India (Delhi)

အိန္ဒိယနိုင်ငံ၏ ၂၀၂၀-၂၁ ဘဏ္ဍာနှစ် ပထမသုံးလပတ် GDP အနှုတ်လက္ခဏာဖြင့် စီးပွားရေးကျုံ့ဝင်ကျဆင်းခဲ့ခြင်း

Last Updated:

အိန္ဒိယနိုင်ငံ စာရင်းအင်းနှင့် စီမံချက်များ အကောင်အထည်ဖော်ရေးဝန်ကြီးဌာနသည် ၂၀၂၀- ၂၁ ဘဏ္ဍာနှစ် ဧပြီလမှ ဇွန်အထိ ပထမသုံးလပတ် အတွက် စီးပွားရေးတိုးတက်မှုခန့်မှန်းချက် အစီရင်ခံစာကို ၃၁.၈.၂၀၂၀ နေ့တွင်ထုတ်ပြန်ခဲ့ရာ ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ၂၀၁၁- ၁၂ ပုံသေ ဈေးနှုန်းများဖြင့် တွက်ချက်သည့် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုတန်ဖိုးမှာ တိုးတက်မှုမရှိပဲ အနှုတ်လက္ခဏာဖြင့် စီးပွားရေးကျုံ့ဝင်ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ အစီရင်ခံစာအရ ၂၀၁၁- ၁၂ ပုံသေဈေးနှုန်းများဖြင့်တွက်ချက်ရာတွင် ၂၀၂၀-၂၁ ဘဏ္ဍာ နှစ် ပထမသုံးလပတ်အတွင်း စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှုတန်ဖိုးမှာ ရူပီးငွေ ၂၆.၉ ထရီလီယံ ခန့်ရှိကြောင်း ခန့်မှန်းရရှိပြီး ယခင်ဘဏ္ဍာနှစ် ပထမသုံးလပတ် GDP မှာရူပီး ၃၅.၃၅ ထရီလီယံရှိရာ စီးပွားရေးကျုံ့ဝင်မှုနှုန်းအနှုတ် ၂၃.၉% ဖြစ်ပေါ်ပြီး တိုးတက်မှုကျဆင်းခဲ့ခြင်းဖြစ်သည်။ GDP တန်ဖိုးအား လက်ရှိကာလဈေးနှုန်းများဖြင့် တွက်ချက်ပါ ကလည်း ၂၀၂၀-၂၁ ဘဏ္ဍာနှစ် ပထမသုံးလပတ်၌ ရူပီးငွေ ၃၈.၀၈ ထရီလီယံသာရှိပြီး ၂၀၁၉-၂၀ ဘဏ္ဍာနှစ် ကာလတူ၌ GDP တန်ဖိုးရူပီးငွေ ၄၉.၁၈ ထရီလီယံအောက်သို့ လျော့ကျလျက် စီးပွားရေးကျုံ့ဝင်မှု အနှုတ် ၂၂.၆% ဖြစ်ပေါ်ကြောင်း တွေ့ရှိရသည်။

အိန္ဒိယစာရင်းအင်းဝန်ကြီးဌာန၏ ဖေါ်ပြချက်အရ စီးပွားရေးတိုးတက်မှုအား တိုင်းတာတွက် ချက်သည့် အဓိကလုပ်ငန်းအုပ်စု ၈ ခုအနက် လယ်ယာ၊ သစ်တောနှင့် သားငါးအုပ်စုမှအပ ကျန် အုပ်စု ၇ ခုတွင် တိုးတက်မှုနှုန်းမှာ အနှုတ်လက္ခဏာဖြစ်ပေါ်ခဲ့ကြောင်း၊  ဆောက်လုပ်ရေးအုပ်စု၊ ကုန်သွယ်ရေး၊ ဟိုတယ်ခရီး၊ ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးအုပ်စုနှင့် ကုန်ထုတ်လုပ်မှုအုပ်စုတို့သည်  စီးပွားရေးကျုံ့ဝင်မှုနှုန်း (-) ၅၀.၃%၊  (-) ၄၇% နှင့် (-) ၃၉.၃% အသီးသီးဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အကျပ်အတည်းကာလအတွင်း စာရင်းကောက်ယူပြုစုရန် ခက်ခဲမှုများ အရ ယခုခန့်မှန်းစာရင်းများအား သတင်းထုတ်ပြန်မှု ပြက္ခဒိန်ကာလအလိုက် ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း အိန္ဒိယအမျိုးသားစာရင်းအင်းရုံး (NSO) က ဖော်ပြထားပါသည်။

