သဘာဝပတ်ဝန်းကျင်နှင့် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ မြင့်မားသည့်စံချိန်စံညွှန်းများကိုလည်း ချမှတ်ထားကြောင်းသိရပါသည်။

အဆိုပါသဘောတူညီချက်အရ အလုပ်သမားအခွင့်အရေးနှင့် စပ်လျဉ်းသည့် ILO ကွန်ဗင်းရှင်းများအား အတည်ပြုရေး၊ ပါရီသဘောတူညီချက်အကောင်အထည်ဖော်ရေးနှင့် လွတ်လပ်သောအရပ်ဘက်အဖွဲ့အစည်းများပါဝင်ရေး ကတိကဝတ်များကို နှစ်ဘက်စလုံးမှ ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ လူ့အခွင့်အရေးဆိုင်ရာချိုးဖောက်မှုများရှိခဲ့လျှင် သင့်လျော်သည့် ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အတွက် အီးယူ-ဗီယက်နမ် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်နှင့် ယခုကုန်သွယ်ရေး သဘောတူညီချက်အား ချိတ်ဆက်ထားကြောင်းသိရပါသည်။

ဥရောပပါလီမန်မှ အတည်ပြုချက်ရရှိခဲ့ပြီဖြစ်သဖြင့် ကောင်စီအနေဖြင့် ယခုအခါ အီးယူ-ဗီယက်နမ်ကုန်သွယ်မှုသဘောတူညီချက်ကို အဆုံးသတ်နိုင်မည် ဖြစ်ပါသည်။ ဗီယက်နမ်နိုင်ငံဘက်မှ ကုန်သွယ်မှုသဘောတူညီချက်အား အတည်ပြုရေးလုပ်ငန်းစဉ် ပြီးဆုံးပါက သဘောတူညီချက်စတင် အသက်ဝင်နိုင်မည်ဖြစ်ရာ ၂၀၂၀ ပြည့်နှစ်၊ ဥရောပ၏ နွေရာသီအစောပိုင်းကာလတွင် အသက်ဝင် လာနိုင်ဖွယ်ရှိကြောင်းသိရပါသည်။ အီးယူနှင့်ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုအကာအကွယ်ပေးရေး သဘောတူညီချက်မှာ အီးယူအဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းလုပ်ထုံးလုပ်နည်းများနှင့်အညီ အတည်ပြုရေးလုပ်ငန်းစဉ် ဆက်လက်ဆောင်ရွက်ရန် လိုအပ်နေဆဲ ဖြစ်ပါသည်။ ယင်းသဘော တူညီချက်အသက်ဝင်လာပါက အီးယူအဖွဲ့ဝင်နိုင်ငံများနှင့် ဗီယက်နမ်နိုင်ငံတို့အကြား လက်ရှိ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်များနေရာတွင် အစားထိုးဝင်ရောက်လာမည် ဖြစ်ကြောင်းသိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

ရင်းမြစ် -   (https://ec.europa.eu/trade)

Category: Belgium