India (Delhi)

အိန္ဒိယနိုင်ငံ၌ အရည်အသွေးနိမ့် ဈေးနှုန်းချိုသာသည့် ကုန်စည်များအား တင်သွင်းခြင်းမပြုရန် လုပ်ထုံးလုပ်နည်းများ ပြဌာန်းမည်

Last Updated:

အိန္ဒိယနိုင်ငံမြောက်ပိုင်း Ladakh ဒေသနှင့် တရုတ်နိုင်ငံတို့ နယ်နိမိတ်ထိစပ်နေသော Galwan တောင်ကြားဒေသရှိ ထိန်းချုပ်မှုကြားခံနယ်မြေ (Line of Actual Control) တွင် နှစ်နိုင်ငံ တပ်ဖွဲ့များ ထိပ်တိုက်ရင်ဆိုင်လျက်ရှိရာမှ ၁၅.၆.၂၀၂၀ နေ့၌ ထိတွေ့ခိုက်ရန်ဖြစ်ပွားခဲ့ရာ အိန္ဒိယနိုင်ငံဘက်မှ စစ်သည် ၂၀ ဦး သေဆုံးပြီး တပ်ဖွဲ့ဝင်အများအပြား ဒဏ်ရာရရှိခဲ့မှုကြောင့် ပြည်တွင်း လူမှုကွန်ယက်မီဒီယာများ၌ တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းများအား သုံးစွဲခြင်းမပြုရန် လှုံ့ဆော်မှုများဖြစ်ပေါ်နေချိန်၌ အိန္ဒိယအစိုးရအနေဖြင့် တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများမှ ထုတ်လုပ်သော ဈေးနှုန်းချိုသာပြီး အရည်အသွေးနိမ့်ကျသည့်  ကုန်ပစ္စည်းများ တင်သွင်းမှုမရှိစေရန်အတွက် လုပ်ထုံးလုပ်နည်းများကို မကြာမီထုတ်ပြန်ပြဌာန်းမည်ဖြစ်ကြောင်း အိန္ဒိယ စားသုံးသူရေးရာ၊ အစားအစာနှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာဝန်ကြီး Mr. Ram Vilas Paswan က Economic Times သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ဝန်ကြီး Mr. Paswan က အိန္ဒိယစံချိန်စံညွှန်းများဗျူရို (BIS) ကို အားကောင်းခိုင်မာစွာ တည်ထောင်ထားပြီးဖြစ်ရာ လက်ရှိကာလ၌ ကုန်စည်အမျိုးအမည် ၂၅၀၀၀ ကျော်၏ အိန္ဒိယနိုင်ငံ အမျိုးသားအဆင့် စံချိန်စံညွှန်းများအား ပြုစုထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ စံချိန်စံညွှန်း ဥပဒေအသစ်ကိုလည်း ပြဌာန်းထားပြီး ၎င်းဥပဒေအရ လုပ်ထုံးလုပ်နည်းများနှင့် စည်းကမ်းသတ်မှတ်ချက်များကို ရေးဆွဲပြုစုမှုမှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံထုတ် ကုန်ပစ္စည်းများအား တင်ပို့ရာတွင် ပြည်ပ၌ တင်းကျပ်စွာစစ်ဆေးခံရသော်လည်း ပြည်ပနိုင်ငံများမှ ကုန်စည်များမှာမူ အရည်အသွေးပိုင်းဆိုင်ရာ စစ်ဆေးကြပ်မတ်မှုမရှိပဲ အိန္ဒိယသို့ တင်သွင်းခွင့်ရလျက်ရှိကြောင်း၊ သို့ဖြစ်ရာ လုပ်ထုံးလုပ်နည်းသတ်မှတ်ချက်များ ထုတ်ပြန်ပြီးစီးပါက အရည်အသွေး စံမမှီသည့် ထုတ်ကုန်များအား ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်မှုမရှိအောင် တားဆီးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေ၌ တရုတ်နိုင်ငံနှင့် နယ်စပ်ပြဿနာကိစ္စရပ်သည် ပေါ့ဆစွာကိုင်တွယ်၍မရကြောင်း၊ တစ်ဖက်တွင် သံတမန်နည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်နေချိန်၌ အိန္ဒိယနိုင်ငံသားများအနေဖြင့် တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲမှု မပြုပဲ သပိတ်မှောက်ခြင်းဖြင့် တုန့်ပြန်နိုင်ကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)၏ စည်းမျဉ်းများအောက်တွင် အရည်အသွေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များဖြင့် သွင်းကုန်များအား တားမြစ်ပိတ်ပင်နိုင်မှု ရှိ/မရှိကို ၎င်းအနေဖြင့် ပြောကြားနိုင်ခြင်းမရှိသော်လည်း ပြည်သူလူထု၏ နိုးကြားသိမြင်မှုရှိပါက မည်သူကမျှ ၎င်းတို့၏ထုတ်ကုန်များကို ဝယ်ယူတင်သွင်းရန် တွန်းအားပေး၍ ရမည်မဟုတ်ကြောင်း၊ တရုတ်နိုင်ငံနှင့် ကုန်သွယ်ရာ၌ ပိုမိုကျယ်ပြန့်သည့် မဟာဗျူဟာဖြင့် လုပ်ဆောင်နိုင်ရန်မှာ ဘဏ္ဍာရေးနှင့်ကူးသန်းရောင်းဝယ်ရေး တို့ကဲ့သို့သော ဝန်ကြီးဌာနများ၏ အခန်းကဏ္ဍမှာလည်း အရေးကြီးကြောင်း၊ ၎င်း၏ဌာနအနေဖြင့်မူ တရုတ်နိုင်ငံမှ ထုတ်လုပ်သော စံမမှီသည့် ကုန်စည်များအား ဝယ်ယူတင်သွင်းခြင်းကို လိုလားမှုမရှိကြောင်းစသည်ဖြင့် ပြောဆိုပါသည်။