၂၀၂၀-၂၁ ဘဏ္ဍာနှစ် ပထမသုံးလပတ် GDP တိုးတက်မှုကျဆင်းလျက် စီးပွားရေးကျုံ့ဝင်ခြင်းသည် နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ်ဖြစ် ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အကျပ်အတည်းအား စီးပွားရေးကျဆင်းစေသည့် အဓိကအကြောင်းအရင်းအဖြစ် ပြောဆိုကြသော်လည်း ၎င်း ရောဂါကူးစက်မှု မဖြစ်ပေါ်မီအချိန်ကပင် အိန္ဒိယ၏ စီးပွားရေးအခြေအနေမှာ အားနည်းနေခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်၊ နှစ်ဆန်းပိုင်းမှစ၍ ဘဏ်လုပ်ငန်း များနှင့် စီးပွားရေးလုပ် ငန်းကြီးများ၌ ငွေဖြစ်လွယ်မှု အကျပ်အတည်းများ၊ ရင်းနှီးမြှုပ်နှံမှုလျော့ပါးခြင်းများ၊ NPAs ခေါ် ငွေဖြစ်လွယ်ရန်ခက်ခဲသည့် ပိုင်ဆိုင်မှုများပြားခြင်းများ ဖြစ်ပေါ်လျက်ရှိပြီး အိမ်ခြံမြေလုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှုတို့ ကျဆင်းနေခဲ့ကြောင်း၊ ထို့နောက် Covid-19 ကပ်ရောဂါ ရိုက်ခတ်မှုက ထိုသို့စီးပွားရေးကျဆင်းစပြုနေသည့် အခြေအနေကို ပိုမိုဆိုးရွားစေခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိကာလ၌ အိန္ဒိယ ပြည်သူများသည် အရေးကြီးလိုအပ်သည့် ကုန်စည်များမှအပ မလိုအပ်သောအသုံးစရိတ်များကို လျော့ချလျက်ရှိရာ ကုန်စည်နှင့် ဝန်ဆောင်မှုများ အပေါ်ဝယ်လိုအားကျဆင်းလျက်ရှိပြီး စီးပွားရေးကျုံ့ဝင်မှုဇုန်မှ ရုန်းထွက်နိုင်ရန်အတွက် အလုပ်အကိုင်များဖန်တီးနိုင်မှုက အဓိကကဏ္ဍမှ ပါဝင်လျက် ရှိကြောင်း စသည်ဖြင့် အိန္ဒိယ သတင်းဌာနများက ဖော်ပြကြပါသည်။

အိန္ဒိယ၏ စီးပွားရေးတိုးတက်မှု အခြေအနေနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံပိုင်ဘဏ် (SBI) က လေ့လာဆန်းစစ်မှု အစီရင်ခံစာတစ်စောင်အား ၃.၉.၂၀၂၀ နေ့တွင်ထုတ်ပြန်ခဲ့ရာ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွင်း ဒုတိယသုံးလပတ်၌ GDP သည် ၁၂% မှ ၁၅% အထိလည်းကောင်း၊ တတိယ သုံးလပတ်တွင် ၅% မှ ၁၀% အထိလည်းကောင်း ဆက်လက်ကျဆင်းဖွယ်ရှိပြီး ၁ နှစ်တာကာလအတွင်း စီးပွားရေးကျုံ့ဝင်မှု ၁၀.၉% ခန့်ရှိနိုင်ကြောင်း ခန့်မှန်းထားပါ သည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         1. GDP at historic low: Looking beyond the coronavirus shock, 1 Sept 2020, India Today

                   2. Press Note on Estimates of Gross Domestic Product for the First Quarter (April-June) of 2020-21, 31 Aug 2020, National Statistical Office of India

                   3. Economy Likely To Contract 10.9% In 2020-21, Says SBI Report, 3 Sept 2020, NDTV

Category: India (Delhi)