Belgium

အီးယူအနေဖြင့် no-deal Brexit အတွက် ပြင်ဆင်ထားရမည်ဖြစ်ကြောင်း အိန်ဂျလာမာကယ် ပြောကြားခဲ့ခြင်း

Last Updated:

ဥရောပသမဂ္ဂအနေဖြင့် ဗြိတိန်နှင့် ညှိနှိုင်းဆွေးနွေးမှုများမှ သဘောတူညီချက်ရရှိရေး မသေချာသည့်အခြေအနေအတွက် ပြင်ဆင်ထားရမည်ဖြစ်သည်ဟု ဂျာမနီနိုင်ငံ၏ အဓိပတိဖြစ်သူ အိန်ဂျလာမာကယ်လ်က သတိပေးပြောကြား ခဲ့ကြောင်း၊ အီးယူနှင့် ဗြိတိန်တို့အကြား ညှိနှိုင်းဆွေးနွေးမှုများသည် အကန့်အသတ်ဖြင့်သာတိုးတက်မှုရှိနေကြောင်း၊ ၎င်းအနေဖြင့် ကောင်းမွန်သော ဖြေရှင်းမှုတစ်ရပ်ရရှိရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သော်လည်း အီးယူ အနေဖြင့် သဘောတူညီမှုလုံးဝမရရှိသည့် အခြေအနေ တွက်ကို ပြင်ဆင်ထားသင့်သည်ဟု ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

ဂျာမနီနိုင်ငံသည် အီးယူကောင်စီ၏ အလှည့်ကျဥက္ကဌအဖြစ်ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့က စတင်တာဝန်ထမ်းဆောင်ခဲ့ပြီ ဖြစ်သဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများနှင့် ဗြိတိန်နိုင်ငံတို့အကြား အပြီးသတ် ညှိနှိုင်းဆွေးနွေးမှုများအတွက် အီးယူအဖွဲ့ဝင်များအကြား ညှိနှိုင်းဆောင်ရွက်မှုတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေခြင်းဖြစ်ကြောင်း၊ ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဗြိတိန်ခွဲထွက်မှု ကိစ္စရပ် (Brexit) အတွက် လက်ရှိအကူးအပြောင်းကာလကို ထပ်မံတိုးမြှင့်ရန်ငြင်းဆိုထားမှုကြောင့် အီးယူနှင့်ဗြိတိန်နိုင်ငံတို့အနေဖြင့် နှစ်ဘက်အကြား ကုန်သွယ်မှု၊ လုံခြုံရေးနှင့် နိုင်ငံရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ အနာဂတ်ဆက်ဆံရေးအပေါ် ယခုနှစ် ဒီဇင်ဘာလကုန်မတိုင်မီ အပြီးသတ် သဘောတူညီမှု ရရှိအောင်ဆောင်ရွက်ခြင်း  (သို့မဟုတ်) သဘောတူညီမှုမရသည့်အခြေ အနေ(no-deal scenario) အတွက် ပြင်ဆင်ခြင်းတို့ကို မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရှိရပါသည်။

မည်ကဲ့သို့သော သဘောတူညီမှုမျိုးရရှိသည်ဖြစ်စေ အီးယူအဖွဲ့ဝင်နိုင်ငံအစိုးရများ၊ ဗြိတိန် ပါလီမန်နှင့် ဥရောပပါလီမန်တို့က တရားဝင်အတည်ပြုခြင်းလုပ်ငန်းစဉ်ကို အကူးအပြောင်းကာလ မကုန်ဆုံးမီ ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်သဖြင့် အီးယူနှင့် ဗြိတိန်နိုင်ငံတို့အကြား သဘောတူညီချက် ရရှိရေးကိစ္စရပ်၏ နောက်ဆုံးအခြေအနေကာလမှာ ယခုနှစ် အောက်တိုဘာလနှောင်းပိုင်း ဖြစ်မည်ဟု ယုံကြည်ထားကြောင်း ဂျာမနီနိုင်ငံမှ အရာရှိများက ပြောကြား ခဲ့ကြောင်း၊  လာမည့်ဆောင်းဦးရာသီ တွင်သဘောတူညီမှုရရှိရေးရည်ရွယ်ချက်ဖြင့် ဇူလိုင်လတွင် စေ့စပ်ညှိနှိုင်းမှုများကို အရှိန်မြင့်ဆောင်ရွက်သွားရန်ကိစ္စအပေါ် အီးယူနှင့်ဗြိတိန်နိုင်ငံတို့ အကြား ဇွန်လအတွင်းက ကျင်းပခဲ့သည့် အဆင့်မြင့်အရာရှိအစည်းအဝေး၌  နှစ်ဘက်ခေါင်းဆောင်များက သဘောတူညီခဲ့မှုကိုကြိုဆိုသည်ဟု ဂျာမနီအဓိပတိ အိန်ဂျလာမာကယ်လ်က ပြောကြားခဲ့ကြောင်း Politico ၏ ၁-၇-၂၀၂၀ နေ့စွဲဖြင့် သတင်းဖော်ပြချက်အရ သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

ရင်းမြစ် -  (Politico)  

 

Category: Belgium