နှစ်နိုင်ငံနယ်စပ်ပြဿနာဖြစ်ပွားမှုအပေါ် အိန္ဒိယကုန်သည်များကွန်ဖက်ဒရေးရှင်း (CAIT) က ပြည်တွင်းထုတ်ကုန်စည်များဖြင့် အစားထိုးသုံးစွဲနိုင်သည့် တရုတ်နိုင်ငံမှ ထုတ်လုပ်သော ကုန်ပစ္စည်း ၃၀၀၀ ကျော်၏ အမျိုးအမည်စာရင်းအား ၁၇.၆.၂၀၂၀ နေ့တွင် ထုတ်ပြန်ခဲ့ပြီး ၎င်းကုန်ပစ္စည်းများအား ဝယ်ယူသုံးစွဲခြင်းမပြုပဲ သပိတ်မှောက်ရန် တိုက်တွန်းနှိုးဆော်လျက်ရှိသည်။ သို့ရာတွင် အိန္ဒိယပြည်တွင်းရှိ ကုန်ထုတ်လုပ်ငန်းများစွာသည် တရုတ်နိုင်ငံမှတင်သွင်းလာသည့် ကုန်ကြမ်းများအပေါ် မှီခိုနေရဆဲဖြစ်ပါသည်။

ထိုကဲ့သို့ တရုတ်နိုင်ငံထုတ်ကုန်များအား သပိတ်မှောက်ပါက ၎င်းကုန်စည်များအပေါ် အမှီပြုနေရသည့် ပြည်တွင်းရှိ လုပ်ငန်းငယ်များအပေါ် သက်ရောက်နိုင်မှုနှင့်ပတ်သက်၍ Economic Times သတင်းဌာန၏မေးမြန်းချက်အပေါ် Mr. Paswan က ပုဂ္ဂိုလ်တစ်ဦးချင်း၊ အဖွဲ့အစည်း တစ်ခုချင်း၏ အရေးကိစ္စထက် နိုင်ငံ၏အရေးကိစ္စကို ဦးစားပေးရန်လိုအပ်ကြောင်း၊ ပြည်တွင်း လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများ အရည်အသွေးပြည့်မှီမှုနှင့် ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်မှုရှိအောင် ကြိုးစားဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် ဝန်ကြီးချုပ်၏ Atmanirbhar Bharat ခေါ် ကိုယ့်အားကိုယ်ကိုးရပ်တည်နိုင်ရေး ရည်မှန်းချက်နှင့် အိန္ဒိယတွင်ထုတ်လုပ်ရေး (Make in India) တွန်းအားပေး လမ်းညွှန်ချက်တို့နှင့်အညီ မလိုအပ်သော သွင်းကုန်များအား လျော့ချရမည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

Source:         1. Rules soon to block cheap imports from China, others: Ram Vilas Paswan, 18 Jun 2020, Economic Times

                     2. India-China border row: Traders' body CAIT releases list of 500 Chinese items to be boycotted, 17 Jun 2020, Business Today

                     ( မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)